Microsoft က Windows Phone OS ရဲ့ ဗားရှင်းအသစ်ဖြစ်တဲ့ Windows Phone 8.1 ကို ကြေညာလိုက်ပါတယ်။ အထူးခြားဆုံး က Windows Phone 8.1 မှာ ကိုယ်ရေးလက်ထောက် Cortana ပါရှိလာတာဖြစ်ပါတယ်။ Cortana မှာ ကိုယ်ပိုင် Live Tile တစ်ခုပါရှိပြီး အသုံးပြုသူ သိချင်တဲ့ သတင်းအချက်အလက်တွေကို Google Now စတိုင်နဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Cortana ဟာ Siri နဲ့ Google Now တို့ကို ပေါင်းစပ်ထားတဲ့ပုံပေါ်ပါတယ်။
Cortana က ရှာဖွေမှုတွေ၊ Calendar ကို ထိန်းချုပ်တာတွေ၊ စာပို့တာတွေ၊ ဖုန်းခေါ်တာတွေ နဲ့ အခြား အရာတွေ ကို ပြုလုပ်ပေးနိုင်ပါတယ်။ Cortana ကို အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ Cortana မှာ ကိုယ်ပိုင် Notebook ပါရှိပြီး Cortana က အသုံးပြုသူထံမှ သင်ကြားထားသမျှအားလုံးကို ပြသပေးထားပါတယ်။ Notebook ကို Edit ပြုလုပ်နိုင်ပါတယ်။ အသုံးပြုသူရဲ့ သူငယ်ချင်း၊ မိသားစု တွေကို Inner Circle ထဲမှာ သီးခြားမှတ်သားပေးထားပါတယ်။ အဲဒီအတွက် Quiet Hours တွေမှာ Inner Circle ထဲက သူတွေကသာ ဆက်သွယ်မှု ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
စားသောက်ဆိုင်တွေ ရှာတဲ့အခါမှာ Bing မြေပုံ ရဲ့ ဒေတာတွေကို ရယူမှာ ဖြစ်ပါတယ်။ Cortana ကို ဖုန်းထဲမှာ ပဲ စာရိုက်ပြီးရှာဖွေနိုင်ပါတယ်။ ဥပမာအားဖြင့် Search Bar ကနေ လူတစ်ယောက်ရဲ့ အီးမေး ကို စာရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ Reminder တွေကိုလည်း စာရိုက်ပြီး ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် “remind me when I get home to cook dinner for my wife” လို့ ရိုက်လိုက်ရင် အိမ်ပြန်ရောက်တာနဲ့ ဟင်းချက်ဖို့ သတိပေးပါလိမ့်မယ်။
Cortana ကို Apps တွေနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် “Cortana get James Philips on Skype” လို့ ပြောလိုက်ရင် Skype ကိုဖွင့်ပေးပြီး အဲဒီလူကို ဖုန်းခေါ်ပေးမှာ ဖြစ်ပါတယ်။ Facebook မှာ လူတစ်ယောက်ရဲ့ Feed ကို ကြည့်ဖို့ Cortana ကို အသံနဲ့ ခိုင်းစေနိုင်ပါတယ်။
Cortana ကို အခုလောလောဆယ်မှာ အမေရိကန် မှာ ပဲ အသုံးပြုနိုင်သေးပေမယ့် ဗြိတိန် နဲ့ အခြားနိုင်ငံများမှာ မကြာမီမှာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်လို့ Microsoft က ပြောပါတယ်။