Opinion

နိုင်ငံ့စီးပွားအားကောင်းဖို့ ဘဏ်လုပ်ငန်းတွေ ကြိုးစားစို့

၂၁-၁-၂၀၁၃ ရက်နေ့က ကိုဘအေး ပင်စင်သွားထုတ်တယ်။ ကိုဘအေးရဲ့ ပင်စင်ကို ဆူးလေ ဘုရားလမ်းက မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၃)မှာ ထုတ်ရတယ်ဆိုတာတော့ ပြောထားဘူးပါတယ်။ အဲဒီနေ့ က သမီးကို ကျောင်းပို့ပြီးမှ ဘဏ်ကိုရောက်သွားတာဆိုတော့ ဆယ့်နှစ်နာရီခွဲလောက်တော့ရှိပြီ။ ဘဏ်မှာ လူတော်တော်ရှင်းနေတာကို တွေ့ရတယ်။ ပင်စင်ကောင်တာ (၂)ခုရှိတာမှာ ကောင်တာ တစ်ခုကို နှစ်ဦးသုံးဦးလောက်ပဲရှိနေတာ တွေ့ရတယ်။ ဒီလအတွက် ဒီနေ့မှပင်စင်စထုတ်တာပါ။ လူရှင်းနေလို့ ကိုဘအေး အံ့သြသွားတာ။ အရင်လတုန်းက (ဒီဇင်ဘာလ)တုန်းကပေါ့ စနေ၊ တနင်္ဂနွေခံနေလို့ (၂၃)ရက် တနင်္လာနေ့မှ ပင်စင်ထုတ်ရတယ်။  အဲဒီတုန်းက ဒီလိုပဲ နေ့လယ်ပိုင်းရောက်သွားတာပဲ။ ကိုယ်ကလူရှင်းနေလောက်ပြီ ထင်တာပေါ့။ ကျိတ်ကျိတ်တိုးနေတာ တွေ့ရတယ်။ အဲဒါကြောင့် အခုလူရှင်းနေလို့ အံ့သြသွားတာပါ။ မနက်ပိုင်းမှာပဲ လူတွေ စုပြုံကျသွားပြီလား မပြောတတ်ဘူး။

ကိုဘအေးကလည်း ပင်စင်ထုတ်ရက်မှပဲ ဘဏ်ကိုရောက်ဖြစ်တာ။ အဲဒီရက်ကျမှပဲ ဘဏ်မှာ လူများတာ တွေ့ဖူးတယ်။ အဲဒါတောင် ပင်စင်လာထုတ်ကြတဲ့သူတွေနဲ့ပဲ ပြည့်နေတာ။ ကိုဘအေး သတိထားမိသလောက် ကျန်တဲ့ငွေသွင်း/ငွေထုတ်/ငွေလွှဲကောင်တာတွေ ဆိုရင် လူရှင်းနေတယ်။ ဘယ်အချိန်တွေမှာ လူများတတ်သလဲတော့ မသိဘူး။ ဌာနဆိုင်ရာတွေ လစာထုတ်တဲ့အချိန်တွေဆိုရင် တော့ လူများနိုင်တယ်။ ကျန်တဲ့အချိန်တွေမှာတော့ လူရှင်းနေတတ်တာပဲလား။ ဘဏ်ဝန်ဆောင်မှုတွေ ညံ့လို့ Customer တွေ အလာနည်းသလား။ သူတို့လည်း ပုဂ္ဂလိကဘဏ်တွေနဲ့အပြိုင်တော့ ကြိုးစားနေကြရမှာပါ။ ဘဏ်အဝင်အဝမှာတောင် ဝန်ထမ်း အမျိုးသမီးလေး (၂)ဦးကို မင်္ဂလာပါဆိုပြီး နှုတ်ခွန်းဆက် ခရီးဦးကြိုပြုဖို့ ဂျူတီချထားသေးတယ်။ အမှန်က ဒီလိုနှုတ်ဆက်ဖို့က အဓိကမကျဘူးလို့ ကိုဘအေး မြင်ပါတယ်။ Customer တွေ အဆင်ပြေအောင်၊ စိတ်ကျေနပ်မှုရရှိအောင် ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်ဖို့သာလိုပါတယ်။

အခုလဆန်းပိုင်းလောက်က နေပြည်တော်ကို ငွေလွှဲဖို့ကိစ္စလေးတစ်ခုရှိလို့ မြို့ထဲကိုလည်း ရောက်လက်စနဲ့ ဗိုလ်အောင်ကျော်လမ်း မှာရှိတဲ့ ကမ္ဘောဇဘဏ် (ဗိုလ်တထောင်ဘဏ်ခွဲ) ကိုဝင်လိုက်ပါတယ်။ လူတွေမှ အများကြီးပဲ ငွေလွှဲတဲ့သူတွေ လွှဲငွေလာထုတ်တဲ့ သူတွေ ငွေလွှဲကောင်တာမှာ လူတွေ ပြည့်နေပါတယ်။ ဒီလိုပဲ ငွေသွင်းငွေထုတ်ကောင်တာတွေမှာ ချလံထပ်ထားပြီး စောင့်ဆိုင်း နေကြတဲ့သူတွေ တချို့လည်း ထိုင်ခုံတွေမှာ၊ တချို့လည်း မတ်တပ်ရပ်ရင်းနဲ့ပေါ့၊ တစ်ဖက်မှာလည်း အိပ်ချ်ချိန်း လုပ်ငန်းက လုပ်သေးတယ်။ တစ်ခုရှိတာ ပုဂ္ဂလိကဘဏ်တွေက အစိုးရဘဏ်တွေလောက် နေရာထိုင်ခင်း မကျယ်ဝန်းဘူး။ နဂိုရှိတဲ့နေရာက ရှိတဲ့အဆောက်အဦးကိုပဲ မွမ်းမံပြင်ဆင်ပြီး ဘဏ်ဖွင့်ကြရတာဆိုတော့ Customer တွေများရင် များသလို ကျဉ်းကြပ်မှုဖြစ်တာပေါ့။ နေပြည်တော်လို နေရာမျိုးမှာကျတော့ အသစ်ဆောက် ရတာဆိုတော့ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ ခန့်ခန့်ညားညား ဆောက်လို့ ရတာပေါ့။ နေပြည်တော်ဆိုလို့ ကိုဘအေးတို့ နေပြည်တော်မှာ နေတုန်းက ပျဉ်းမနားက ရိုးမဘဏ်မှာ ရန်ကုန်က ငွေလွှဲလို့သွားထုတ်ဖူးတယ်။ နောက်တစ်နေ့က လွတ်လပ်ရေးနေ့ ပိတ်ရက်လားမသိဘူး။ နောက်ပြီးစနေ၊ တနင်္ဂနွေရယ်ဆိုတော့ ပိတ်ရက် (၃)ရက်ဖြစ်သွားမှာမို့လို့လား မသိဘူး။ ငွေသွင်းငွေထုတ်တဲ့ သူတွေဆိုတာ ကျိတ်ကျိတ်တိုးနေတာပဲ။ ကိုဘအေးတို့ ငယ်ငယ်က ပြည်သူ့ဆိုင်မှာ ပစ္စည်းတိုးကြတာသွားပြီး သတိရမိတယ်။ နောက်ပြီး ရုပ်ရှင်ရုံမှာ ရုပ်ရှင်လက်မှတ်တိုးကြတာမျိုးပေါ့။ အဲဒီလိုပဲ လူတွေမှ မနည်းဘူး။ ကိုဘအေးလည်း ဘဏ်မှာ တိုးနေတာ ဒီတစ်ခါပဲတွေ့ဖူးပါတယ်။ အများစုကတော့ စီးပွားရေး သမားတွေ၊ ကုန်သည်တွေပဲဖြစ်မယ်ထင်တယ်။ ငွေတွေ သိန်းနဲ့ချီပြီး အထုတ်/အသွင်းလုပ်နိုင်တာ သူတို့ပဲ ရှိတယ်လေ။

အဲဒီတုန်းက နေပြည်တော်ဘဏ်ကလည်း မဖွင့်သေးဘူး။ ဆောက်တော့ဆောက်နေပြီ။ ပုဂ္ဂလိကဘဏ်ဆိုလို့ အဲဒီရိုးမဘဏ် တစ်ခုတည်း ရှိသေးတယ်။ ပျဉ်းမနား မြန်မာ့စီးပွားရေးဘဏ်ကတော့ ရှိပါတယ်။ ဒါပေမယ့် ဒီရိုးမဘဏ်က ရှမ်းကန်နားက မြို့နယ်ခန်းမရှေ့မှာရှိပြီး မြင်းရုပ်လမ်းဆုံနဲ့လည်း နီးတော့ သွားရေးလာရေးလွယ်ကူလို့လား မသိပါဘူး။ ကမ္ဘောဇဘဏ်တို့ ဘာတို့က နောက်ပိုင်းမှ လာဖွင့်ကြတာ။ ဒါပေမယ့် ပုဂ္ဂလိကဘဏ်တွေထဲမှာတော့ ကမ္ဘောဇဘဏ်က နှစ်ပေါင်းများစွာ ရှေ့ကသွားနေတာ။ ဘဏ်ခွဲပေါင်းလည်း (၁၃၀)ကျော်လောက်ဖွင့်ပြီးသွားပြီလို့သိရတယ်။ ဒါကြောင့် ကျန်တဲ့ပုဂ္ဂလိကဘဏ်အသစ်တွေ ပြေးချင် သလောက် ပြေးလို့မရဘူးလို့ဆိုတယ်။ တစ်ဖက်လည်း အတိုင်းအတာတစ်ခုအထိတော့ ပြည်သူလူထုပိုင်းက ငွေကြေးအပ်နှံတာတွေ၊ ယုံကြည်မှုပိုင်းတွေကတော့ အရင်ကထက်စာရင် တိုးတက်လာကြောင်း၊ ပြည်တွင်းဘဏ်လုပ်ငန်းနဲ့ပတ်သက်လို့ အတွေ့အကြုံရှိတဲ့ လူတွေအများကြီးရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာဘဏ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံကတော့ အတော်နည်းနေသေးတဲ့အတွက် သက်ဆိုင်ရာကျွမ်းကျင်သူတွေ ခေါ်ပြီးတော့ သင်ယူနေရတယ်လို့ဆိုပါတယ်။ တစ်ဖက်ကလည်း လက်ရှိဘဏ်တွေမှာက လူအားနဲ့လုပ်ရတာတွေ များတဲ့အတွက်ကြောင့် ကုန်ကျစရိတ်ကကြီးမြင့်နေကြောင်း ဒါတွေကိုလျှော့နိုင်ဖို့ စနစ်တွေတည်ဆောက်ဖို့တွေလည်း အများကြီးလုပ်နေကြောင်း အင်တာဗျူးတစ်ခုမှာ မြန်မာ့ရှေ့ဆောင်ဘဏ်ဥက္ကဋ္ဌ ဦးချစ်ခိုင် ပြောကြားတာကို တွေ့ရပါတယ်။ ဘဏ်တွေရဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့  ATM စက်တွေထားတာမှာ အဆင်မပြေတာတွေ တွေ့နေရတယ်လို့သိရကြောင်း၊ ဒါကလည်း တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံပိုင်းနဲ့ ဆက်သွယ်ရေးပိုင်းတွေ မပြည့်စုံသေးတာကို ဘဏ်တွေရင်ဆိုင် နေရကြောင်း၊ ငွေထုတ်သူတွေကတော့  ATM ရဲ့ ချို့ယွင်းချက်လို့ပဲမြင်ကြောင်း၊ အခုချိန်ခါမှာ ဘဏ်တွေရဲ့ အပြိုင်အဆိုင် ဆောင်ရွက်နေကြတဲ့နေရာမှာ ဗဟိုဘဏ်ကလည်း လွတ်လပ်တဲ့ အခန်းကဏ္ဍမှာရှိလာပြီဖြစ်လို့ အနီးကပ်ကြည့်ရှုပြီး ဘဏ်တွေကို ပိုမိုလုပ်ကိုင်ခွင့်ရဖို့ ဆောင်ရွက်ပေးမလဲဆိုတာ ကြည့်နေတဲ့အနေအထားကို တွေ့ရကြောင်း၊ ဒါကလည်း အားရစရာအနေအထား တစ်ခုဖြစ်ကြောင်း သူကပြောသွားပါတယ်။

နိုင်ငံခြားဘဏ်တွေ လာဖွင့်ဖို့ကိစ္စကျတော့ Joint လုပ်ရင် တခြားနိုင်ငံတွေမှာ မအောင်မြင်တာတွေ့ရတော့ သူတို့ကလည်း Joint လုပ်ဖို့ ဆန္ဒမရှိကြောင်း၊ ၁၀ဝရာခိုင်နှုန်း ပေးလိုက်ပြန်ရင်လည်း တိုင်းရင်းသားဘဏ်တွေက ခုမှလမ်းလျှောက်တတ်ခါစ ကလေးတွေလိုဖြစ်နေတော့ ချည့်နဲ့ယိုင်လဲ သွားမှာကို စိုးရိမ်နေကြကြောင်း၊ ဒါပေမယ့် တိုင်းရင်းသားတွေ စီမံကိန်းတွေ လုပ်မယ့်အနေအထားတွေ ချေးငွေတွေကျတော့ နိုင်ငံခြားဘဏ်တွေကပဲ တတ်နိုင်မှာဖြစ်တဲ့အတွက် လက်ခံဖို့လည်း လိုမှာဖြစ်ကြောင်း၊ ၁၀ဝ ရာခိုင်နှုန်းလည်းမဟုတ် JV လည်းမဟုတ်တဲ့ ကြားအဖြေတစ်ခုကို နိုင်ငံခြားဘဏ်တွေနဲ့ ညှိနှိုင်းပြီးတော့ အဖြေရှာဖို့လိုကြောင်း၊ ဒါမှလည်း တိုင်းရင်းသားဘဏ်တွေ အသက်ရှုချောင်နိုင်ဖို့ရှိကြောင်း၊ ဥပမာ သူ့ရဲ့ရှေ့ဆောင်ဘဏ်မှာပဲ နိုင်ငံခြားဘဏ်တစ်ခုက ကောင်တာတစ်ခုလာဖွင့်ပြီးတော့ နိုင်ငံခြားချေးငွေတွေနဲ့ပတ်သက်ပြီး အလုပ်လုပ်ပေးနိုင်ရင် တွဲလုပ်ပေးနိုင်ရင် ထွက်ပေါက်တစ်ခုရနိုင်ကြောင်း လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေတွေကတော့ ညှိနှိုင်းရမှာဖြစ်ကြောင်း ဦးချစ်ခိုင်က သူ့အမြင်ကို ပြောပြပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့လုပ်နေတာကို လေ့လာခွင့်ရမယ်၊ သင်ယူခွင့်ရမယ်။ သူတို့နဲ့လက်တွဲ လုပ်ခွင့်ရမယ့်အတွက်ကြောင့် ဒီကဘဏ်တွေရဲ့ တိုးတက်မှုကလည်း တစ်ပြေးညီတိုးတက်ခွင့်ရမယ်လို့ မြင်ကြောင်းဆိုပါတယ်။

မကြာသေးခင်က ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေနဲ့ ဝန်ကြီးဦးစိုးသိန်းတို့ တွေ့ဆုံပွဲမှာ ပြည်တွင်းမှာ ငွေကြေးလည်ပတ်မှု များများစားစား လည်ပတ်နိုင်မှ စီးပွားရေးဖွံ့ဖြိုးမယ်ဆိုတဲ့ အယူအဆကိုပြောကြောင်း ပုဂ္ဂလိကဘဏ်တွေအနေနဲ့ မိမိတို့ရဲ့ အဆက်အသွယ်နဲ့ နိုင်ငံခြားဘဏ်တွေဆီကနေ ချေးငွေတွေဘာတွေ ရရှိမယ်ဆိုရင် ယူပါ။ ဆောင်ရွက်ပါ။ နိုင်ငံတော်ဗဟိုဘဏ် ကလည်း တတ်နိုင်တဲ့ဘက်က အာမခံသင့်တာကို အာမခံပေးမယ်လို့ ပြောကြောင်းသိရပါတယ်။ မှန်ပါတယ်။ ပြည်တွင်းကပုဂ္ဂလိက ဘဏ်တွေက ဖွံ့ဖြိုးပြီးဘဏ်တွေမဟုတ်တဲ့အတွက် လုပ်ငန်းလုပ်မယ့်သူတွေကို များများစားစား မချေးနိုင်ပါ။ သူတို့ပိုင်ဆိုင်မှုရဲ့ ၅၀ရာခိုင်နှုန်းပဲ ချေးနိုင်တယ်လို့သိရတယ်။ ဒီထက်ကျော်ပြီးလည်း လုပ်နိုင်စွမ်းမရှိဘူးဆိုတော့ ပြည်တွင်းရဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေကိုလည်း မဖော်ဆောင်နိုင်ဘူး။ ဒါကြောင့် ငွေကြေးလည်ပတ်မှုနဲ့ စီးဆင်းမှုတွေ အားကောင်းလာမှ စီးပွားရေးက အားကောင်းလာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အပြန်အလှန်အားဖြင့် စီးပွားရေးအားကောင်းမှ ငွေကြေးလည်ပတ်မှုနဲ့ စီးဆင်းမှု အားကောင်းမှာဖြစ်ပြီး အဲဒီလိုအားကောင်းဖို့က ဘဏ်တွေ ဖွံ့ဖြိုးရမှာဖြစ်တယ်လို့ မြင်ပါတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပေါ့ဗျာ။
မြန်မာနိုင်ငံမှာ ဘဏ်များတိုးတက်ဖွင့်လှစ်လုပ်ကိုင်လာနိုင်ပြီဖြစ်ပေမယ့် ငွေကြေးတောင့်တင်းမှု နည်းပါးတဲ့အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှုတွေ နည်းပါးလျက်ရှိကြောင်း ဇန်နဝါရီ(၁၈)ရက်က မြန်မာနိုင်ငံဘဏ်များအသင်းမှာပြုလုပ်တဲ့ ထွန်းဖောင်ဒေးရှင်းရဲ့ စာပေဆု ချီးမြှင့်ပွဲမှာ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားရင်း ပြောခဲ့တာဖြစ်ပါတယ်။ ဘဏ်တွေရဲ့ ငွေကြေးတောင့်တင်းမှု နည်းပါးနေတဲ့အတွက် အစိုးရပိုင်းက ပံ့ပိုးမှုများ လိုအပ်နေတဲ့အပြင် ပြည်သူများအနေနဲ့ ဘဏ်လုပ်ငန်းပေါ်မှာ ယုံကြည်မှုရှိစွာ ပြုမူခြင်းဖြင့် ကူညီပေးပါက မြန်မာ့ဘဏ်စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ဦးသိန်းထွန်းက ပြောကြားရာမှာ ” လက်ရှိဘဏ်စနစ်အပေါ်ပြည်သူတွေက ယုံကြည်မှုရှိရှိနဲ့ ဆက်ဆံလုပ်ကိုင်ဖို့လိုတယ်၊ ဘဏ်တွေကလည်း နည်းပညာတွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ကိုင်ဖို့လည်း လိုတယ်၊ အစိုးရပိုင်းကလည်း ဘဏ်လုပ်ငန်းတွေပိုမိုဖွံ့ဖြိုးဖို့အတွက် နိုင်ငံခြားဘဏ်တွေနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်တာတွေကို အားပေးဖို့ လိုအပ်ပါတယ်။”လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်တွေ ပိုမိုတိုးတက်လာပေမယ့် ဘဏ်ကငွေထုတ်ချေးတာ၊ Hire Purchase စနစ်ဆောင်ရွက်ပေးတာ၊ ATM စနစ်နဲ့ အလွယ်တကူ ငွေထုတ်ယူရရှိအောင် ဆောင်ရွက်ပေးတာ၊ အပေါင်ပစ္စည်း တစ်စုံတစ်ရာနဲ့ ငွေချေးတာ စတဲ့ လုပ်ငန်းတွေကိုသာ လုပ်ဆောင်နိုင်သေးတဲ့အတွက် ဘဏ်တွေရဲ့ Productive ဖြစ်မှုမှာ အားနည်းလျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံတော်ပိုင် ဘဏ်(၂၀)နဲ့ ပုဂ္ဂလိကဘဏ်တွေက ဖွင့်လှစ်တဲ့ ဘဏ်ခွဲများ ပါ ထည့်သွင်းရေတွက်မယ်ဆိုရင် ဘဏ်ပေါင်း(၄၀ဝ)ကျော်လောက်ရှိနေပြီး မြန်မာနိုင်ငံအတွင်းကို အရှေ့တောင်အာရှနိုင်ငံများအပြင် တရုတ်၊ အိန္ဒယ၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ Western Union လို ဘဏ်ကိုယ်စားလှယ်ရုံးခွဲပေါင်း (၂၅)ခုအထိ ဖွင့်လှစ်ထားပေမယ့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့ ပူးပေါင်းရေးဆွဲနေတဲ့ ငွေရေးကြေးရေးဥပဒေ ပေါ်ထွက်လာ ခြင်းမရှိသေးတဲ့အတွက် နိုင်ငံခြားဘဏ်လုပ်ငန်းတွေကို လုပ်ပိုင်ခွင့်မရသေးတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ဆဲဖြစ်ပြီး ငွေကြေးနဲ့ချေးငွေများ တိုးတက်လာခြင်း၊ ကျပ်ငွေတန်ဖိုးလျော့ကျ လာခြင်း၊ ဓါတ်အားခနှုန်းထားများ မြင့်တက်လာရန်ရှိခြင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေပမာဏ နည်းပါးတဲ့အတွက် ဂယက်ရိုက်မှုတစ်စုံတစ်ရာရှိလာပါက အန္တရာယ်ရှိနိုင်ကြောင်း ထိခိုက်လွယ်သည့်အနေအထားတွင် ရှိနေကြောင်း IMF က ဇန်နဝါရီ(၂၁)ရက်က ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုများအဖြစ် နှုန်းရှင်မျှောငွေလဲနှုန်းကို ကျင့်သုံးခြင်း၊ ငွေကြေး လဲလှယ်မှုနှင့်ပတ်သက်သော ကန့်သတ်ချက်များကို ဖယ်ရှားပေးခြင်း၊ လွတ်လပ်သော ဗဟိုဘဏ်အဖြစ် ဖွဲ့စည်းနိုင်ခဲ့ခြင်းနှင့် ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်များကို တိုးမြှင့် သုံးစွဲလာခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် IMF အနေနဲ့လည်း မြန်မာနိုင်ငံကို ဗဟိုဘဏ် အရန်ငွေများ တည်ဆောက်ခြင်း၊ ဘတ်ဂျက် လိုငွေပြမှုအား အနေတော်ဖြစ်အောင် ထိန်းသိမ်းခြင်း၊ နိုင်ငံခြားငွေကြေးဈေးကွက်အား ဖြေလျှော့ပေးခြင်းနှင့် ငွေကြေးဆိုင်ရာ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများနှင့် အဖွဲ့အစည်းများ တည်ဆောက်ခြင်းတို့ကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

ကိုဘအေးအနေနဲ့ကတော့ အဲဒီလိုအကူအညီတွေရှိနေတဲ့အတွက် ငွေကြေးဆိုင်ရာမူဝါဒတွေ တိုးတက်လာပြီး နိုင်ငံရဲ့ စီးပွားရေးလည်း အားကောင်းလာဖို့ မျှော်လင့်မိပါတယ်။ ဘဏ်လုပ်ငန်းတွေအနေနဲ့လည်း နိုင်ငံပိုင်ဘဏ်တွေရော၊ ပုဂ္ဂလိကဘဏ်တွေပါ တပြေးညီဖွံ့ဖြိုးတိုးတက်လာပြီး ဘဏ် အရေအတွက် တိုးတက်လာတာနဲ့အမျှ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေလည်း ကောင်းသည်ထက်ကောင်းအောင် ကြိုးစားလာကြခြင်းဖြင့် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *