News

Tour of Spain စက်ဘီးစီးပြိုင်ပွဲ ဗိုလ်စွဲသူ အမေရိကန် စက်ဘီးသမား ခရစ္စဟော်နာ မေဂျာ စက်ဘီးပြိုင်ပွဲများတွင် အသက်အကြီးဆုံး ချန်ပီယံဖြစ်လာ

စပိန်နိုင်ငံတွင် ၂၃ရက်ကြာ ကျင်းပခဲ့သည့် Tour of Spain (Vuelta a Espana) စက်ဘီးစီးပြိုင်ပွဲတွင် Radio Shack-Leopard အသင်းမှ အမေရိကန် စက်ဘီးသမား ခရစ္စဟော်နာက ပထမဆုံးအကြိမ် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို သြဂုတ် ၂၄ရက်မှ စက်တင်ဘာ ၁၅ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၂၁ဆင့်ဖြင့် ယှဉ်ပြိုင်ခဲ့ရသည်။

ပွဲစဉ်အားလုံး ယှဉ်ပြိုင်ပြီးချိန်တွင် ခရစ္စဟော်နာက စုစုပေါင်း စံချိန် ၈၄နာရီ၊ ၃၆မိနစ်၊ ၄ စက္ကန့်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ခရစ္စဟော်နာသည် ပြိုင်ပွဲတစ်လျှောက် အဆင့် ၃၊ ၁၀၊ ၁၉၊ ၂၀၊ ၂၁ ပွဲစဉ်များတွင်သာ အနီရောင်ဂျာစီ (ထိပ်ဆုံးမှ ဦးဆောင်သူသာ ၀တ်ဆင်ခွင့်ရသည့် အကျၤီ) ၀တ်ဆင်ခွင့် ရရှိခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးချိန်အထိ စံချိန်ကောင်းကို ထိန်းသိမ်းနိုင်ခဲ့သဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

Astana အသင်းမှ အီတလီစက်ဘီးသမား နီဘာလီမှာမူ အနီရောင်ဂျာစီကို ၁၃ပွဲအထိ ၀တ်ဆင်ခွင့်ရခဲ့သော်လည်း ခရစ္စဟော်နာ၏ နောက် ၃၇စက္ကန့်အကွာဖြင့် ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူ ခရစ္စဟော်နာမှာ အသက် ၄၁နှစ်အရွယ်ရှိပြီဖြစ်ပြီး ၄င်းအနေဖြင့် မေဂျာ စက်ဘီးစီးပြိုင်ပွဲ (Tour de frane, Giro d Italia, Vuelta a Espana) သမိုင်း၌ အသက်အကြီးဆုံး ချန်ပီယံအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။

“ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ ဘယ်လောက် ခက်ခဲမယ်ဆိုတာကို ကျွန်တော်သိထားပါတယ်။ ပြိုင်ပွဲအတွင်းမှာလည်း နီဘာလီ၊ ဗယ်လ်ဗာဒီ၊ ယော်ကွင်းရို ဒရီဂွက်ဇ်တို့လို ငယ်ရွယ်ထူးချွန်တဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ကျွန်တော့အတွက်တော့ ဒီအချိန်က မမေ့နိုင်စရာ အခိုက်အတန့်ပါပဲ။ ဒီပြိုင်ပွဲမှာ မြောက်အမေရိကဒေသက ပထမဆုံး အနိုင်ရဗိုလ်စွဲသူ ဖြစ်ခဲ့တာကြောင့် အသင်းဖော်တွေ အတွက်လည်း ဂုဏ်ယူ၀မ်းမြောက်မိပါတယ်”ဟု ခရစ္စဟော်နာက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *