မိမိတို့အားလုံးသည် မိခင်၀မ်းမှ ကိုးလလွယ် ဆယ်လဖွားပြီးသကာလ ဘာမျှမသိ၊ ဘာမျှမတတ်သေးတဲ့ အချိန်ကာလ ကလေးအရွယ်မှစတင်ကာ စကားတီတီတာတာ စတင်ပြောဆိုလာနိုင်သည့် အရွယ်မှစ၍ အရာရာကို သိလိုစိတ်ဖြင့် မေးမြန်းတတ်လာပါသည်။ ထို့နောက် စူးစမ်း လေ့လာမှုများဖြင့် စတင်ခဲ့ပြီး သိမှတ် သမျှကို မှတ်သား နာယူခဲ့ရပါသည်။ တဖြည်းဖြည်းနဲ့ ကျောင်းနေတဲ့အရွယ် ရောက်ရှိလာသည့်အခါ စာသင်ကျောင်းမှ သင်ကြားပြသ ရိုက်သွင်းသမျှကိုလည်း လေ့လာကျက်မှတ်နာယူခဲ့ရပါသည်။ လူတွေရဲ့ ကလေးနှင့် တိရိစ္ဆာန်မှ မွေးသော ကလေးများသည် မွေးဖွားလာစဉ်အခါက အသိဥာဏ်ရှိသော လူသား ဖြစ်လာရခြင်းမှာ လူတွေ၌ သင်ယူနိုင်အားကောင်းပြီး စဉ်းစားဉာဏ်ရှိသော ဦးနှောက်ပါလာခြင်းနှင့် ယင်းစွမ်းအားကို အသုံးပြုကာ သင်ယူနိုင်ခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။
အမှန်တကယ်တော့ မွေးဖွားလာချိန်ကစပြီး ဦးနှောက်ကောင်းရုံ သက်သက်ဖြင့်ကား ဘာမျှ တတ်မည် မဟုတ်ပေ။ သင်၍သာ တတ်ခြင်း ဖြစ်ပါသည်။ နည်းနည်းသင်လျှင် နည်းနည်းတတ်၍ များများသင်လျှင် များများတတ်မည် ဖြစ်ပါသည်။ ဒါကြောင့် စကားပုံတစ်ခုသည်လည်း ပေါ်ပေါက်လာရပေသည်။ ဘာလဲဆိုတော့ ငါးပိဖုတ်တောင် ဆရာမပြ နည်းမကျဆိုတဲ့ စကားပုံလေးကတော့ လူအများ သုံးနှုန်းနေကျသည်မှာ ပါးစပ်ဖျားတွင် ရေပန်းစားနေပါသည်။ လူအတော်များများမှာ ကလေးဘ၀မှစတင်ပြီး သင်ယူမှု အလေ့အကျင့်ရှိခဲ့ကြသော်လည်း ကျောင်းထွက်သည်နှင့် တစ်ပြိုင်နက် သင်ယူခြင်းကို ရပ်ရလေသည်။ ဤသည်မှာ မိမိ၏ အသိဉာဏ် ဖွံ့ဖြိုးမှုကို မိမိဘာသာရပ်ပစ်လိုက်ခြင်းပင် ဖြစ်ပါသည်။ အမှန်စင်စစ် တက္ကသိုလ်ကျောင်းမှ ဘွဲ့ပေးလိုက်ခြင်းသည်ပင် သက်ဆိုင်ရာ ဘာသာရပ်နှင့်ပတ်သက်၍ မိမိဘာသာ လေ့လာဆည်းပူးတတ်ပြီဟု အသိအမှတ်ပြုပေးလိုက်ခြင်းသာ ဖြစ်ပါသည်။ မိမိဘ၀တစ်လျှောက် အသက်မွေး၀မ်းကျောင်း ပြုမည့်အရာအတွက် ဆက်လက်သင်ယူလေ့လာကြရပေမည်။ မိမိဘာသာ လေ့လာမှုသည်ကား သေသည့်အခါမှသာ ပြီးဆုံးရပေမည်။ Life Long Learning ဆိုသည့်အတိုင်း အမြဲတစေ အစဉ်အမြဲ မျက်စိဖွင့် နားစွင့်ဖြင့် သင်ယူလေ့လာမှုများ ဆက်လက်ပြုလုပ်သွားဖို့ အထူးလိုအပ်လှပေသည်။ သင်ယူမှု မပြုသောသူသည် သေဆုံးသူနှင့်မခြား ရှိနေပေတော့မည်။
အသိပညာ အတတ်ပညာ တတ်မြောက်ဖို့ သင်ယူလေ့လာမှုသည် အမြဲလိုအပ်နေပါသည်။ ရှေးအချိန်တုန်းကတောင် ဦးကျဉ်ပွေ့ အတက်ပေါက်ပြီ ဆိုတဲ့ စကား ကြားခဲ့ဖူးပါသည်။ အသက်အရွယ် မရွေး ပညာကို မရှက်မကြောက်ပဲ လေ့လာ ဆည်းပူးခဲ့သည့် သာဓကများစွာလည်း ရှိပါသည်။ ပညာလို အိုသည်မရှိဆိုသလိုပေါ့။ ပညာမျက်စိိဟု ဆိုသည် မဟုတ်ပါလား။ သင်ယူလေ့လာမှ ပညာရှိမည်။ ပညာရှိမှ အမြင်ကျယ်မည်။ ကျွန်မတို့သည် အမြင်ကျယ်သူ၊ သဘောထားပြည့်၀သူ၊ သင်ယူလေ့လာ ဆည်းပူး လိုစိတ်ရှိသူများအဖြစ်နှင့်သာ မိမိကိုယ်ကိုသော်လည်းကောင်း၊ မိမိကျင်လည်ရာ ဘေးပတ်၀န်းကျင် လူ့အဖွဲ့အစည်းကိုသော်လည်းကောင်း ဖွံ့ဖြိုးတိုးတက်စေနိုင်မည် ဖြစ်ပြီး မိမိနေထိုင်ရာ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှ စွမ်းစွမ်းတမံ ပါ၀င်ကူညီဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားရင်းဖြင့် သင်ယူလေ့လာမှုကို အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားလိုက်ရပါတော့သည်။