News

လွှတ်တော်အတွင်း ပါတီနှစ်ခု အားပြိုင်၍ အမေရိကန်အစိုးရ လုပ်ငန်းများရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စုတွင် ရီပတ်ဘလီကင်နှင့် ဒီမိုကရက်တို့အနေနှင့် အစိုးရအသုံးစရိတ် ရန်ပုံငွေ ထည့်၀င်ရေး သဘောတူညီချက် မရရှိသည့်အတွက် နှစ်ပေါင်း ၁၇နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အစိုးရ၏ လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းသွားကြောင်း သိရသည်။ တနင်္လာနေ့ ညသန်းခေါင်မတိုင်မီ ဆယ်မိနစ်အလိုတွင် အိမ်ဖြူတော်ဘတ်ဂျက်ဌာနက အစိုးရဌာနတော်တော်များများအား လုပ်ငန်းများ ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် လုပ်ငန်းရပ်ဆိုင်းပိတ်သိမ်းခဲ့ခြင်းက လုပ်သားရှစ်သိန်းခန့်အား အထူးအခြေအနေအဖြစ် ယာယီခွင့်ဖြင့် အနားပေးလိုက်ရပြီဖြစ်သည်။ လေဘာတီရုပ်တု၊ ကရင်းကင်ညွန်နှင့် စမစ်ဆိုနီယမ်ပြတိုက် အဆောက်အအုံတို့ အပါအ၀င် ပြတိုက်များ ပန်းခြံများနှင့် အမျိုးသားအထိမ်းအမှတ်ရုပ်ထုများမှာ အများပြည်သူ လာရောက်လည်ပတ်ခွင့်မှ ပိတ်ထားရတော့မည်ဖြစ်ကြောင်း သိရသည်။

သမ္မတအိုဘားမားက “အစိုးရလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့လွှတ်တော်ရဲ့ သဘောတူညီမှု ရရှိဖို့အတွက် ဖြစ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမှာပါ”ဟု စစ်ဘက်ဆိုင်ရာအဖွဲ့၀င်များကို ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် အစိုးရလုပ်ငန်းများ ပိတ်ထားရသည့်အခြေအနေသို့ ရောက်ရှိစေရသည့်အကြောင်းမှာ ဒီမိုကရက်တို့ ဦးဆောင်သော အထက်လွှတ်တော်နှင့် ရီပတ်ဘလီကင် ဦးဆောင်သော အောက်လွှတ်တော်တို့တွင် သမ္မတအိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အချေအတင် ဖြစ်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *