Opinion

ကိုဘအေး ကား၀ယ်မစီးတော့ဘူး

ရန်ကုန်မြို့မှာ အထပ်မြင့်ကားပါကင်ကြီးတွေ ဆောက်ပေးတော့မယ်တဲ့။ ရန်ကုန်မြို့လယ်က ဆိပ်ကမ်းသာလမ်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မြေအကျယ်အ၀န်း (ပေ၃၀ x ပေ၅၀) ရှိတဲ့ မြေကွက်ပေါ်မှာ ပထမဆုံးအနေနဲ့ (၁၅) ထပ်အမြင့်ရှိတဲ့ ကားပါကင် ဆောက်လုပ် သွားဖို့ စီစဉ်နေတယ်လို့ဆိုတယ်။

တစ်ထပ်မှာ ကားရှစ်စီးက ဆယ်စီးခန့်ရှိ ရပ်နားနိုင်မှာဖြစ်လို့ စုစုပေါင်းဆယ့်ငါးထပ်အတွက် ကားအစီးရေ တစ်ရာကျော် ရပ်နားထားနိုင်တယ်လို့သိရတယ်။ ယာဉ်ရပ်နားခ ကောက်ခံမှာဖြစ်ပြီး အဲဒီလိုအထပ်မြင့် ကားပါကင် ဆောက်လုပ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံကို လေ့လာရေးအဖွဲ့တွေ စေလွှတ်သွားမယ်လို့လည်း ဆိုတယ်။ ဘယ်လိုပုံစံနဲ့ဆောက်မယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကပဲ တာ၀န်ယူဆောက်လုပ်မလား၊ ဒါမှမဟုတ် လုပ်ငန်းရှင်တွေကိုပဲ ဖိတ်ခေါ်ပြီး ဆောက်လုပ်စေမလား ဆိုတာကိုတော့ အသေးစိတ်မပြောသေးပါဘူး။

ရန်ကုန်မြို့တော်မှာ ယာဉ်အစီးရေတိုးပွားလာတာနဲ့အတူ ယာဉ်ရပ်နားနိုင်တဲ့ နေရာမရှိတဲ့အတွက် ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေဖြစ်ပွားနေပြီး ဒီယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ကာ အထပ်မြင့် ကားပါကင်တွေ ဆောက်လုပ်ဖို့ ပြည်ပလုပ်ငန်းရှင်တွေ ဖိတ်ခေါ်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ကလည်း စက်တင်ဘာလအတွင်းက ပြောကြားထားပါတယ်။ မြို့ပြရေးရာကျွမ်းကျင် သူတစ်ဦးက ပြောတာကတော့ ”ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုကို အမျိုးမျိုးဖြေရှင်းနေပေမယ့် ထိရောက်မှုရှိတာကို မတွေ့ရသေးဘူး။ အခုယာဉ်မရပ်ရ လမ်းတွေသတ်မှတ်လိုက်တော့ ကားတွေက လမ်းမပေါ် မရပ်ရတော့ လမ်းသွယ်တွေထဲမှာ ရပ်ပြီး ကားတွေပိတ်နေတယ်။ အထပ်မြင့်ကားပါကင် တွေလုပ်မယ်ဆိုလည်း နေရာကျယ်ကျယ်၀န်း၀န်းယူပြီး ထိရောက်စွာ လုပ်သင့်တယ်” လို့ဆိုပါတယ်။

ဟုတ်ပါတယ်။ အခုစတင်အကောင်အထည်ဖော်မယ့် ဆိပ်ကမ်းသာလမ်းက (ပေ၃၀xပေ၅၀) မြေကွက်ဆိုတာ သိပ်ကျယ်၀န်းတယ်လို့ မဆိုသာဘူး။ ရန်ကုန်မြို့လယ်မှာလည်း မြေကွက်ကျယ်ကျယ်က ရှားသား။ မြို့တော်စည်ပင်ကတော့ တဖြည်းဖြည်းစီစဉ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်ကြော ပိတ်ဆို့မှုက နေရာအနှံ့မှာဖြစ်နေတာပါ။ ညနေပိုင်းဆိုရင်လည်း ဈေးဆိုင်တွေက လမ်းပေါ်မှာ ရောက်နေ တော့ ယာဉ်ကြော က ကျဉ်းသွားရော။ ပြောသာပြောတာပါ ။ အဲဒီအထပ်မြင့်ကားပါကင်ဆိုတာက ဘယ်တော့စလို့ ဘယ်လောက်ကြာဦးမယ်မသိသေးဘူး။

တစ်ရက်ကဆိုရင် ညနေပိုင်းမှာ ကိုဘအေးတို့မိသားစု တရုတ်တန်းကိုသွား ထမင်းစားပြီး ၀ယ်စရာ ရှိတာလေးတွေ၀ယ်ပြီး ဘတ်စ်ကားနဲ့ပြန်လာတယ်။ မြို့ထဲမှာ သိသိသာသာမကျပ်ဘူး။ သာကေတရောက်မှ ၀က်စုမှတ်တိုင်ကနေ ထွက်လာပြီးတော့ ကားတွေစပိတ်တော့တာပဲ။ ကိုဘအေးတို့ ဆင်းရမယ့်မှတ်တိုင်ရောက်ဖို့ နှစ်မှတ်တိုင်ပဲ လိုတော့တာ။ ကြားမှာ သဒ္ဒါရုံမှတ်တိုင်ပြီးရင် (၁) ဈေးကွေ့ ပဲ၊ ဇင်္ဂမလမ်းနဲ့မင်းနန္ဒာလမ်းဆုံပေါ့။ အဲဒီနေရာက နံနက်ကော၊ ညကော ရှုပ်တယ်။ အရင်တုန်းက မီးပွိုင့်မရှိဘူး။ အခုမီးပွိုင့်လုပ်ဖို့ တိုင်တွေကတော့ စိုက်ထားပြီ။ မီးပွိုင့်တွေလာမတပ်သေးတာ။ မီးပွိုင့် တပ်လိုက်ရင်တော့ အဆင်ပြေသွားမယ် ထင်ပါတယ်။ အခုကျတော့ ကားတွေက ကွေ့ကားတွေရော၊ အတည့်ကားတွေရော သူ့ထက်ငါ ဦးမောင်းနေကြတာ။ ကွေ့ကားတွေက ကားခေါင်းတွေကို အတင်းတိုး ထွက်ပြီး ကားတွေကပိတ်ကုန်ရော။ အဲဒီညနေက နှစ်မှတ်တိုင်လောက်နဲ့ ကိုဘအေးတို့ မိနစ်(၂၀)လောက် ကားပေါ်မှာနေလိုက်ရတယ်။ ခရီးသည်တွေလည်း ပူတာ၊ အိုက်တာနဲ့ ချွေးတွေပျံလို့ စိတ်မရှည်တဲ့ လူတွေကတော့ ဆင်းပြီးလျှောက်ကြတော့တယ်။ ဘာပဲပြောပြော ခရီးသည်တွေဟာ လိုရာခရီးရောက်ဖို့ မှာ စိတ်အနှောင့်အယှက်တွေဖြစ်ရတာပေါ့။ ကိုဘအေးတို့လည်း မှတ်တိုင်မရောက်ခင်ပဲ ဆင်းလိုက် ပါတယ်။

အရင်တုန်းက ကိုဘအေးလည်း ကား၀ယ်စီးဖို့စိတ်ကူးသေးတယ် (သိန်း၁၅၀၀ ပေါက်ရင် ပြောတာပါ) ။ အခုတော့ ကားမရပ်ရ လမ်းတွေသတ်မှတ်ထားတော့ ကိုယ်က ကိစ္စရှိလို့ လုပ်ရင်းကိုင်ရင်းနဲ့ နာရီ၀က်ကျော်သွားရင် ကားကို ကရိန်းနဲ့ဆွဲသွားတာခံရပြီး ဒဏ်ငွေလည်းဆောင်ရဦးမယ်။ ကရိန်းဆွဲခ လည်း ပေးရဦးမယ်။ နောက်ပြီးတော့ စောစောကလိုပဲ လမ်းတွေပိတ်နေတော့ အချိန်တွေကုန်ပြန်ရော။

အဲဒီယာဉ်မရပ်ရသတ်မှတ်ထားတဲ့ လမ်းမကြီးတွေမှာ ရပ်နားထားတဲ့ယာဉ်တွေကို အရေးယူခဲ့ရာမှာ ရှစ်ရက်အတွင်း ယာဉ်အစီးရေ (၁၃၇) စီး ဖယ်ရှားအရေးယူခဲ့ရတယ်လို့ သိရတယ်။ ဒီစီမံချက်က နို၀င်ဘာ(၁၁) ရက်နေ့ထဲက စခဲ့တာ။ အဓိက အကြောင်းရင်းကတော့ လမ်းမတွေပေါ်မှာ ယာဉ်တွေ စည်းကမ်းမဲ့ ရပ်နားထားမှုတွေကြောင့် ယာဉ်တွေပိုပြီး ပိတ်ဆို့နေတာဖြစ်တယ်။ ဒါပေမယ့် ကရိန်းယာဉ် တွေနဲ့ ဖယ်ရှားအရေးယူတဲ့အခါမှာ စည်းကမ်းမဲ့ရပ်ထားတဲ့ ယာဉ်တွေကို မိနစ်(၃၀) လောက် စောင့်ကြည့် ပြီးမှသာ အရေးယူတာဖြစ်တယ်လို့ သိရတယ်။ ကရိန်းတွေနဲ့ဖယ်ရှားပြီး အရေးယူတဲ့အချိန်မှာ ယာဉ်ပိုင်ရှင် ရောက်လာရင်တော့ ကရိန်းနဲ့မဆွဲတော့ဘဲ စည်ပင် ဥပဒေအရ ချလံဖြတ်ပြီးအရေးယူတယ်လို့ ဆိုတယ်။ ကရိန်းနဲ့အဆွဲခံရရင်တော့ ခရီးအနီးအဝေးပေါ် မူတည်ပြီး ကရိန်းဆွဲခ အနည်းဆုံး ငါးသောင်းကနေ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရမှာဖြစ်တဲ့အပြင် စည်းကမ်းဖောက်ဖျက်မှုအတွက် ဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ်တစ်ခုခု ချမှတ်ခံရမယ့်အပြင် ပြစ်ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။

အခုဆိုရင် ဆီးဂိမ်းပွဲတော်ကြီးကလည်း နီးလာပြီမို့လို့ ရန်ကုန်ရဲ့ မြို့နယ်ခြောက်မြို့နယ်မှာ နေရာ ကိုးခုသတ်မှတ်ပြီး ကားပျက်လို့ပဲဖြစ်ဖြစ် ဘာအကြောင်းနဲ့ဖြစ်ဖြစ် ကားတွေရပ်ထားရင် ဆယ်တင်ယာဉ် (ကရိန်းယာဉ်) တွေနဲ့ ချက်ချင်းလာဆွဲပြီး ဖယ်ရှားမယ်လို့ သိရတယ်။ အဓိကကတော့ ဆီးဂိမ်းအားကစားပွဲ သွားရာလမ်းကြောင်းတွေကို စောင့်ကြည့်ဖယ်ရှား ရှင်းလင်းမယ်လို့ပြောတယ်။

မြို့ထဲမှာဆိုရင် ကားတွေကလမ်းမတွေပေါ်မှာ မရပ်ရတော့လမ်းသွယ်လမ်းကြားတွေမှာ သွားရပ်ပြီး ကားတွေကပိတ်ကုန်ပြန်ရော။ လမ်းသွယ်တွေထဲကို ကား၀င်ဖို့က အတော်ခက်တယ်။ ဟိုတလောက ကိုဘအေးတို့ရပ်ကွက်ထဲမှာ အိမ်ရှေ့လမ်းပေါ်မှာရပ်ထားတဲ့ ကားတွေကို ညအိပ်ခွန်လာ ကောက်တယ်လို့ကြားတယ်။ ခြံတွေထည့်ထားတဲ့ကားတွေကိုတော့ မကောက်ဘူး။ ရပ်ကွက်တွေထဲမှာက ကားထည့်ထားရလောက်အောင် ခြံတွေကကျယ်တာမဟုတ်ဘူး။ (ပေ၂၀xပေ၆၀) တွေပဲရှိတာ မဟုတ်လား။ တချို့အိမ်ထဲကိုကားခေါင်းထိုးထားရင် ကားဖင်က ထွက်နေတာ။ ကိုဘအေးတို့ ဟိုဘက် လမ်းတစ်လမ်းကဆိုရင် ခြံတံခါးကို ခေါက်တံခါးလုပ်ထားတယ်။ ကားနောက်ပိုင်းလုံအောင်ဆိုတော့ လမ်းဘေးကရေမြောင်းဘောင်ပေါ်အထိ ထွက်ပြီးနေတာပေါ့။ စည်ပင်နဲ့တော့ ဘယ်လိုညှိထားလည်း မသိဘူး။

ဒါ့ကြောင့် ကိုဘအေးလည်း ကား၀ယ်ပြီးရင်တောင် ကားကိုဘယ်လိုထားရမလဲ စဉ်းစားရတာ ဦးနှောက်စားတယ်။ မျက်နှာချင်းဆိုင်အိမ်က ကားကိုအိမ်ရှေ့လမ်းပေါ်မှာ ရပ်ထားတော့ ကိုယ့်အိမ်ရှေ့ မှာ ကားရပ်လိုက်ရင် အလယ်ကကားတစ်စီး မသွားလောက်တော့ဘူး။ ကိုဘအေးတို့သာကေတဆိုတာ လည်း လူဦးရေများတော့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ဆိုက္ကားတွေ ၊ စက်ဘီးတွေက အရမ်းရှုပ်တာ။ ရပ်ကွက်ထဲကလမ်းတွေကလည်း လမ်းသွယ်တွေမပြောနဲ့ ထူပါရုံတို့၊ အနော်မာတို့ဆိုတဲ့ လမ်းရှည်ကြီး တွေကိုတောင် (သူကလမ်းမကြီးတော့မဟုတ်ဘူးပေါ့ ရပ်ကွက်အတွင်းလမ်းပေါ့) ကားတစ်စီးနဲ့ တစ်စီး မနည်းရှောင်နေရတာ။

ကိုဘအေးက ကားကိုဝါသနာပါတယ်။ ယာဉ်မောင်းလိုင်စင်ဆိုလည်း ၁၉၇၄ ခုနှစ်လောက်တည်းက လုပ်ထားတာ။ လိုင်စင်သက်တမ်းကိုလည်း မပျက်မကွက်တိုးတယ်။ နေပြည်တော်ရောက်တော့လည်း သက်တမ်းတိုးဖို့ မပျက်ခဲ့ဘူး။ အခု ဒီဇင်ဘာ (၃၀) ရက်နေ့ဆိုရင်တောင် သက်တမ်းသွားတိုးရဦးမယ်။ ကိုဘအေးက ကားလည်း အရမ်းမောင်းချင်တာ။ ပြည်ထောင်စုရိပ်သာ ဘကြီးအိမ်မှာနေတုန်းကဆိုရင် လူကြီးတွေအလစ်ကို ကားယူယူမောင်းတာ။ ဟိုတုန်းကတော့ ည (၉) နာရီလောက်ဆိုရင် မြို့ထဲမှာ ရှင်းနေပြီ။ အဲဒီတုန်းကတော့ မောင်းဘူးခဲ့သမျှ ကားတွေထဲမှာ ဗောက်စ်၀က်ဂွန်က အငြိမ်ဆုံးပဲ။ အဲဒီလို ကားသိပ်မောင်းချင်တဲ့ ကိုဘအေးတစ်ယောက် အခုဆိုရင် စဉ်းစားရပြီ။ ယာဉ်ကြောတွေပိတ်တဲ့ဒုက္ခ ကားရပ်နားရတဲ့ ဒုက္ခတွေကြောင့် တတ်နိုင်ရင်တောင် ကား၀ယ်မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *