Opinion

ကံ ကံချင်းတော့ မယှဉ်နိုင်ပါ

ကံ ကံချင်းတော့ မယှဉ်နိုင်ပါ

ဧပြီလအတွက် ပင်စင်လစာ သွားထုတ်တဲ့နေ့က မောင်မောင်ကြယ်နဲ့တွေ့တယ်။ သူငယ်ချင်းမို့လို့သာ မောင်မောင်ကြယ်လို့ ခေါ်နေတာ။ သူလည်း ပင်စင်စားဖြစ်နေပြီမို့ ဦးမောင်မောင်ကြယ် ဖြစ်နေပြီပေါ့။ သူနဲ့ကိုယ်နဲ့က ပင်စင်ထုတ်တဲ့ ဘဏ်ချင်းတော့မတူဘူး။ ကိုယ်ကဘဏ်(၃)မှာထုတ်ပြီး သူကဘဏ်(၄)မှာထုတ်တာ။ ပင်စင်ထုတ်ပြီး ပြန်ထွက်အလာ ခြောက်ထပ်ရုံးအနောက်ဘက်မှာ နှစ်ယောက်သွားဆုံကြတာဖြစ်ပါတယ်။ ကိုယ်က သမီးပါလာသေးတယ်။ လာမဲ့စာသင်နှစ်မှာ ကိုးတန်းတက်မဲ့သမီးက သိမ်ကြီးဈေးမှာ ဗလာစာအုပ်နဲ့ စာရေးကရိယာတွေ ဝယ်မယ်ဆိုပြီး ကိုယ်ပင်စင်ထုတ်တဲ့နောက်ကို လိုက်လာတာ။ ပထမတော့ ကိုယ်တို့တတွေ လမ်းဘေးမှာဘဲရပ်ပြီး စကားပြောကြသေးတယ်။ နောက်တော့ မောင်မောင်ကြယ်က လက်ဘက်ရည်ဆိုင် တစ်ဆိုင်ဆိုင် သွားရအောင်ဆိုလို့ ဗိုလ်ဆွန်ပက်လမ်းထဲမှာ လက်ဖက်ရည်ဆိုင် လိုက်ရှာပြီး မောင်ကျော်ကဖီးကို ဝင်လိုက်ကြတယ်။ သမီးက ထမင်းစားချင်တယ်ဆိုလို့ ထမင်းနဲ့ဘဲဥဟင်းတစ်ပွဲ မှာလိုက်ပြီး ကိုယ်တို့နှစ်ယောက်က ရှယ်ပုံမှန်နှစ်ခွက် မှာလိုက်တယ်။ အော် ကိုယ်က နံပြားတစ်ချပ် မှာလိုက်သေးတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်က ကိုယ်တွေနဲ့ တစ်ဌာနတည်းလုပ်ခဲ့ပြီးတော့ စာပေစိစစ်ကိုပြောင်းသွားပြီး အဲဒီကနေ ပင်စင်ယူခဲ့တဲ့ ကိုသိန်းမြင့်နဲ့ တွေ့လို့ပြောသေးတယ်။ ကိုမောင်မောင်ကြယ်လည်း ဒု-ညွှန်မှူးရာထူးနဲ့ ပင်စင်သွားပြီပြောတယ်။ ကျွန်တော်နဲ့တွေ့လို့ လက်ဖက်ရည်တောင် တိုက်သွားသေးတယ်ဆိုလို့ ကိုယ်လဲ မောင်မောင်ကြယ်နဲ့ တွေ့ချင်နေခဲ့တာပါ။ ကိုသိန်းမြင့်က သူ့မိန်းမရဲ့ပင်စင်ကို ဘဏ်(၃)မှာ လာထုတ်တာ။ စာပေစိစစ်ရေးက ပြည်ထဲရေးကနေ ပြန်ကြားရေးအောက် ရောက်သွားတာဆိုတော့ သူက သိမ်ဖြူလမ်းက ပုံနှိပ် ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ငွေစာရင်းဌာနမှာ ပင်စင်ထုတ်ရတယ်။ မောင်မောင်ကြယ် ပင်စင် သွားပြီဆိုတာ။ ကိုသိန်းမြင့်ပြောပြလို့ သိခဲ့ရတာပါ။

စာရှုသူအနေနဲ့ အသက်၆၀ပြည့်လို့ ပင်စင်ယူရတာပဲ။ ဘာထူးဆန်းလို့လဲလို့ ပြောချင်ပါလိမ့်မယ်။ ဆက်လက်ရှုစားပါဦးခင်ဗျား။ မောင်မောင်ကြယ်နဲ့ ကိုယ်နဲ့က နိုင်ငံတော်ကောင်စီရုံးမှာ ၁၀ နှစ်လောက် အတူတူလုပ်ခဲ့ကြတာပါ။ ကိုယ်ကသန်းခေါင်စာရင်းဌာန စက်စာရင်းပြုဌာနခွဲကနေ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရောက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ နိုင်ငံတော်ကောင်စီရုံးကို ရောက်ခဲ့သလိုပဲ သူလည်းသန်းခေါင်စာရင်းဌာန စက်စာရင်းပြုဌာနခွဲကနေ ထွေအုပ်ရောက် ၊ ထွေအုပ်ကနေ နကစကို ရောက်ခဲ့တဲ့သူပါ။ ဝန်ထမ်းရေးရာမှာ ၁၉၈၅ခုနှစ်အထိ အတူတူလုပ်ခဲ့ကြပြီး ကိုယ်ကဌာနစိတ်မှူးဖြစ်တော့ ဘွဲ့တံဆိပ်ဌာနကို ပြောင်းသွားရတယ်။ ၁၉၈၉-၉၀ ကိုယ်တွေပြည်ထဲရေးကို ပြန်ရောက်နေတဲ့အချိန်မှာ နယ်စပ်/စည်ပင် ဝန်ကြီးဌာနအသစ်ဖွဲ့တော့ သူက နဝတရုံးကနေ ပါသွားတာ။ ရာထူးတွေအဆင့်ဆင့်တက်သွားပြီးတော့ အခုသက်ပြည့်ပင်စင် ယူတဲ့ချိန်မှာ ဒု-ညွှန်မှူးနဲ့သွားရတာဖြစ်ပါတယ်။

နယ်စပ်/စည်ပင်ရောက်တော့ ဒု-ဝန်ကြီးရဲ့ ပီအက်စ်အိုအဖြစ် နှစ်နှစ်လောက် လုပ်လိုက်ရသေးတယ်ပြောတယ်။ ဒု-ရုံးအဖွဲ့မှူးအဖြစ်နဲ့လည်း ၁၂ နှစ်လုပ်ခဲ့ရသေးတယ်။ နောက်ဝန်ကြီးလွှတ်လို့ ဇင်းမယ်တက္ကသိုလ်မှာ MSc ကို နှစ်နှစ်သွားတက်ခဲ့ရတယ်။ ပြန်လာတော့ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်ကို မော်ကွန်းထိန်းနဲ့လွှတ်တယ်။ နောက်ပြီးတော့ အရှေ့တိုင်းဌာနမှာ ကထိကလုပ်ရပြီး တွဲဖက်ပါမောက္ခ(ဒု-ညွှန်မှူး)အထိ ဖြစ်ခဲ့တယ်။ အခုလည်း ပင်စင်ယူပြီးတော့ အချိန်ပိုင်းကထိကအဖြစ် စာသွားသင်နေရတယ် ပြောတယ်။ ဒါတွေက မောင်မောင်ကြယ်နဲ့ တွေ့တဲ့အခိုက်မှာ သူပြောပြတာတွေကို ကိုယ်မှတ်မိသလောက်ပြန်ရေးပြတာပါ။ မပြည့်စုံတာရှိခဲ့ရင်လည်း ကိုယ့်ရဲ့ မှတ်ဉာဏ်အားနည်းမှုကြောင့်လို့ပဲ မှတ်ယူပါ။

ကိုယ်တွေ ပြည်ထဲရေး ရောက်သွားပြီးတဲ့နောက် ကွဲသွားခဲ့ကြတာ။ သူ ဒုဝန်ကြီး PSO လုပ်နေတုန်းက တစ်ခါနှစ်ခါ တွေ့သေးတယ်။ နောက်ပိုင်းမှာတော့ လုံးဝမတွေ့ဖြစ်တော့တာ အခုသူပြောပြမှပဲ သူ့ဘဝဇာတ်ကြောင်းကို သိတော့တာဖြစ်ပါတယ်။ သမီးတစ်ယောက်က ယဉ်ကျေးမှုတက္ကသိုလ်မှာ လက်ထောက်ကထိက လုပ်နေပြီး သားက နိုင်ငံခြားမှာလို့ပြောတယ်။ မိဘတွေမရှိကြတော့လို့ ကမ္ဘာအေးဘုရားလမ်း ရိပ်သာ မှတ်တိုင်နားက အိမ်နဲ့ခြံကို သိန်း၁၀ဝ၀ဝနဲ့ရောင်းပြီး မောင်နှမတွေခွဲဝေယူကြပြီး သူကတော့ ရန်ကင်း ဈေးရှေ့နားက ရွှေအုန်းပင်အိမ်ရာမှာ တိုက်ခန်းဝယ်ပြီး နေတယ်လို့ သိရတယ်။ မောင်မောင်ကြယ်က နဂိုကတည်းက မိဘတွေ Background ကောင်းပါတယ်။ ကိုယ်ပြောချင်တာက Service luck ကိုပြောချင်တာ။ နိုင်ငံတော်ကောင်စီရုံးမှာ Promotion တွေဖြေကြရတော့ မောင်မောင်ကြယ်ကို ဘွဲ့မရသေးလို့ဆိုပြီး မပေးဘူး။ အဲဒီတုန်းက မောင်မောင်ကြယ်က စာပေးစာယူ ဖြေနေရတုန်းရှိသေးတယ်။ အခုကျတော့ ကိုယ်တွေထက်တောင် ရာထူးကမြင့်သွားသေးတယ်။ လူကြီးကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ လက်သင့်ရာ စားတော်မခေါ်ပဲ ချီးမြှောက်သင့်တဲ့လူကို ချီးမြှောက်တာ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ ကိုယ်တွေမှာတော့ AD လေးရဖို့ကို ဖြေလိုက်ရတဲ့စာမေးပွဲပေါင်း မနည်းဘူး။ အဆင့်မြင့်သင်တန်းဆိုတာလည်း တက်လိုက်ရသေးတယ်။ မျှော်လင့်ချက်ကြီးနဲ့ပေါ့။ ပိုက်ဆံကလည်း ကုန်လိုက်သေးတယ်။ ဒါတောင် ကိုယ်တွေရုံးချုပ်ကမို့လို့ စားစရိတ်စိုက်ပေးလို့ တော်သေးတယ်။ နယ်ကတက်လာတဲ့ မယက ဥက္ကဋ္ဌတွေဆို ၁၀သိန်းလောက်ကုန်တယ်ပြောတယ်။ သူတို့က သုံးလည်းသုံးကြတယ်လေ။

သင်တန်းတက်ပြီးတော့လည်း ဘာမှမဟုတ်ဘူး။ ပင်စင်မယူခင် တစ်နှစ်အလိုမှာတင် ဖြေလိုက်ရသေးတယ်။ ကိုယ်တွေတစ်သုတ်လည်း ဖြေပြီးရော အသက်ကြီးတဲ့သူတွေ မပေးဘူးဖြစ်ရော။ တချို့ဆို နယ်ကလာကြတုန်းပဲ ရှိသေးတယ်။ အဲဒီတုန်းကလည်း ဘယ်သူကမှ ဇောဒကမတက်ရဲကြဘူး။ သေဆိုသေ၊ ရှင်ဆိုရှင် မဟုတ်လား။ လုပ်ပိုင်ခွင့်ကလည်း ဌာနရဲ့ထိပ်ဆုံးက လူဆီမှာရှိနေတော့ သူစေတနာမကောင်းရင် မကောင်း သလို၊ သဘောထားမကောင်းရင် မကောင်းသလို လက်အောက်ကလူတွေက ခံကြရတာပဲ။ ငါ့လက်ခုပ်ထဲက ရေ ငါသွန်လိုသွန် မှောက်လိုမှောက် ဘယ်ကောင်မှ သောက်ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးရှိနေတော့ ဘယ်သူမှ ဘာမှမပြောရဲကြပေါ့။ ကိုယ်တွေအလုပ်ကြိုးစားတာလည်း ကိုယ့်အထက်လူကြီးတွေ သိတာပဲ ဒါပေမယ့် သူတို့မပြောရဲကြဘူး။ နောက်ဆုံးတော့ ကိုယ်တွေက ဗုဒ္ဓဘာသာဝင်တွေပါ။ ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့သူတွေပါ။ ရှေးဘဝက ကိုယ်ပြုခဲ့တဲ့ကံကြောင့်လို့ပဲ အောက်မေ့ပါတယ်။

အလုပ်တစ်ခု တိုးတက်အောင်မြင်ဖို့ဆိုရင် လူတစ်ယောက်မှာ ကံရယ်၊ ဉာဏ်ရယ်၊ ဝီရိယရယ် သုံးခုစလုံးပေါင်းစပ်ပြီး ကောင်းမြတ်ပါမှဖြစ်ပါမယ်။ ဉာဏ်ရှိရမယ်၊ ဉာဏ်ကောင်းရမယ်။ တစ်နည်းအားဖြင့်တော့ အရည်အချင်းကောင်း ရှိရမယ်ပေါ့ဗျာ။ ပြီးရင်ဝီရိယ ကြိုးစားမှုရှိရမယ်။ တော်ရိရော်ရိ ကြိုစားတာ မဟုတ်ဘူးနော်။ လုံ့လဝီရိယလို့ဆိုထားတဲ့အတိုင်း လုံ့လရှိရှိကြိုးစားရမှာ။ နောက်တစ်ခါ ကံလေးကလည်း ကောင်းနေရမယ်။ ဘယ်လောက်အရည်အချင်းရှိရှိ၊ ဘယ်လောက်ကြိုးစားကြိုးစား၊ ကံက လိုက်မလာဘူးဆိုရင် ဘယ်လိုမှမအောင်မြင် မဖြစ်ထွန်းဘူး။ “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”ဆိုတဲ့ စကားပုံလည်း ရှိတယ်မဟုတ်လား။ အကျိုးပေးကိုပြောတာပေါ့ဗျာ။ သူများလက်ဖက်ရည်ဆိုင်ဖွင့်လို့ ကြီးပွားတိုင်း ကိုယ် လက်ဖက်ရည်ဆိုင်လိုက်ဖွင့်လို့ ကြီးပွားချင်မှကြီးပွားမယ်။ အကျိုးပေးဆိုတာ ရှိတယ်။ ဝန်ထမ်းနဲ့ အကျိုးပေးတာရှိတယ်။ အပြင်စီးပွားရေးလုပ်ငန်းနဲ့ အကျိုးပေးတာရှိတယ်။ လူတွေဟာ အကျိုးပေးပုံချင်း မတူကြဘူး။ သူက ဒါနဲ့အကျိုးပေးတယ်ဆိုပြီး ကိုယ်ထလုပ်လို့မရဘူး။ သေတဲ့နှစ်မှ စစ်ထဲလိုက်မိတယ် ဆိုတာမျိုးပေါ့။

ဒါ့ကြောင့် ချမ်းသာတဲ့လူကလည်း ချမ်းသာနေမှာဖြစ်သလို၊ ဆင်းရဲတဲ့လူကလည်း ဆင်းရဲနေမှာပဲ။ သူကျတော့ ချမ်းသာလိုက်တာ ထားစရာကိုမရှိဘူး။ ငါကျတော့ ဆင်းရဲလိုက်တာ ကုန်းကောက်စရာတောင် မရှိဘူးဆိုပြီး ညည်းတွားနေလို့မရဘူး။ မနာလိုဝန်တိုဖြစ်နေလို့လဲမရဘူး။ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်ပဲ။ သူ့လို ချမ်းသာချင်တယ်ဆိုရင် ကိုယ်ဒီဘဝမှာ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုပြုပါ။

ဒါရိုက်တာဆရာကြီးဦးသုခရဲ့ “တစ်ပါးသီလ” ဇာတ်လမ်းထဲကလို ဆင်းရဲလွန်းလို့ သမီးကလေးကို ကျွန်အဖြစ် သူဌေးဆီမှာ ပေးခဲ့ရတဲ့ ဆင်းရဲသားဇော်လင်းဟာ သူစားမယ့်ထမင်းထုပ်ကို ဆွမ်းခံမရတော့လို့ သပိတ်ကို ရေကျင်းသောက်တော့မယ့် ရဟန်းတစ်ပါးကို ကပ်လိုက်ပါတယ်။ ရဟန်းကြီးလည်း ဆွမ်းဘုန်းပေးပြီးတော့ ဈာန်သမာပတ်ဝင်စားနေလိုက်တာ ရဟန္တာဖြစ်ပြီး ဈာန်နဲ့ကောင်းကင်က ကြသွားတော်မူတဲ့အခါ ဆင်းရဲသားဇော်လင်းက (ဇာတ်ထဲက နာမည်တွေ မမှတ်တော့လို့ပါ) “မရှိလို့မလှူ၊ မလှူလို့မရှိ၊ ငါလိုလူဇမ္ဗူမှာရှိသေးရဲ့လား” လို့ ကြုံးဝါးလိုက်ပါတယ်။ အဲဒီလိုပါပဲ ငါဆင်းရဲတယ်၊ ငါ့မှာမရှိလို့ဆိုပြီး မလှူဘဲ မနေပါနဲ့ ကိုယ်စားမယ့်ထဲက တစ်ပြားဖြစ်ဖြစ်၊ တစ်ချပ်ဖြစ်ဖြစ် ဖဲ့ပြီးလှူပါ။ ဘယ်ဘက်က တစ်ဆုပ်ကြဲရင်၊ ညာဘက်က တစ်လှည်းဝင်ပါလိမ့်မယ်။ စေတနာသန့်ရင် ညောင်စေ့လောက် လှူပေမယ့် ညောင်ပင်ကြီးလောက် ရပါလိမ့်မယ်။ (ဟဲဟဲ … အလှူခံလုပ်စားလို့တော့ ရပြီ) တကယ်ပြောတာပါ။ အခုဘဝမှာပဲ ကျောင်းဆောက်လှူဒါန်းလို့ မသေခင် နတ်ပြည်မှာ ရွှေဗိမာန်ကြီးပေါက်လာတယ် ဆိုတဲ့အကြောင်း ဆရာတော် မေတ္တာရှင်ရွှေပြည်သာ ဟောကြားတဲ့ တရားတော်တွေထဲမှာ တွေ့ဖူးပါတယ်။ ဘုရားဟော ဇာတ်တော်တွေမှာလည်း ပါပါတယ်။ ဒါက အလှူဒါနရဲ့ သဘောကိုပြောတာပါ။ အလှူဆိုတာကတော့ ကျောင်းကြီးဆောက်ပြီး လှူရမယ်မဟုတ်ပါဘူး။ သေးသေးကြီးကြီး။ ပုဗ္ဗ၊ မုဉ္စ၊ ပရ စေတနာသုံးတန် ပြဌာန်းရမယ်လို့ပြောတာပါ။ မလှူခင်ရယ်၊ လှူနေဆဲရယ်၊ လှူပြီးတဲ့အချိန်ရယ် စေတနာပြတ်ရမယ်လို့ ဆိုတာ ကိုယ်လည်း ကုသိုလ်ကံအကြောင်းပြောရင်းနဲ့ အလှူဒါနအကြောင်း ရောက်သွားတယ်။ ကုသိုလ်ကံနဲ့ပတ်သက်ရင် ဒါန၊ သီလ၊ ဘာဝနာဆိုတာမှာ ဒါနက ထိပ်ဆုံးမှာ ရှိနေလို့မို့ ဒါနအကြောင်းကို ပြောရတာပါ။ သီလနဲ့ ဘာဝနာပါ လုပ်နိုင်ရင် ပိုကောင်းတာပေါ့။

ဓမ္မကထိကဆရာတော်တစ်ပါး ဟောတာနာဖူးပါတယ်။ (ဆရာတော်တရားကလည်း တစ်ခါပဲ နာဖူးတော့ ဆရာတော်ဘွဲ့နာမည်လည်း မမှတ်မိပြန်ဘူး။) ဘယ်သူတွေက ဘယ်လိုချမ်းသာတယ်။ ဆယ်သက်စားလို့မကုန်ဘူး။ ဣဿာမစ္ဆိရိယ မဖြစ်နဲ့တဲ့ သူလုပ်နိုင်ကိုင်နိုင်လို့၊ သူကြိုးစားနိုင်လို့ ကုသိုလ်ကံကလည်းကောင်းလို့ ဖြစ်လာတာတဲ့။ ဟုတ်ပါတယ်။ တရားသဘောနဲ့ကြည့်ရင် သူတို့ရဲ့ အရင်ဘဝက ကုသိုလ်ကောင်းမှုတွေကြောင့် အခုဘဝမှာ အကျိုးပေးတာပါဘဲ။ အခုပြောနေတဲ့ ခရိုနီ၊ ခရိုနက်တွေ၊ သူတို့အခုဘဝမှာ မတရားလုပ်ခဲ့တာရှိလည်း ဒီတစ်ဘဝပါပဲ၊ အေးလေ ခံခဲ့ရတဲ့သူတွေက တရားသဘောတွေဘာတွေ ကြည့်နိုင်ကြမှာမဟုတ်ပါဘူး။ ကိုယ်ပဲကြည့်လေ ရသင့်ရထိုက်တဲ့ ပရိုမိုးရှင်း တွေမရခဲ့လို့ မချိခံသာဖြစ်ပြီး ရေးမိသေးတာပဲ။ နောက်ဆုံးတော့ ဗုဒ္ဓတရားတော်အရ ကံအကြောင်း တရားလို့မှတ်ယူရတော့တာပါ။ လူမတန် ကံချ ဆိုသလိုပေါ့။

တကယ်တမ်းတော့လည်း လူချင်းယှဉ်လို့ရပေမယ့် ကံချင်းယှဉ်လို့မရပါဘူး။ ကိုယ်တွေ ဒီလောက်ပဲ ဖြစ်ဖို့ကံပါလာလို့ ဒီလောက်ပဲ ဖြစ်လာခဲ့တာပါ။ ဒီအသိတွေက အစကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့်လည်း ပုထုဇဉ်ဆိုတော့လည်း တစ်ခါတစ်ခါတော့ ဖြေနိုင်တယ်။ တစ်ခါတစ်ခါတော့ မဖြေနိုင်ဘူးပေါ့။ မောင်မောင်ကြယ်တစ်ယောက် ဒု-ညွှန်မှူးနဲ့ ပင်စင်ယူတယ်ကြားတော့ ကိုယ်လည်း Feeling ပိုဖြစ်ပါတယ်။ ကံချင်းမယှဉ်နိုင်ဘူးဆိုတဲ့ အသိကိုလည်း ပိုရစေပါတယ်။ သူနဲ့တွေ့ချင်တဲ့ စိတ်လည်းရှိပြီး တွေ့တဲ့အခါ သူ့အကြောင်းလေးတွေမေးပြီး ဒီအကြောင်းတွေရေးဦးမယ်ပေါ့။ ကိုယ့်ဆန္ဒလည်း ပြည့်ဝသွားပါတယ်။ ကံချင်းယှဉ်လို့မရတဲ့ သူငယ်ချင်းတစ်ယောက် ရှိပါသေးတယ်။ ကိုယ်တွေ အောက်တန်းစာရေးဘဝတုန်းက ရုံးအကူနဲ့ အလုပ်ဝင်လာတာပါ။ အခု ဌာနကြီးတစ်ခုမှာ ဒု-ရုံးအဖွဲ့မှူး (ညွှန်ကြားရေးမှူး) ဖြစ်နေပါတယ်။ သူက ကိုယ်တွေထဲမှာ ကံအကောင်းဆုံးလူသားတစ်ယောက်လို့ ပြောရပါမယ်။ တကယ်တမ်းပြောရရင် ကိုယ့်ထက်ဂျူနီယာကျပြီး ကိုယ့်ထက်အစောကြီး ရာထူးတွေမြင့်သွားတဲ့လူတွေလည်း အများကြီးပါ။ ကိုယ့်ထက်စီနီယာကျပြီး ကိုယ့်လိုပဲသွားတဲ့ လူတွေလည်းရှိပါတယ်။ ဒါ့ကြောင့် ပြောတာပေါ့ ဉာဏ်ချင်း၊ ဝီရိယချင်းယှဉ်လို့ရပါမယ်။ “ကံ” ချင်းတော့ ယှဉ်လို့မရပါဘူး။

TZO

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *