News

ရာသီပိတ် WTA Tour Championships တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် (၁) ဆရီနာဝီလျံ ဗိုလ်စွဲ

၂၀၁၃ အမျိုးသမီး တင်းနစ်ပြိုင်ပွဲ၏ ရာသီပိတ် WTA Tour Championships တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို အောက်တိုဘာ ၂၇ ရက်က ကျင်းပခဲ့ရာ ကမ္ဘာ့ အဆင့် ၁ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံက တရုတ်တင်းနစ်မယ် လီနာကို အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆရီနာဝီလျံက လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်၀င်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် လီနာမှာ ပထမပွဲငယ်တွင် ၆-၂ ဖြင့် အနိုင်ရခဲ့သော်လည်း ၃-၆၊ ၀-၆ ဖြင့် နှစ်ပွဲဆက် ပြန်လည် ရှုံးနိမ့်ခဲ့သဖြင့် ချန်ပီယံ ဆုဖလားနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

ဤဆုဖလားမှာ ဆရီနာဝီလျံအတွက် ယခုနှစ်အတွင်း(၁၁) ကြိမ်မြောက်ရရှိခဲ့သော ဆုဖလားဖြစ်ပြီး ကစားသမားဘ၀ တစ်လျောက် ရရှိခဲ့သည့် ဆုဖလားအရေအတွက်မှာ ၇၈ လုံး အထိရှိသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဆရီနာဝီလျံမှာ ယင်းပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်အတွင်း ၀င်ငွေ ဒေါ်လာ ၁၂ သန်းကျော်ရရှိခဲ့ရာ အမျိုးသမီးတင်းနစ်သမိုင်း၌ ၀င်ငွေအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သလို တင်းနစ်သမိုင်းတစ်လျောက် (အမျိုးသား+အမျိုးသမီး) တစ်နှစ်အတွင်း ၀င်ငွေအများဆုံး ရရှိသည့် တတိယမြောက် ကစားသမား ဖြစ်လာခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဆရီနာဝီလျံမှာ ၁၉၉၇ ခုနှစ်(မာတီနာဟင်းဂစ်) နောက်ပိုင်း တစ်နှစ်အတွင်း ဆုဖလား ၁၁ လုံး ပထမဆုံးရယူနိုင်သူအဖြစ် မှတ်တမ်း၀င်သွားခဲ့ကြောင်းလည်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *