တရုတ်နိုင်ငံလုပ် လိုင်စင်မပါပဲ ၀င်ရောက်လာသော နှုတ်ခမ်းနီများနှင့် တရား၀င် တင်သွင်းသော နာမည်ကြီး တံဆိပ်အတု နှုတ်ခမ်းနီများတွင် ခဲဓါတ်ပါ၀င်နေမှု မြင့်မားနေ၍ အသုံးပြုသူများ သတိထားကြရန် မနီလာတွင် စက်တင်ဘာ ၈ရက် (တနင်္ဂနွေနေ့)က သတိပေး ထုတ်ပြန်ခဲ့သည်ဟု AFP သတင်းတစ်ရပ်အရ သိရသည်။
အစားအစာနှင့် ဆေးဝါးအုပ်ချူပ်ရေး ဌာန (FDA)က အကြံပြုစာတစ်ရပ် ထုတ်ပြန်ခဲ့သည်မှာ မြို့များ၏ လမ်းဘေးများ၌ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိသော ပစ္စည်းများမှာ FDA ခွင့်ပြုချက်မပါရှိဟု ဖော်ပြခဲ့သည်။ အဆိုပါ ပစ္စည်းများတွင် လေးလံသော သတ္ထုများ ပါ၀င်နေပြီး အထူးသဖြင့် ခဲများ ပါ၀င်နေကြောင်း အဆို ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းနှုတ်ခမ်းနီဆိုးဆေးများမှာ ဌာနသို့ တရား၀င် ကြေညာထား မထားသော တရုတ်မှလာသော ပစ္စည်းများဖြစ်ပြီး အစစ်ကို တုပထားသော ပစ္စည်းများဖြစ်သော လမ်းဘေးဈေးသည်များက ရောင်းချနေကြကြောင်း အဆိုပါ အကြံပေး ကြေညာစာက ဖော်ပြခဲ့သည်။ အဆိုပါ နှုတ်ခမ်းနီဆိုးဆေးများမှာ Baolishi, Miss Beauty, Shijing, LingMei နှင့် Heng Faung တံဆိပ်များ ဖြစ်သည်ဟု သိရသည်။
လူကြီးများတွင် ခဲအဆိပ်သင့်ခြင်းကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်ပြီး အဆစ်အမြစ် ကိုက်ခြင်း၊ သတိမေ့တတ်ခြင်းနှင့် အာရုံစုစည်းမှု အားနည်းခြင်း ပြဿနာများ ဖြစ်နိုင်ကြောင်း FDAက ဖော်ပြခဲ့သည်။
ကလေးများမှာမူ အာရုံကြောရောဂါ ဖြစ်ပွားနိုင်ခြေ ရှိတတ်ကြောင်း၊ ၄င်းတို့၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ FDAက ပြောကြားရာတွင် အဆိုပါ ပစ္စည်းများအား သိမ်းဆည်းရန် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို အကြောင်းကြားပြီဟု ဆိုသည်။ သို့ရာတွင် ဤနှုတ်ခမ်းနီ ဆိုးဆေးများကို နိုင်ငံတွင်းသို့ မည်သို့ ၀င်ရောက်လာခဲ့သည်ကိုမှု FDA က ဖော်ပြမထားကြောင်း သိရပါသည်။