News, Opinion

နှစ်သစ်မှာ ပျော်ချင်ပါတယ်။

ဒီဇင်ဘာ ၃၁ရက် ညဉ့်သန်းခေါင်ယံမှာ တစ်ကမ္ဘာလုံးက ဟက်ပီးနယူးရီးယားလို့ ကြွေးကြော် ကြပြီး ၂၀၁၅ နှစ်သစ် ကို ကြိုဆိုခဲ့ကြကာ ၂၀၁၄ နှစ်ဟောင်းကို နှုတ်ဆက်လက်ပြ ထားခဲ့ကြပြီ ဖြစ်ပါတယ်။ ကမ္ဘာသုံးပြက္ခဒိန်က ခရစ်နှစ်ကို အခြေခံထားတာ ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးလည်း ဒီအတိုင်းပဲ နှစ်ကူးကြရတယ်ပေါ့။ သူ့နိုင်ငံသူ့လူမျိုးတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းယဉ်ကျေးမှု အရတော့ ကိုယ့်ပြက္ခဒိန်နှစ်နဲ့ ကိုယ်ရှိကြမယ်။ ကိုဘအေးတို့ရဲ့ မြန်မာ့နှစ်သစ်ကူးက တန်ခူးလမှစမှာ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာ ယဉ်ကျေးမှုအရ သူများ နယူးရီးယားဆိုတော့လည်း ကိုယ်လည်းလိုက်ပြီး နယူးရီးယား လိုက်တာပေါ့ဗျာ။

ကမ္ဘာ့နှစ်သစ်ကူးနဲ့ ပတ်သက်ပြီးပြောရရင် လက်ရှိကမ္ဘာသုံး ပြက္ခဒိန်ကို ဂရီဂိုးရီးယန်း ပြက္ခဒိန်လို့ ခေါ်ပြီး ခရစ်တော် မပေါ်မီ Before Christ (BC) ခုနစ်ရာစုလောက်က ရောမဘုရင် နူမာပွမ်ပီးလီးယပ်စ်ခေတ်မှာ အသုံးပြုခဲ့တဲ့ရောမ ပြက္ခဒိန် ဟောင်းနဲ့ ဂျူလီယန် ပြက္ခဒိန်တို့ကို ဆက်ခံပြီး ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီပြက္ခဒိန် တွေမှာ ဇန်နဝါရီလကနေ ဒီဇင်ဘာလ အထိ ခေါ်ဝေါ်သတ်မှတ်ထားပြီးတော့ ဇန်နဝါရီလ (၁)ရက်နေ့ကို နှစ်သစ်ကူးနေ့ (New Year Day) အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်တုန်းကစပြီး ဒီလိုသတ်မှတ်ခဲ့လဲ ဆိုတော့ အနောက်ဥရောပနိုင်ငံတွေဟာ ဂျူလီယန် ပြက္ခဒိန်ကို အလယ်ခေတ်အထိ အသုံးပြုခဲ့ကြပြီး နှစ်သစ်ကူးနေ့တွေကို မတ်လ ၁ ရက်၊ မတ်လ ၂၅ ရက် ၊ စက်တင်ဘာလ ၁ ရက်နေ့နဲ့ ဒီဇင်ဘာလ ၂၅ ရက်စသဖြင့် အဆင့်ဆင့်ပြောင်းလဲခဲ့ ကြကာ ဂရီဂိုရီးယန်းပြက္ခဒိန် ပေါ်ပေါက်လာခဲ့ ၁၅၈၂ ခုနှစ် နောက်ပိုင်းကျမှသာ ဇန်နဝါရီလ ၁ရက်နေ့ကို နှစ်သစ်ကူး နေ့အဖြစ် သတ်မှတ်ခဲ့ကြတာလို့ သိရပါတယ်။

ဗြိတိသျှ ကိုလိုနီတွေ ဖြစ်ခဲ့တဲ့ အမေရိကန် အပါအဝင် ဗြိတိသျှဓန သဟာယနိုင်ငံတွေ အားလုံးဟာလည်း ၁၇၅၂ခုနှစ် ကျမှသာ ဇန်နဝါရီလ ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် စတင်သတ်မှတ်ခဲ့ တာဖြစ်တယ်လို့ မှတ်သားရပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီကနေ့အထိ မိမိတို့ကိုးကွယ်ရာ ဘာသာရေးအရဖြစ်စေ ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရဖြစ်စေ နှစ်သစ်ကူးနေ့တွေကို ကိုယ့်ရဲ့ သီးခြားကိုယ်ပိုင် ပြက္ခဒိန်များအရ သတ်မှတ်ထားတဲ့ နိုင်ငံအများအပြားလည်း ကမ္ဘာပေါ်မှာရှိကြသေး ကြောင်း၊ ဥပမာ-အစ္စရေး၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေ အပါအဝင် လက်တင် အမေရိကနိုင်ငံ အချို့မှာ ဒီနေ့အထိ မိမိတို့ရဲ့ ရိုးရာပြက္ခဒိန်များအရ နှစ်သစ်ကူးနေ့များကို သတ်မှတ်ထားပြီး နှစ်စဉ်ရိုးရာမပျက် ကျင်းပခဲ့ကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ နှစ်သစ်ကူးလရှိပြီးတော့ မြန်မာတိုင်း ရင်းသားတွေဖြစ်တဲ့ ရှမ်း၊ ကရင်၊ ရခိုင်နဲ့ တချို့တိုင်းရင်းသားတို့မှာ သီးခြားပြက္ခဒိန်တွေ ရှိကြပြီး သီးခြားနှစ်သစ်ကူးပွဲတော်တွေ ကျင်းပကြတာရှိပါတယ်။

နှစ်ပေါင်း ၁၀ဝ ကျော် အင်္ဂလိပ်ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေအကြား အနောက်တိုင်းယဉ်ကျေးမှုတွေ တစ်စတစ်စလွှမ်းမိုးခဲ့တာဟာ ဟိုတုန်းက သိပ်မသိသာလှပေမယ့် အခုလိုအိုင်တီခေတ်ကြီးမှာ အရှေ့ဘက်ကရော ၊ အနောက်ဘက်ကရော ဝင်ရောက်လာကြတဲ့ ယဉ်ကျေးမှုတွေဟာ တစ်ခါတစ်ခါ ဘယ်ကလာတဲ့ ယဉ်ကျေးမှု မှန်းတောင် မသိတော့ပါဘူး။ အထူးသဖြင့် ကမ္ဘာသုံး ပြက္ခဒိန်အရ နှစ်သစ်ကူးကာလဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ကနေ ဇန်နဝါရီ ၁ရက်နေ့အကူး ညမှာ New Year ကို ပျော်ပျော်ပါးပါးဆင်နွှဲကြတဲ့ ဓလေ့ဟာ အရင်တုန်းကတော့ ကိုယ့်အစုကလေးနဲ့ ကိုယ် တိုးတိုးတိတ်တိတ် အကျဉ်းရုံးပြီး ကျင်းပခဲ့ကြပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ၊ နှစ်ခုလောက်ကစလို့ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာကြပြီး အခုဆိုရင် မြို့ကြီးတွေမှာ တစ်မြို့လုံးနီးပါး ကိုယ့်နေရာနဲ့ကိုယ် ၊ ကိုယ့်ပုံစံနဲ့ကိုယ်ဆင်နွှဲလာကြတာ တွေ့ရပါ တယ်။

ကမ္ဘာပေါ်မှာ ကျင်းပပြုလုပ်ကြတဲ့ နှစ်သစ်ကူးပွဲတော်တွေမှာ အပျော်လွန်ကြပြီး လူအများအပြား ထိခိုက်ဒဏ်ရာရကြ ၊ သေကြတဲ့အကြောင်းတွေကို နှစ်စဉ်ကြားသိရပြီး၊ ဒီနှစ်မှာလည်း တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ နှစ်သစ်ကူးပွဲ ဆင်နွှဲနေကြတဲ့ အချိန်အဆောက်အဦးတစ်ခုပေါ်က ကူပွန်တွေ ကျဲချတာက ရုတ်ရုတ်သဲသဲဖြစ်ပြီး လူအုပ်ပိသေတာ ၃၅ ယောက်လောက် ရှိတယ်လို့ သတင်းစာမှာ ဖတ်လိုက်ရတယ်။ Happy New Year မဟုတ်ပဲ Sorry New Year ဖြစ်သွားတာပေါ့။ မြန်မာနိုင်ငံမှာ တော့ ရန်ကုန်တစ်ခုတည်းပဲ လူ ၃၀ဝ လောက် ဆေးရုံကြီးအရေးပေါ်ဌာနကို ရောက်လာတယ်လို့ ကြားသိရပြီး ယမန်နှစ် ကလောက် မရှိပဲ စိုးရိမ်ဖွယ်ရာဖြစ်လောက်အောင် မရှိဘူးလို့ ပြောပါတယ်။ အရက်နဲ့ကူးကြတဲ့ နှစ်ကူးမှာ ဒီလောက်ပဲဖြစ်တာ တော်သေးတယ်လို့ ပြောရပါမယ်။

တကယ်တမ်းတွေးကြည့်တော့ လူတွေက New Year New Year လို့သာအော်နေကြတာ ကိုယ့်အတွက် Old Year ဖြစ်သွားကြတာကို မသိကြဘူး။ ဟုတ်တယ်လေ နှစ်တစ်နှစ်ကုန်သွားပြီ ဆိုတာနဲ့ ကိုယ့်အသက် တစ်နှစ်ကြီးသွားပြီ။ တစ်နည်းအားဖြင့် တစ်နှစ်အိုသွားပြီး မဟုတ်လား။ ကိုဘအေးတို့လို ဒီဇင်ဘာမွေးတဲ့သူတွေအဖို့ ပိုပြီးသိသာတာပေါ့။ သက္ကရာဇ်တွေ တစ်နှစ် တစ်နှစ်ကုန်သွားတာနဲ့အမျှ အသက်တွေပိုကြီးလာရတာက ဓမ္မတာပါ။ အသက်မကြီးအောင် ရပ်တန့် ထားလို့လည်း မရဘူး။ ရုပ်ကိုသာဆေးဝါးတွေနဲ့ နုပျိုနေအောင် လုပ်ထားလို့ရမယ်။ အသက်မကြီး အောင် တားထားလို့မရပါ။ အချိန်က သူ့ဟာသူကုန်သွားတာပါ။ အရေးကြီးတာက ကျန်းမာနေဖို့ပဲ ဖြစ်ပါတယ်။

ဇာတိ ၊ ဇရာ ၊ ဗျာဓိ ၊ မရဏဆိုတဲ့ နိယာမအစဉ်အတိုင်း မွေးဖွားလာပြီးကတည်းက အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပြီး ဘယ်ဟာကိုမှ ရှောင်လွှဲလို့မရနိုင်ပါ။ လူ့ဘဝရဲ့ ပြေးလမ်းမှာ မွေးဖွားခြင်းဆိုတဲ့ တာထွက်ကနေ သေဆုံးခြင်းဆိုတဲ့ ပန်းတိုင်ကို ပြေးနေကြရတာပါ။ ဘယ်သူမှ ပန်းတိုင်မရောက်ချင်ဘူးဆိုပြီး ပြန်လှည့်ပြေးလို့မရပါ။ ဒီနေရာမှာ ပြေးလမ်းတိုတဲ့ သူကတော့ ပန်းတိုင်မြန်မြန်ရောက်တာပေါ့။ မိမိရဲ့ကံတရားအရ မီတာ ၅၀ ပြေးတဲ့သူကလည်း ပြေးရမယ်။ မီတာ ၁၀ဝ ပြေးတဲ့သူကလည်း ပြေးရမယ်။ မီတာ ၄၀ဝ ပြေးတဲ့သူကပြေးရမယ်။ မီတာ ၁၅၀ဝ ပြေးတဲ့သူကပြေးရမယ်။ မာရသွန်ပြေးနိုင်တဲ့သူကတော့ ပိုပြီးကုသိုလ်ကံကောင်းတာပေါ့ဗျာ။ အသက် ၈၀ ၊ ၉၀ ၊ ၁၀ဝ ရှည်တဲ့သူကို ကုသိုလ်ကောင်း တယ်လို့ ပြောကြပါတယ်။ ဒီနေရာမှာ အသက်ရှည်နေပြီးတော့ ကျန်းမာနေဖို့လည်း လိုပါတယ်။

ကံ၊ စိတ်၊ ဥတု၊ အဟာရ မျှတနေမယ် ဆိုရင် သက်ရှည်ကျန်းမာနိုင်ပါတယ်။ ငယ်ငယ်တုန်းက လူကြီးတွေက ဘုန်းကြီးပါစေ၊ သက်ရှည် ပါစေလို့ ဆုပေးကြတယ် မဟုတ်လား။ ဘုန်းကြီးပြီး သက်မရှည် ။ သက်ရှည်ပြီး ဘုန်းမကြီးတာတွေ လည်းရှိပါတယ်။ အခြေခံအားဖြင့်တော့ လူတွေဟာ စားဝတ်နေရေး အဆင်ပြေနေကြရင် ကျန်းမာတဲ့ လူမှုဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါမယ်။ တိုင်းသူပြည်သားတွေ စားဝတ်နေရေး အဆင်ပြေဖို့ ဆိုတာ တိုင်းပြည်စီးပွားရေး ကောင်းနေရပါမယ်။ တိုင်းပြည်စီးပွားရေး ကောင်းဖို့ဆိုတာ တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းမှ ဖြစ်ပါမယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ အရေးအခင်းတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှု တွေ၊ ဆန္ဒပြမှုတွေဟာ နိုင်ငံအနှံ့ နေရာအနှံ့မှာဖြစ်နေကြတာ တွေ့နေကြရမှာပါ။

မြန်မာနိုင်ငံမှာ လည်း နိုင်ငံရေး တည်ငြိမ်မှုလုံးဝရပြီလို့ မပြောနိုင်သေးတဲ့ အခြေအနေပါ။ အဲဒီတော့ စီးပွားရေး အနေနဲ့လည်း ထင်သလောက်မကောင်းသေးပါ။ အလုပ်လက်မဲ့တွေ ရှိနေကြဆဲပါ။ အဲဒါတွေဟာ ၂၀၁၅ နှစ်သစ်မှာ မပပျောက်ရင်တောင် လျော့နည်းသွားနိုင်ပါ့မလား ၊ ပိုပြီးတိုးလာမလား စောင့် ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။ ကိုယ်လည်း ပြည်သူပြည်သား တစ်ယောက် အနေနဲ့ တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းပြီး ကြီးပွားချမ်းသာတာ မြင်ချင်ပါတယ်။ စားဝတ်နေရေး အဆင်ပြေပြီး နှစ်သစ်မှာ ပျော်ချင်ပါတယ်။ ဝန်ထမ်းတွေကတော့ လစာတိုးဖို့ရှိတယ်လို့ ဆိုပါတယ်။ ပင်စင်စားတွေရော ပါဦးမှာလား ။ ကိုဘအေးတို့လည်း ၂၀၁၅ နှစ်သစ်မှာ ပျော်ပါရစေ။ “ကိုယ်လည်းချမ်းသာပါစေ ၊ စိတ်လည်းချမ်းသာပါစေ။ ကာယစိတ္တ သုခနဲ့အားလုံး ပဲ ပြည့်စုံကြပါစေ” လို့ အဆိုတော် ရုပ်ရှင်မင်းသားကြီး ဦးညွန့်ဝင်းရဲ့ သီချင်းလေးနဲ့ အဆုံးသတ် ဆုတောင်းပေးလိုက်ပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *