အနိစ္စတရားများ အင်မတန်အံ့သြဘွယ်ရာကောင်းသလို တုန်လှုပ်ဘွယ်ရာလည်း သိပ်ကောင်းပါတယ်။ နေ့မြင် ညပျောက်ဆိုတာ မျိုးတောင် မဟုတ်တော့ဘူး။ ခုမြင် ခုပျောက် ဖြစ်နေတယ်။ ဥပစ္ဆေဒကကံကြောင့် ဖြစ်တာကိုတော့ မပြောလိုပါ။ သူများသတ်လို့ ၊ မတော်တဆမှု တစ်ခုခုဖြစ်လို့ ၊ ခိုက်ရန်ဖြစ်ပွားရင်းနဲ့ စသဖြင့် သေဆုံးကြတာကိုတော့ မဆိုလိုချင်ပါ။ ဆိုးရွားတဲ့ရောဂါဝေဒနာ ခံစားနေရတဲ့ သူတစ်ယောက်အနေနဲ့လည်း အချိန်မရွေး သေသွားနိုင်တာမို့လို့၊ သူက တစ်နေ့တော့ လူ့လောကကြီးကို စွန့်ခွာ သွားရမယ်ဆိုတာကို သိထားမျှော်လင့် ထားပြီးလည်းဖြစ်လို့ ဒါကလည်း အဆန်းမဟုတ်ပါ။ ဒါပေမယ့် ညနေ ၅နာရီခွဲလောက်က အပြင်က ပြန်လာတဲ့သူတစ်ယောက်က ၆နာရီခွဲ လောက်မှာ သေနေပြီဆိုတဲ့သတင်းဟာ ကြားရတဲ့သူတွေ တကယ်အံ့သြတုန်လှုပ် သွားကြရပါတယ်။ သေခြင်းတရားဟာ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ သေမယ်ဆိုတာ ဘယ်သူမှ မှန်းလို့မရပါဘူး။ ဗေဒင်ဆရာတွေတောင် အတိအကျမတွက်နိုင်ပဲ အနီးစပ်ဆုံး ခန့်မှန်းခြေလောက်သာ ပြောနိုင်လိမ့်မယ်ထင်ပါတယ်။
ဘုရားရဟန္တာများမှပဲ အတိအကျပြောနိုင်မှာပါ။ လူဆိုတာ သေမျိုးပဲလို့ပြောကြတဲ့အတိုင်း လူအပါအဝင် အသက်ရှိတဲ့ သတ္တဝါ အားလုံးဟာ တစ်နေ့သေကြရမှာပဲ။ အဲဒီလိုသေကြရတဲ့အခါ အသေဆိုးနဲ့ အသေကောင်းနှစ်မျိုးပဲရှိတယ်။ အသေဆိုး ဆိုတာကတော့ စောစောကပြောတဲ့ ဥပစ္ဆေဒကကံပေါ့။ ပြီးတော့ ရောဂါဝေဒနာ အပြင်းအထန် ခံစားရပြီးတော့မှ သေရတာပေါ့။ အသေကောင်းဆိုတာကတော့ ရုတ်တရက်သေဆုံးတာ၊ ဦးနှောက်သွေးကြောပြတ်တာတို့၊ နှလုံးလေဟပ်တာတို့ပေါ့။ သူက ရောဂါဝေဒနာ မခံစားရဘူးလားဆိုတော့ ကြားရသိရတဲ့သူတွေကတော့ ရုတ်တရက် ဆုံးသွားတယ်ဆိုတော့ ဝေဒနာမခံစား ရလိုက်ဖူးလို့ပဲထင်ကြမှာ။ အများအားဖြင့် ဒီလိုအဖြစ်မျိုးက အနားမှာ လူမရှိကြတာများတယ်။ အနားမှာ လူမရှိတဲ့အချိန်မျိုးမှာ ဖြစ်သွားတတ်ကြတာ။ အဲဒီတော့ ဒီလူ ဝေဒနာခံစားသွားရတယ် မသွားရဘူးဆိုတာ အတတ်တော့ မပြောနိုင်ဘူး။
ရုတ်တရက်ဖြစ်သွားလို့သာ ဝေဒနာ မခံစား သွားရဘူးလို့ မှတ်ချက်ပြုကြရတာမဟုတ်လား။ အနည်းဆုံးတော့ အသက်မထွက်ခင် တစ်စက္ကန့် တစ်မိနစ်လောက်တော့ ခံစားသွားရမယ်လို့ ထင်ပါတယ်။ ကိုယ်သာမသိလိုက်တာလေ။ ကာယကံ ရှင်ကလည်း အကျိုးအကြောင်းပြန်မပြောနိုင်တော့ သေချာဂန မသိရဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဝေဒနာပြင်းပြင်းထန်ထန် မခံစားသွားရတာတော့ သေချာပါတယ်။ အဲဒီအတွက်တော့ သူ့အနေနဲ့ ကုသိုလ်ကောင်းတယ်လို့ပဲ သတ်မှတ်ရတာပါ။
ကိုစိုးမြင့်က ကိုဘအေးတို့နဲ့ ကပ်ရက်ခြေရင်းအိမ်ကပါ။ အားလုံးကတော့ သူ့ကို ဦးစိုး ကိုစိုးလို့ပဲခေါ်ကြပါတယ်။ သာကေတမြို့ စတည်ကတည်းကဆိုတော့ မဒမ်ဘအေးတို့ မိသားစုနဲ့ အိမ်နီးချင်းအဖြစ်နေခဲ့တာ နှစ်ပေါင်းငါးဆယ်ကျော်လောက်ရှိပြီပေါ့။
ကိုဘအေးက မဒမ်ဘအေးနဲ့ ပတ်သက်ပြီးတော့မှ သိရတာပါ။ ကိုစိုးက ကုန်သွယ်ရေး အငြိမ်းစားတစ်ယောက်ပါ။ သူက ရေဒီယိုတို့ ကက်ဆက်တို့ တီဗွီတို့စတဲ့ လျှပ်စစ်ပစ္စည်းတွေ ပြင်တတ်တော့ အဲဒီအလုပ်ကလေးကလည်း ကြိုကြား ကြိုကြား လုပ်ရတယ်။ နောက်ပိုင်းမှာတော့ အသက်ကြီးလာတော့ အဲဒီပြင်တဲ့ အလုပ်လည်း မလုပ်တော့ပါဘူး။ နောက်ပြီး သားသမီး တချို့ကလည်း မလေးမှာ အလုပ်သွားလုပ်နေကြတော့ စီးပွားရေးအဆင်ပြေတယ်လို့ပဲ ပြောရမှာပေါ့။ လက်ရှိအိမ်မှာက သမီးအကြီး မိသားစုနဲ့ အတူနေတယ်။ မိန်းမဆုံးသွားတာတော့ကြာပြီ။ အငယ်ဆုံးသမီးလေး နွယ်နီက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒီကောင်မလေးတောင် မလေးမှာ အလုပ်သွားလုပ်နေတယ်။ မလေးမှာ အလုပ်လုပ်နေတဲ့ သားအကြီးတစ်ယောက် ရဲ့ မိသားစုကတော့ ဟိုဖက်လမ်းမှာပဲနေတော့ ကိုစိုးအိမ်မှာပဲ အများအားဖြင့် ဝင်ထွက်ချက်ပြုတ်စားသောက်နေတာ။ အိပ်တဲ့အချိန်ပဲ အိမ်ပြန်အိပ်တာ။
အဲဒီနေ့က အိမ်မှာ လူတစ်ယောက်မှ မရှိဘူး။ သူ့အလုပ်နဲ့သူ၊ သူ့ကိစ္စနဲ့သူ အသီးသီး သွားနေကြတာ။ ကိုဘအေးတို့လည်း အိမ်ချင်းကပ်ရက်ပေမယ့် ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေကြတာဆိုတော့ အဲဒီဘက်မှာလူရှိ မရှိသတိမထားမိဘူး။ အဲဒီနေ့က သန်လျင်မှာနေတဲ့ သူ့သားအလတ်တစ်ယောက်ဆီကို ကြက်သားဝယ်ပြီး သွားပို့တယ်လို့သိရတယ်။ ညနေ ၅နာရီခွဲလောက်မှာ အထုပ်ကလေးတစ်ထုပ် ဆွဲပြီး ပြန်လာတာတွေ့တယ်လို့ လမ်းထိပ်က လဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့လူတွေက ပြောတယ်။ ၆ နာရီခွဲလောက်မှ အိမ်မှာအတူနေတဲ့ သူ့မြေး တစ်ယောက်က ပြန်လာပြီး အိမ်ထဲမှာ မီးတွေကလည်း မှောင်လို့ပေါ့။ အဖိုးအိပ်များ ပျော်နေသလားမသိဘူးပေါ့။ မီးတွေဖွင့်ကြည့်လိုက်တော့ ကုလားထိုင်ပေါ်မှာ ဇက်ကျိုးကျနေတာ တွေ့လိုက်ရတယ်။ အင်္ကျီကျွတ်ကြီးနဲ့ အပေါ်မှာလည်း ဒလက်ပန်ကာ အသေးလေးတစ်ခုကဖွင့်လို့။ သတိလစ်နေတဲ့သူ့အဖိုးကို လှုပ်နှိုးခေါ်ပြီး မရတော့ အိမ်နီးပါးချင်းတွေကို အော်ခေါ် ရတော့တယ်။ အိမ်နားကလူတွေရောက်လာကြပြီး အင်္ကျီဝတ်ပေးပြီး ခြေမချိုးတဲ့ သူကချိုး လမ်းထိပ်ဆေးခန်းက ဆရာဝန်ပြေးခေါ်တဲ့သူက ခေါ်ပေါ့။ ဆရာဝန်မကြီးရောက်လာပြီး မျက်လုံးဖြဲကြည့်တော့ မျက်လုံးတွေ ဝါနေတယ်လို့ပြောပြီး ဆေးရုံပို့ခိုင်းပါတယ်။ ဆေးရုံရောက်တော့ အသက်မပါတော့ဘူးလို့ ပြောတယ်။
ဆေးရုံကလည်း သေမှုခင်းမှုအနေနဲ့ ရင်ခွဲရမှာမို့လို့ အလောင်းကို ထားခဲ့ရပါတယ်။ မလေးရှားက သားနဲ့သမီးကို လှမ်းအကြောင်းကြားတော့ သားတစ်ယောက်ပဲလာနိုင်တယ်။ အချိန်မမှီရင်တော့ ၅ရက်ထားဖို့ဟာ နောက်တစ်နေ့ညနေ Flight နဲ့ပါလာတော့ သုံးရက်နဲ့ သဂြိုလ်လိုက်နိုင်တယ်။ ညနေ ၅နာရီခွဲမှာ အိမ်ပြန်လာတယ်။ ၆နာရီခွဲမှာဆုံးနေပြီ။ သေစာရင်းအရ ၆နာရီ ၃၃မိနစ်လို့ပါတယ်။ တစ်နာရီအတွင်းမှာပဲ မထင်မှတ် ပဲ လူ့လောကကြီးကို စွန့်ခွါသွားတယ်။ ကိုစိုးက သူ့ကိုသူလည်း သေလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး။ ပထမတစ်ရက်က အိမ်မှာရှိတဲ့ စက်နဲ့ပရက်ရှာတိုင်းကြည့်တာ အပေါ်သွေး ၂၄၀ တောင်ရှိတယ်တဲ့။ သူက အလကားစက်အစုတ်ကြီး ငါဒီလောက်လည်း မဟုတ်ပါဘူးလို့ပြော တယ်။ အခုသေတော့ ဆေးစာအရ သွေးဖိအားများပြီး နှလုံးရပ်သွားတာလို့ သိရပါတယ်။ အသက်က ၆၇ နှစ်ဆိုတော့ နေမယ်ဆိုလည်း နေလို့ရသေးတာပေါ့။
လူဆိုတာသေမျိုးကြီးပဲမို့လို့ သူသူ ကိုယ်ကိုယ် သေရမှာကတော့ မဆန်းပါဘူး။ ဒါပေမယ့် အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားလေးရှိတယ်။ ဒါဟာ အစားအသောက် အနေအထိုင် မဆင်ခြင်လို့ မသေသင့်ပဲ သေကြရတာကို ညွှန်းပြနေတာပါ။
တချို့ကလည်း သေချိန်တန်လို့ သေကြရတာလို့ဆိုပါတယ်။ တကယ်တော့ သေချိန်တန်တယ်ဆိုတာ ကိုယ့်ဖာသာကိုယ် မသိသလို သူများလည်း မသိနိုင်ပါဘူး။ တစ်ရပ်တစ်ကျေးကို ကိစ္စရှိလို့ပဲဖြစ်ဖြစ်၊ အလည်အပတ်ပဲဖြစ်ဖြစ် သွားရင်းနဲ့ ရုတ်တရက် ဆုံးပါးသွားရတဲ့ အဖြစ်မျိုးတွေရှိပါတယ်။ လူတွေကတော့ သူ့သင်္ချိုင်း ရှိရာသွားတယ်လို့ ပြောမှာပေါ့။ ဒါတော့ ဘေးလူအနေနဲ့ ပြောတာ။ ကိုယ်တိုင်ကတော့ ကိုယ့်သင်္ချိုင်းလားဆိုတာ ဘယ်သိမလဲ။ ငါဒီအရပ်မှာ သေမယ်လို့လည်း ထင်မထားဘူး။ ရှေ့မှာရေး ခဲ့သလိုပဲ ကိုယ်ဘယ်နေ့ရက် ဘယ်အချိန် ဘယ်နေရာမှာ သေမယ်ဆိုတာ ဘုရား ရဟန္တာတွေ ကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူး။
ဆရာတော် မေတ္တာရှင် (ရွှေပြည်သာ)ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။
လူငယ်လေးတစ်ယောက်ဟာ ညနေတိုင်း လဘက်ရည်ဆိုင်ထိုင်လေ့ရှိတယ်။ တစ်ညနေမှာ ထုံးစံအတိုင်း လဘက်ရည်ဆိုင် ထိုင်နေရင်းနဲ့ ကားတစ်စီးဖြတ်အသွားမှာ လက်သဲခွံလောက် ရှိတဲ့ ကျောက်ခဲစလေးတစ်စက သူ့နားထင်မှာလာမှန်ပြီး စိုက်သွားတယ်။ သူထိုင်တဲ့စားပွဲက လမ်းဘေးအစပ်မှာဆိုတော့ ကားကြိတ်သွားတဲ့ ခဲအစက စင်ထွက်လာတာ။ သူက ရယ်ရယ် မောမောနဲ့ အဲဒီအစလေးကို နာထင်ကဆွဲထုတ်လိုက်တယ်။ အဲဒီမှာ သွေးပွတ်ပွတ်ထွက်လာပြီး လဲကျသေဆုံးသွားတယ်။ ခဲအစလေးလာမှန်တာကို သူ့ကိုယ်သူသေလိမ့်မယ်လို့ မထင်ဘူး။ ဒီကိစ္စက ဘယ်သူ့ကို တရားစွဲမလဲ။ ခဲကိုကြိတ်သွားတဲ့ကားကို တရားစွဲမလား။ အဲဒီကိစ္စကို ကားမောင်းသွားတဲ့သူက ကားပေါ်ပါလာတဲ့သူတွေက သိတောင် သိမှာမဟုတ်ဘူး။ နောက်ပြီး တော့ ကားပေါင်း သောင်းခြောက်ထောင်သွားနေတဲ့ လမ်းပေါ်မှာ ဘယ်ကားဆိုတာလည်း မပြောနိုင်ဘူး။ ကံကြမ္မာပြောပါတယ်။ ဒီလိုသေဖို့ကံပါလာတော့ မျက်စိတမှိတ် လျှပ်တပြက် အတွင်းမှာကိုဖြစ်သွားတာ။ အနိစ္စတရားဟာ အတော်ဆန်းလည်း ဆန်းကြယ်ပါတယ်။
သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်သလို မျှော်လည်း မမျှော်မှန်းနိုင်ပါဘူး။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်လက်ထက်က ကိသာဂေါတမီဟာ သားသေကိုပိုက်ပြီး လူမသေဖူးတဲ့အိမ်က မုန့်ညှင်းဆီကို လိုက်ရှာလို့ မရနိုင်ခဲ့ဘူးမဟုတ်ပါလား။ လူတွေက ဒီနေ့သေမလား၊ နောက်နေ့ သေမလား ၊ ဘယ်အချိန်သေမလဲ မသိနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်အသက်ရှင်နေသမျှ ကာလလေး အတွင်းမှာ တတ်နိုင်သမျှ နောက်ဘဝအတွက် ကုသိုလ်ဝမ်းစာ ရှာထားကြရမယ်လို့ တရားတော်တွေက ဟောကြားထားတာ မဟုတ်လား။ ဒါ့ကြောင့် လူတိုင်းလည်း သိထားပြီးဖြစ်တဲ့ အောက်ပါ သံဝေဂလင်္ကာလေးနဲ့ပဲ ထပ်မံသတိပေးလိုက်ရပါတယ်။
ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။