အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း CVT Myanmar သည် ၆ ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၄ ခုတွင် စီးပွားရေး အထောက်အကူပြုသင်တန်းနှင့် ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်းအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို မနက် ၉ နာရီ ၃၀ မိနစ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံး တတိယထပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
CVT သင်တန်းကျောင်း၏ ဒီပလိုမာ Level အဆင့်ထိ သင်တန်းများမှာ စီးပွားရေးပညာ အထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှုအတတ်ပညာသင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှုအတတ်ပညာသင်တန်းများ အားလုံးလျှောက်လွှာများကို နှစ်စဉ် မတ်လ ပထမပတ်တွင် နောက်ဆုံးထား၍ လက်ခံပြီး၊ ဝင်ခွင့်စစ်ဆေးပါသည်။ အတန်းအားလုံး၏ ကျောင်းစတင်ဖွင့်လှစ်ရက်မှာ မေလဆန်းတွင် ဖြစ်ပြီး၊ မြန်မာနှစ်ကူးသင်္ကြန်ပြီးချိန်တွင် လျှောက်ထားသူ သင်တန်းသားများမှ မိမိတို့၏ ဝင်ခွင့်များကို စုံစမ်းသိရှိနိုင်ပါသည်။
ဤဆွေးနွေးပွဲတွင် CVT Myanmar အသက်မွေးမှုသင်တန်းကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ချက် များကို ဒါရိုက်တာ ဒေါ်ယဉ်ယဉ်အေးမှ ပထမဆုံး ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ဆွစ်ဇာလန်မှရောက်ရှိနေသော စီးပွားရေးအထောက်အကူပြုသင်တန်းအတွက် စီးပွားရေးဘာသာရပ်အထူး ကျွမ်းကျင်သော ဆရာမ Ms. Gabriela Volkart မှ ဆွစ်ဇာလန်နိုင်ငံရှိ အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်းများတွင် ကျင့်သုံးနေသော သီအိုရီနှင့် လက်တွေ့ပေါင်းစပ် သင်ကြားလေ့ကျင်ပေးသော အလုပ်သင်ပညာရေးစနစ် (Dual Apprenticeship System) အကြောင်းကို ပြောကြားပါသည်။ (၁၇ နှစ်မှ ၂၂ နှစ်)အတွင်း လူငယ်များသည် သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း CVT တွင် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် (၃) နှစ်အတွင်း ဆွစ်ဇာလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အသိအမှတ်ပြု ဒီပလိုမာလက်မှတ်များကို ရရှိနိုင်ကြောင်း သိရှိရပါသည်။ ဆက်လက်၍ စီးပွားရေး အထောက်အကူ ပြုသင်တန်းအကြောင်းကို ဌာနမှူး ဒေါ်မေသူကျော်မှ လည်းကောင်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်းအကြောင်းကို ဌာနမှူး ဦးရည်ထွန်းမှ လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပြီးနောက် စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။