Opinion

အတတ်လည်းသင် ပဲ့ပြင်ဆုံးမ ဆရာ့ကျေးဇူး

နေပြည်တော်မှာတုန်းက မဒမ်ဘအေးစာသင်ခဲ့တဲ့ကျောင်းက တပည့်ဟောင်းတွေက ဆရာကန်တော့ပွဲလုပ်ချင်တယ်ပြောတယ်။ အဲဒါဆရာမ လာနိုင်ရင် လာခဲ့ပါဦးလို့ လက်ရှိကျောင်းမှာပဲရှိတဲ့ လုပ်ဖော်ကိုင်ဖက်ဆရာမတစ်ဦးက ဖုန်းလှမ်းဆက်တယ်။ တပည့်တစ်ယောက်ကလည်း ဆရာမလာဖြစ်မဖြစ်ကို ဖုန်းနဲ့ထပ်ဆက်ပြီးမေးတယ်။ ဘယ်နေ့လုပ်မှာလည်းဆိုတော့ ဖေဖေါ်ဝါရီ(၁)ရက်၊ စနေနေ့တဲ့ အချိန်တော့မပြောတတ်သေးဘူးလို့ပြောတယ်။ နေပြည်တော်ကနေ ဆရာမဖုန်းလှမ်းဆက်တာက တစ်ပတ်အလိုလောက်ကဆိုတော့ မဒမ်ဘအေးကို သေချာအောင် ထပ်မေးခိုင်းပြီးနေပြည်တော်ကို ကားလက်မှတ်ဝယ်ဖို့ ကိုဘအေး ပြင်ဆင်ရတော့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကန်တော့ပွဲက စနေနေ့လုပ်မှာဆိုတော့ သောကြာနေ့သွားမှရမှာ။ ကျောင်းကနေ ခွင့်တစ်ရက်တော့ ယူရမှာပေါ့။ အဲဒီနေ့က ဇန်နဝါရီ(၃၁)ရက် လခထုတ်ရက်လည်း ဖြစ်နေတယ်။ သမီးကလည်း အဲဒီလက်ရှိကျောင်းမှာ တက်နေတဲ့သူ့သူငယ်ချင်းတွေနဲ့ တွေ့ရအောင် လိုက်ချင်တယ်ဆိုတော့ သမီးလည်းကျောင်းမှာ ခွင့်တစ်ရက်ယူရပြန်တာပေါ့။ သူ့အမေလည်းအဖေါ်ရအောင်ပေါ့။

ဒါနဲ့ကိုဘအေးလည်း သားသမီး(၂)ယောက်အတွက် နေပြည်တော်ကားလက်မှတ်ဝယ်ဖို့ ဗုဒ္ဓဟူးနေ့မှာ အိမ်ကထွက်ခဲ့တယ်။ အဝေးပြေးကားလက်မှတ်တွေက အောင်ဆန်းကွင်းမှာရောင်းတော့ ကိုဘအေးလည်း ပန်းဆိုးတန်းကနေ ဘူတာကြီးကို ဖြတ်သွားမယ်ပေါ့။ အစကတော့ ဘားလမ်းမှတ်တိုင်မှာ ဆင်းမယ်စိတ်ကူးတာ။ ပန်းဆိုးတန်းမီးပွိုင့်တင် ကားကအကြာကြီး ဖြစ်နေတော့ လမ်း(၄၀)မှာပဲ ဆင်းလိုက်ပြီး ပန်းဆိုးတန်းအပေါ်ဘလောက်ဘက်ကို လျှောက်ဝင်လိုက်တယ်။ မီးပွိုင့်ကနေ သိပ်မလျှောက်လိုက်ရဘူး။ JJ Express လက်မှတ်ရောင်းတဲ့ နေရာတွေ့လိုက်ရတော့ အဆင်ပြေသွားတယ်။ အောင်ဆန်းကွင်းထိ သွားစရာမလိုတော့ဘူးပေါ့။ ဒါနဲ့သောကြာနေ့ နေ့လယ် (၁၂)နာရီကားလက်မှတ် ယူခဲ့တယ်။ အဲဒီနေ့ကျတော့ သားအမိတွေကို အောင်မင်္ဂလာအဝေးပြေးကို လိုက်ပို့ပြီးတော့ ကိုဘအေး အခု ယာယီလွတ်လပ်ရေး ရသွားတာပေါ့။

ယောကျာ်းတွေလွတ်လပ်ရေးရသွားပြီဆိုရင် ဘာတွေလုပ်တတ်ကြလည်း သိမှာပေါ့။ အလကား ပြောတာပါ။ ကိုဘအေးက KTV တွေ မာဆတ်တွေ မသွားတတ်ပါဘူး။ ပြည်တွင်းဖြစ်ဝီစကီလေး တစ်ပြားဝယ် အိမ်မှာပဲ ယမကာလေးမှီဝဲရင်း စာရေးဖို့ စဉ်းစားခန်းဖွင့် နေမိတာပါ။

နေပြည်တော်မှာ မဒမ်ဘအေး စာသင်ခဲ့တဲ့ကျောင်းက နေပြည်တော်မဖြစ်ခင်က ကြက်ပြေးရွာ မူလတန်းကျောင်းကလေး၊ ကျောင်းပတ်ဝန်းကျင်မှာလည်း ကြံခင်းတွေနဲ့လို့ပြောတယ်။ ကလေးတွေက မုန့်စားလွှတ်ချိန်ဆိုရင် ကြံတောထဲမှာပဲ လျှောက်ဆော့ကြရတာတဲ့။ နေပြည်တော်ရယ်လို့ ဖြစ်လာတော့။ ကြက်ပြေးရွာကနေ သပြေကုန်းမြို့မရပ်ကွက်ဖြစ်လာပြီး မူလတန်းကျောင်းလေးကလည်း အ.လ.က(၃) နေပြည်တော်လို့ဖြစ်လာကာ နှစ်ထပ်ကျောင်းဆောင်တွေဘာတွေနဲ့ သားသားနားနား ဖြစ်သွားတာပေါ့။ သပြေကုန်းအဝိုင်းနဲ့နီးပြီး ပျဉ်းမနား-တောင်ညိုလမ်းမကြီးဘေးမှာဆိုတော့ သွားရေးလာရေးလည်း အဆင်ပြေတယ်။ ကိုဘအေးတို့ ကံ့ကော်အိမ်ရာနဲ့လည်း သိပ်မဝေးဘူး။ အခုဆိုရင် အထက်တန်းကျောင်းခွဲတောင် ဖြစ်နေပြီလို့ပြောတယ်။

အခုဆရာကန်တော့ပွဲလုပ်ကြမယ့်ကလေးတွေက တကယ်တော့ ကျောင်းမပြီးကြသေးဘူး။ တက္ကသိုလ်၊ ကောလိပ်တွေတက် နေကြတုန်းပဲ။ တခြားအာစရိယပူဇော်ပွဲတွေ လုပ်နေကြတဲ့သူတွေက ကျောင်းတွေပြီးလို့ အလုပ်ထဲဝင်ပြီး တစ်ချို့လည်း အစိုးရဝန်ထမ်းတွေ၊ အရာရှိအရာခံတွေ၊ တချို့လည်း ကုမ္ပဏီဝန်ထမ်းတွေ၊ မန်နေဂျာတွေ၊ ကုမ္ပဏီပိုင်ရှင်၊ လုပ်ငန်းရှင်တွေ ပြောရရင်တော့ လူလတ်ပိုင်းတွေပေါ့။ လူကြီးပိုင်းရောက်တဲ့သူလည်း ရောက်ပြီပေါ့။ မဒမ်ဘအေးတို့ကို ကန်တော့မယ့်လူတွေက လူငယ်တွေရှိသေးတယ်လို့ပြောရမယ်။ သူတို့ခင်ဗျာ ဒါ ပထမဆုံးအကြိမ်ပဲ။ အတွေ့အကြုံမရှိကြသေးဘူး။ ဆရာ၊ ဆရာမတွေကို ကန်တော့ချင်ကြလွန်းလို့သာ ထမပြီးလုပ်ကြတာ။ မလုပ်တတ်လုပ်တတ်နဲ့ပေါ့။ ဟိုဆရာကန်တော့ပွဲကြီးတွေလို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီးလည်းမဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် ပကာသနမပါဘူးပေါ့။ ဒါပေမယ့် အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွား ပါတယ်။ အထက်တန်းကျောင်းအုပ်အဖြစ် ရာထူးတိုးပြီးပြောင်းသွားတဲ့ အရင်ကျောင်းအုပ်ဆရာကြီးလည်း တက်ရောက်ပြီးသြဝါဒ စကားပြောပါတယ်။ ရန်ကုန်ကလာတဲ့ဆရာမကြီးလည်း သြဝါဒစကားပြောပါဦးဆိုလို့ မဒမ်ဘအေးလည်း တပည့်တွေကို ဆုံးမစကားပြောပေး ရပါသေးတယ်။

ဆရာကန်တော့ပွဲက ပထမတော့ မနက်ပိုင်းလုပ်မယ်ဆိုလို့ မဒမ်ဘအေးက ရန်ကုန်အပြန်လက်မှတ်ကို (၁၂)နာရီကားတောင် ဝယ်ထားပြီးပြီ။ ဒါပေမယ့် မနက်ပိုင်းကို ကျောင်းမှာ စုံညီပွဲတော်အတွက် အစည်းအဝေးရှိလို့ ဆရာကန်တော့ပွဲက (၂)နာရီမှ လုပ်ဖြစ်တယ်။ ဆရာမကိုလည်းသူတို့က စောစောမပြန်စေချင်သေးဘူး။ နေစေချင်သေးတယ်။ အဲဒါနဲ့ မဒမ်ဘအေးတို့လည်း ကားလက်မှတ် ပြန်လဲရတာပေါ့။ ပထမပိုင်းတော့ ကားဂိတ်က စာရင်းသွင်းပြီးပြီ၊ ဘာညာဆိုပြီး ပြန်လဲမပေးဘူး။ ဒါပေမယ့် ကလေးတွေက မရရအောင် လိုက်လဲပေးပါတယ်။ ပြီးတော့ တပည့်လေး တစ်ယောက်ကလည်း အဲဒီမှာ အလုပ်လုပ်နေတယ်။ သူကတော့ မရှိဘူး။ နယ်ကိုပါ သွားတယ်လို့ပြောတယ်။ ဒါပေမယ့် ကားလက်မှတ်က လဲလို့ရသွားပါတယ်။ ရန်ကုန်ကို ညနေ (၅)နာရီကားရတယ်။ သားအမိတွေ အပြန်ကို သွားကြိုတဲ့ ကိုဘအေးတစ်ယောက် အဲဒီနေ့က အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှာ ည(၁၂)နာရီထိုးတဲ့အထိ ငုတ်တုတ်ပေါ့။ အောင်မင်္ဂလာသွားဖို့က ဘတ်စ်ကားခက်မှာစိုးလို့ အိမ်ကနေ ညနေ(၅)နာရီကျော်ကျော် လောက်မှာထွက်ခဲ့တာ။ (၆)နာရီခွဲလောက် အဝေးပြေးကွင်းကို ရောက်တယ်။ နေပြည်တော်က(၅)နာရီကားဆိုတော့ ဒီကို(၁၀)နာရီ လောက်တော့ ရောက်မယ်ထင် ထားတာ။ ကားဂိတ်မှာ မေးကြည့်တော့ (၁၁)နာရီခွဲတဲ့ ကိုဘအေး စောင့်ပေဦးတော့ပေါ့။ ကားတကယ်ဝင်လာတာက (၁၂)နာရီထိုးပြီးမှ သူက ရှစ်မိုင်တွေ၊ မရမ်းကုန်းတွေဘက် ခရီးသည်တွေ လှည့်ချသေးတယ်တဲ့။ သာကေတကို တက္ကစီခ ၆၀ဝ၀ နဲ့ပြန်လာကြ ရတာပေါ့။ ကိုဘအေးတို့က ၇၀ဝ၀၊ ၈၀ဝ၀လောက်တောင်းမယ်တောင် ထင်နေတာ။ မိုးချုပ်နေပြီဆိုတော့ သူတို့ တစ်သောင်းတောင်းရင်လည်း ပေးစီးရမှာပဲလေ။ ကားတွေကတော့ တစ်ညလုံးရှိပါတယ်။ ခုတော့ တော်သေးတာပေါ့။ အဲဒီလို ညသန်းခေါင်လောက်လည်း တစ်ခါမျှ မပြန်ဖူးဘူး။ အိမ်ရောက်တော့ တစ်နာရီ ထိုးခါနီးပြီ။ သားအမိတွေကတော့ ခရီးပန်းပြီး တချိုးတည်း အိပ်ကြတာ။ သွားကြိုတဲ့ ကိုဘအေးကတော့ ပင်ပန်းပြီးတော့ တော်တော်နဲ့ အိပ်မပျော်ဘူး။ ခါတိုင်းက အိမ်မှာည ၁၀ နာရီလောက်ဆို အိပ်ရာဝင်ကြတာ။ အလွန်ဆုံး၁၀နာရီခွဲပဲ ခုကတော့အိပ်ချိန်လွန် သွားတယ်ပြောရမှာ။ အိပ်မပျော်တော့လည်း ထုံးစံအတိုင်း ဟိုတွေး၊ ဒီတွေးပေါ့။

တခြားတော့မဟုတ်ပါဘူး။ ကိုဘအေးတို့ရဲ့ ဆရာကန်တော့ပွဲ အလေ့အထလေးကိုပါ။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ ဒီလိုဆရာကန်တော့တဲ့အလေ့အထ ဒီလိုယဉ်ကျေးမှုမျိုး ရှိမယ်လို့မထင်ဘူး။ ကိုဘအေးတို့ဆီမှာတော့ ဘာသာတရားအရ အာစရိယဆရာသခင်တွေကို အနန္တော-အနန္တဂိုဏ်းဝင်တွေလို့ သတ်မှတ်ထားတာမဟုတ်လား။ ကိုယ့်ရဲ့ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးကိုသိတတ်ပြီး တတ်နိုင်သမျှ ကျေးဇူးဆပ်ကန်တော့ကြတာဟာ။ ဂါရဝေါစ၊ နိဝါတောစ ဆိုတဲ့ မင်္ဂလာတရားနဲ့အညီလည်း ဖြစ်ပါတယ်။ ဆရာတို့ဟာ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” ဆိုတဲ့ ဆရာ့ကျင့်ဝတ်ငါးပါးနဲ့အညီ တပည့်တွေကိုကျောသား၊ ရင်သား မခွဲခြားဘဲ လိမ္မာယဉ်ကျေးမှုတွေရှိအောင် ပညာထူးချွန်သူ တွေဖြစ်အောင် လူကောင်း၊ လူတော်တွေဖြစ်အောင်၊ လောကအလယ်မှာ ဝင့်ဝင့်ထည်ထည် နေထိုင်ကြအောင် တပည့်တွေရဲ့ အကျိုးစီးပွားကို ဝါသနာ၊ စေတနာ၊ အနစ်နာဆိုတဲ့ နာသုံးနာ ကိုအခြေခံပြီး ဆောင်ရွက်ပေးတတ်ကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ (တချို့ကတော့ သာသုံးသာဆိုပြီး ပြောကြပေမယ့် ဒါကတော့ တစ်ထောင်မှာတစ်ယောက် တစ်သောင်းမှာ တစ်ယောက် အနည်းစုပါ၊ မရှိဘူးလို့တော့မပြောပါဘူး)

ဒါကြောင့်လည်း “သိဿနံ – တပည့်တို့၏၊ ဟိတံ – အကျိုးစီးပွားကို၊ အာစရတိ – ပြုကျင့် တတ်ပါပေ၏။ ဣတိတသ္မာ – ထို့ကြောင့်၊ အာစရိယော – ဆရာမည်၏”လို့ ဆရာရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လောကနီတိကျမ်းမှာ “သစ်ရိပ်ဝါးရိပ်သည် အေးမြသည်၊ ထို့ထက် ဆွေရိပ်မျိုးရိပ်သည် ပို၍ အေးမြသည်” လို့ ဆိုထားပြီး စာဏကျနီတိမှာ “ဆရာမြတ်တို့၏ အရိပ်မှာကား အအေးမြဆုံးဖြစ်သည်။”လို့ မိန့်ဆိုထားတာ တွေ့ရပါတယ်။ ဒါကို ရည်ညွှန်းပြီးတော့ ဆွေမျိုးမိဘ အရိပ်ရသော် အေးမြသည်ပင် ထို့ထက်လျှင်လည်း ပဲ့ပြင်ဆရာ အရိပ်မှာကား ချမ်းသာပွား၏ လို့ ဖွဲ့ဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာတို့ဟာ ပန်းမြိုင်လယ်က ဥယျာဉ်မှူးတွေဖြစ်ပါတယ်။ ဥယျာဉ်မှူးဟာ မိမိဥယျာဉ်အတွင်းက ပန်းကလေးတွေ အဖူးအပွင့်တွေနဲ့ ဝေဆာနေတဲ့အခါ ဝမ်းသာပီတိဖြစ်ကြရသလို မြတ်ဆရာတို့ဟာလည်း တပည့်တွေ ထူးချွန်ပေါက်မြောက် ကြတဲ့အခါ ပီတိဖြစ်ကာ ကြည်နူးကြရစမြဲဖြစ်ပါတယ်။ ဆရာတို့ကို ဘဝပန်းပု ဆရာအဖြစ်လည်း တင်စားကြပြန်ပါတယ်။ ပန်းပုဆရာ မိမိဖြစ်လိုတဲ့ ရုပ်တုကို ထုဆစ်ပုံဖော်ကြရသလို ဆရာသမားတို့ဟာလည်း “သို့ငင်၊ သို့ချ၊ သို့ရေး” ဆိုပြီး ကံ့ကူလက်လှည့် ကလေးဘဝကစပြီး လိုအပ်သလို ပုံဖော်လာကြတယ်။ အရိုင်းကို အယဉ်ဖြစ်အောင် ဖန်တီးကြတယ်။ ဆရာတို့ဖန်တီးပြုလုပ်လိုက်တဲ့ လူငယ်တွေဟာ နောင်အခါမှာ နိုင်ငံက အားထားရတဲ့ လူသားအကျိုးပြု လူငယ်တွေ မလွဲမသွေဖြစ်လာ ကြတာအမှန်ပါ။ ဆရာတို့ဟာ ဓါးသွေးကျောက်နဲ့လည်းတူပါတယ်။ ဓါးသွေးကျောက်မှာ လာသွေးကြတဲ့ဓါးတွေ ထက်မြက်သွားကြသလိုပဲ တပည့်ကျောင်းသားတွေကို ထက်မြက်တဲ့ လူတော်လေးတွေဖြစ်အောင်လည်း စွမ်းဆောင်ပေးကြတဲ့သူတွေ ဖြစ်ပါတယ်။

ဆရာတို့ဟာ ဆရာ့ကျင့်ဝတ်ငါးပါးနဲ့အညီ တပည့်တွေကို လမ်းညွှန်ပြသဆုံးမ ကြသလို တပည့်တွေကလည်း “ညီညာထြွက၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်” ဆိုတဲ့အတိုင်း ဆရာများသွန်သင်ဆုံးမ တာကိုနာခံရင်း ပညာရှာကြရပါတယ်။ အနန္တဂိုဏ်းဝင် မြတ်ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးဟာ သမုဒ္ဒရာထက်နက်ရှိုင်းပြီး မြင့်မိုရ်တောင်ထက်ပင် သာလွန်တဲ့အတွက် ဒီလိုကြီးမား လှတဲ့ မြတ်ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးကို အမိအဖတွေလို အနီးကပ်မပြတ်အမြဲဆပ်နိုင်ခဲ သော်လည်း အခါအားလျော်စွာ ထိုကဲ့သို့ ဆရာကန်တော့ပွဲမျိုးဖြင့်သော်လည်းကောင်း၊ ကြုံကြိုက်လာသည့်အခါတွင် သော်လည်းကောင်း၊ တတ်နိုင်သမျှ ပေးဆပ်နိုင်အောင် ကြိုးစားသွားကြရမှာဖြစ်တယ်လို့ တွေးတောစဉ်းစားရင်း ကိုဘအေးတစ်ယောက် ဘယ်အချိန်မှာ အိပ်ပျော်သွားသလဲ မသိတော့ပါ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *