News

စည်းလုံးညီညာအောင်ကြောင်းဖြာ

စည်းလုံးညီညာအောင်ကြောင်းဖြာ

နောက်အပတ် ကြာသပေးနေ့ဆိုရင် ပြည်ထောင်စုနေ့ကို ရောက်ပြန်တော့မယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်တွေ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြတာ (၆၈) နှစ်ပြည့်ပြီပေါ့။ ပြည်ထောင်စုနေ့ဆိုတာ ပေါ့ပေါ့လေး တွေးမယ်ဆိုရင် တော့လည်း ပင်လုံစာချုပ်ချုပ်ဆိုတဲ့ နေ့လို့ပဲ လွယ်လွယ်မှတ်ယူကြမှာပါ။ တကယ်တမ်း လေးလေးနက်နက် စေ့ငုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အရေးပါတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ အဲဒီပင်လုံစာချုပ် မချုပ်နိုင်ရင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့ မသေချာပါဘူး။

မြန်မာနိုင်ငံကို စစ်သုံးကြိမ်ပြုပြီး ကျူးကျော်နယ်ချဲ့ခဲ့တဲ့ အင်္ဂလိပ်တို့ဟာ ကိုလိုနီအတွေ့အကြုံ ရင့်ကျက်နေတဲ့ သူတွေပီပီ မြန်မာနိုင်ငံကို စတင်အုပ်ချုပ်စဉ်ကပင် ဗမာပြည်မနဲ့ တိုင်းရင်းသားတို့ရဲ့ တောင်တန်းဒေသတွေကို မတူကွဲပြားခြားနားတဲ့ ဥပဒေတွေနဲ့ သီးခြားစီခွဲခြား အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာပြည်ကို မဖြစ်မနေ လွတ်လပ်ရေး ပေးရမယ် ဆိုရင်တောင် ဗမာပြည်မကိုသာ ပေးပြီး တောင်တန်းဒေသတွေကို ချန်ထားဖို့ ကြံစည်လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါတွေကိုသိတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှာ ကျင်းပပြုလုပ်တဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ ပြည်လုံးကျွတ်ညီလာခံကြီးမှာ ဆင်းမလားစီမံကိန်းကို လုံးဝလက်မခံဘဲ ပယ်ချပြီးစစ်မှန်တဲ့ လွတ်လပ်ရေး ရတဲ့အထိ ဆက်လက်အရေးဆိုသွားမယ်လို့ ရဲရဲတောက်မိန့်ခွန်းကို ပြောခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ဆင်းမလားစီမံကိန်းဆို တာ ဗြိတိသျှဘုရင်ခံ ယူဆောင်လာတဲ့ စက္ကူဖြူစာတမ်းမှာ ဖော်ပြထားတဲ့ စီးပွားရေး ၊ အုပ်ချုပ်ရေးနဲ့ လူမှုရေးတို့မှာ စိုးမိုးခြယ် လှယ်မယ့် စီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီညီလာခံမှာပဲ ဖဆပလ ဦးစီးအဖွဲ့ဝင် တောင်တန်းနယ်ဒေသ အတွင်းရေးမှူး ဦးဖေခင်က အဆိုတစ်ရပ်တင်သွင်းခဲ့ရာ ယင်းအဆိုမှာ “စက္ကူဖြူစာတမ်းဟာ တောင်တန်းဒေသများကို ချန်လှပ်ထားပြီး ဆက်လက် စိုးမိုးခြယ်လှယ်ဖို့ သူတို့ရဲ့ အလိုတော် ရိပဒေသရာဇ်တို့ ရာသက်ပန် တည်မြဲစေဖို့အတွက် နယ်ချဲ့ရဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်တယ်။ နယ်ချဲ့အင်္ဂလိပ်တွေက နှစ်ပေါင်း ၇၀ နီးပါး အုပ်စိုးခဲ့ပြီးမှ ယင်းနယ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မထိုက်တန်သေးဘူးဆိုရင် နောင်နှစ်ပေါင်း ၁၀ဝ ကြာသည်အထိ စောင့်ရဦးမလားဟု မေးလိုတယ်။ ကျွန်တော်တို့ဟာ ကျွန်ဘဝကို အတူတူရောက်ခဲ့တဲ့အတွက် လွတ်လပ်တဲ့အခါမှာလည်း တစ်ပြိုင်တည်း အတူတူလွတ်လပ်ချင်တယ်။ ကျွန်တော်တို့ ပြည်မနဲ့ တောင်တန်းဒေသများ ပူးပေါင်းရေးဟာ အင်္ဂလိပ်နယ်ချဲ့ တို့က ဆုံးဖြတ်ဖို့ ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့အချင်းချင်း လွတ်လွတ်လပ်လပ် ကူးလူးဆက်ဆံညှိနှိုင်း တွေ့ဆုံကြရမယ့် ကိစ္စသာဖြစ်တယ်။

ရှမ်းပြည်သူလူထုကြီးကလည်း ပဒေသရာဇ် စော်ဘွားတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဆက်ပြီးသည်းမခံနိုင်တော့ဘူး”လို့ပြောဆိုပြီး “တောင်တန်းဒေသများနှင့် မြန်မာပြည်ပူးပေါင်းရေး” အဆိုကို တင်သွင်းခဲ့ရာ ညီလာခံက တစ်ခဲနက် အတည်ပြုပြီး ဆုံးဖြတ်လိုက် တယ်လို့ ၄င်းရဲ့ “ကိုယ်တွေ့ပင်လုံ” စာအုပ်မှာ ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။ သမိုင်းဝင် ပင်လုံညီလာခံရဲ့ အစပျိုးမှု လို့ဆိုရမယ့် ပထမ ပင်လုံအစည်းအဝေးဖြစ်ပေါ်လာပုံ မှာ ၁၉၄၅ ခုနှစ်လယ်လောက်မှာ မိုင်းပွန်စော်ဘွားကြီး စစ်စံထွန်း (ဗိုလ်ချုပ် တို့နှင့်အတူ လုပ်ကြံခံရ) ညောင်ရွှေစော်ဘွား စစ်ရွှေသိုက် (မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်လာသူ) သထုံမြို့စားကြီး စစ်ခွန် ကြည်တို့ ဦးဆောင်ပြီး စော်ဘွားများက ထိုစဉ်က ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အခြေအနေ မြန်မာ့အခြေအနေများကို ဆွေးနွေးကြရင်း မိမိတို့လည်း အနာဂတ်အတွက် မည်သို့ ဆောင်ရွက်ကြမည်ကို ထည့်သွင်းစဉ်းစားရန် အချိန်ရောက်နေပြီ ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

စော်ဘွားများရဲ့တာဝန်ပေးချက်အရ မိုင်းပွန်စော်ဘွားကြီးဟာ ၁၉၄၅ ခု နှစ်လယ်လောက်မှာ ရှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့မှာ အစည်းအဝေးတစ်ရပ် ကျင်းပပြီး အဲဒီအစည်းအဝေးကြီးက ပင်လုံမြို့မှာ “ရှမ်းပြည်လက်မှုပြပွဲ” အမည်ခံပြီး အစည်းအဝေး တစ်ရပ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်း ၊ ဂဠုန်ဦးစောနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ၊ တောင်တန်းဒေသက ကချင် ၊ ချင်း ၊ ကရင်နီ (ကယား)တို့ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်က ရခိုင်ဘက်မှာ အရေးကြီးကိစ္စတွေ ဆွေးနွေးဖို့ အစီအစဉ်ပြုလုပ်ထားပြီးဖြစ်လို့ သခင်နု ၊ မန်းဘခိုင်နဲ့ ဦးဘဂျမ်းတို့ကိုပဲ တာဝန်ပေး စေလွှတ် ခဲ့ပါတယ်။ ဒါနဲ့ပဲ ပထမ ပင်လုံညီလာခံလို့ ခေါ်ဆိုနိုင်တဲ့ ပင်လုံအစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ် ၁ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ သခင်နုက မိန့်ခွန်းပြောကြားရာမှာ နယ်ချဲ့တို့က နယ်ခြားဒေသအပေါ်ထားရှိတဲ့ သဘောထားများကို ထိုးနှက် တိုက်ခိုက်ပြီး နယ်ချဲ့စနစ်ရဲ့ ဆိုးယုတ်ပုံ အကြောင်းများကို ပြောကြားခဲ့တဲ့အပြင် ရှမ်း-ဗမာချစ်ကြည်ရေးကို သမိုင်းကြောင်းနဲ့ ချီကာ ပြောကြားခဲ့ပြီး ရှမ်းနဲ့ဗမာ အတူတူပင်ဖြစ်၏ တစ်မျိုးတစ်စား တစ်သွေးတစ်သားတည်းပင် ဖြစ်တယ်လို့ ဟောပြောချက် ကို ပရိသတ်က တစ်ခဲနက် သြဘာပေးကြတယ်လို့ သိရပါတယ်။ ယင်းအစည်းအဝေးက နောင်လာမယ့်နှစ်မှာ အလားတူ ညီလာ ခံမျိုး ကျင်းပဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီကာလတွေမှာ ဗြိတိသျှနယ်ချဲ့တို့ဟာ နည်းလမ်းမျိုးစုံသုံးပြီး ပြည်နယ်တွေနဲ့ ပြည်မကို ခွဲခြားဖို့ ကြိုးစားခဲ့ကြတယ်။ ဗမာနဲ့ အခြားတိုင်းရင်းသား လူမျိုးတွေကို သွေးကွဲစေဖို့ ၊ ခေါင်းဆောင်နဲ့ ပြည်သူတွေအကြား ယုံကြည်မှု ပျက်ပြားစေဖို့ ၊ ခေါင်းဆောင် အချင်းချင်း အထင်အမြင်လွဲမှားစေဖို့ ၊ အမျိုးသား သစ္စာဖောက်တွေကတဆင့် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြှော်အမြင်ကြီးမားမှု ၊ အချင်းချင်းနားလည် ယုံကြည်မှု၊ ပြည်သူတွေက မိမိတို့ခေါင်းဆောင်အပေါ် ယုံကြည်ကိုးစားမှုတွေကြောင့် နယ်ချဲ့တို့ရဲ့ သွေးထိုးမှုအမျိုးမျိုးကို ကျော်လွှားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဗြိတိသျှနယ်ချဲ့တို့ဟာ မတတ်သာတဲ့အဆုံး မြန်မာ့အနာဂတ်အရေးအတွက် ဆွေးနွေးဖို့ဆိုပြီးတော့ ၁၉၄၆ ခုနှစ် ၊ ဒီဇင်ဘာလအတွင်းမှာ မြန်မာကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို လန်ဒန်သို့ စေလွှတ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ်ကလည်း ကိုယ်စားလှယ်အဖွဲ့ကို အာဏာအပြည့်အဝ အပ်နှင်းပြီး လန်ဒန်ကို စေလွှတ်ရေးအတွက် ဆွေးနွေးကြတယ်။ အစည်းအဝေးရဲ့ အများသဘောတူ ဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းဟာ “တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးရရှိစေရမယ်” ဆိုတဲ့ ကြွေးကြော်သံကို ကိုင်စွဲလျက် ၁၉၄၇ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ လန်ဒန်ကို ထွက်ခွာသွားပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်တို့ လန်ဒန်ရောက်ပြီး မကြာဘူး ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်ကိုသာ ကိုယ်စားပြုသူဖြစ်ကြောင်း ၊ တောင်တန်းဒေသကို ကိုယ်စားပြုသူမဟုတ်ကြောင်း ၊ ဒါ့ကြောင့် တောင်တန်းနယ်များကိစ္စကို ဆွေးနွေးဖို့ ရှမ်းစော်ဘွားတွေကို သီးသန့်ဖိတ်ခေါ်ပါဆိုပြီး စော်ဘွားတွေက ဗြိတိသျှအစိုးရကို ကြေးနန်းရိုက်ပြီး တောင်းဆိုလိုက်ပါတယ်။ အဲဒီကြေးနန်းရဲ့ အကျဉ်းချုပ်ကတော့ မြန်မာမင်းတွေ လက်ထက်ကတည်းက ရှမ်းပြည်ကို သီးခြားပြည်နယ်အဖြစ် အသိအမှတ်ပြုခဲ့ကြောင်း ၊ မြန်မာပြည်ကို လွှတ်လပ်ရေးပေးရင် သူတို့လည်း အလားတူအခွင့် အရေးရသင့်ကြောင်း ၊ ရှမ်းပြည်ဟာ မြန်မာပြည်မနဲ့ ပူးပေါင်းဖို့ အချိန်မကျသေးကြောင်း၊ ပဒေသရာဇ် စော်ဘွားများကို အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေးရာများမှာ စီမံခန့်ခွဲခွင့် ပေးသင့် ကြောင်း၊ ရှမ်းပြည်နဲ့ နယ်စပ်ချင်းဆက်စပ်နေတဲ့ တိုင်းပြည်များနဲ့ လွတ်လပ်စွာ ဆက်ဆံခွင့်ပေးဖို့ ၊ ရှမ်းပြည်ဟာ အခြား တောင်တန်းဒေသများ နည်းတူ နယ်ခြားဒေသအုပ်ချုပ်ရေးရဲ့ ဘောင်အတွင်းမှာသာ နေထိုင်လိုကြောင်း၊ မြန်မာနိုင်ငံနဲ့ ပူးပေါင်းရမယ် ဆိုပါကလည်း ပဒေသရာဇ် ရှမ်းပြည်အတွက် လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိမယ်ဆိုတဲ့မူနဲ့သာ ဆွေးနွေး လိုကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှ ခွဲထွက်လိုပါက ခွဲထွက်နိုင်ခွင့်ကို နောင်ရေးဆွဲမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာမခံချက် ပေးရမှာဖြစ်ကြောင်း …. စတဲ့ အချက်များပါဝင်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သခင်နုက ဖဆပလ အဖွဲ့ချုပ်မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပကာ “ တစ်နှစ်အတွင်း လွတ်လပ်ရေး ရရှိရေးအတွက် တောင်းဆိုရာတွင် ရှမ်းနှင့်မြန်မာတို့ အကြား နားလည်မှုရရှိပြီး ရှမ်းများက ပါဝင်သင့်ကြောင်း” ရှင်းလင်းပြောဆို၍ ဗိုလ်မှူးအောင် ၊ ဦးထွန်းလင်းနဲ့ ဦးဖေခင်တို့ကို ရှမ်းပြည်နယ်သို့ အမြန်ဆုံးသွားရောက်ပြီး စော်ဘွားများနဲ့ တွေ့ဆုံကာ “ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်တွင် မြန်မာနိုင်ငံအတွက် အရေးဆိုနေစဉ် စည်းလုံး ညီညွတ်မှုပြိုကွဲစေမည့် မည်သည့် လုပ်ရပ်မျှ မပြုလုပ်ကြဖို့ တစ်ယောက်တစ်ပေါက် မလုပ်ကြဖို့ စော်ဘွားများအား တားမြစ်ရန်” မှာကြားပြောဆိုလိုက်ပါတယ်။

ဗိုလ်မှူးအောင်တို့အဖွဲ့ဟာ တောင်ကြီးမြို့မှာ ဦးတင်အေးနဲ့လည်းကောင်း ၊ ညောင်ရွှေမှာ စော်ဘွားကြီးနဲ့လည်းကောင်း တွေ့ဆုံဆွေးနွေးပြီးတော့ တောင်ကြီးဈေးနေ့ ဈေးရှေ့ကွက်လပ်မှာ လူထုစည်းဝေးပွဲကြီး ကျင်းပပြီး ရှမ်းပြည်နယ် လွတ်မြောက် ရေး အဖွဲ့ချုပ်က ဗမာပြည်မနှင့်အတူ ရှမ်းပြည်အား လွတ်လပ်ရေး ချက်ချင်းပေးရန်နဲ့ လန်ဒန်ရောက် ဗိုလ်ချုပ်အောင်ဆန်း နဲ့အဖွဲ့အား တစ်ညီတစ်ညွတ်တည်း ထောက်ခံကြောင်း အဆိုတစ်ရပ်ကို တင်သွင်းရာ အားလုံးတစ်ခဲနက် ထောက်ခံအတည်ပြု ကြပါတယ်။ လူထုစည်းဝေးပွဲကြီးပြီးတော့ လူထုကြီးဟာ ကိုလိုနီစနစ်နဲ့ ပဒေသရာဇ်စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံများကို ကြွေးကြော်ကာ မြို့တွင်းသို့ စီတန်းလှည့်လည် ဆန္ဒပြကြရာ ကြေးနန်းရုံးရှေ့ရောက်တဲ့အခါ လန်ဒန်ရောက် ဗိုလ်ချုပ်အောင်ဆန်း တို့ထံ အကျိုးအကြောင်းဖော်ပြပြီး ကြေးနန်းပို့လိုက်ပါတယ်။

အဲဒီကြေးနန်းဟာ များစွာထိရောက်မှုရှိသွားတဲ့အတွက် အင်္ဂလန်နိုင်ငံ ကိုလိုနီနဲ့ ဒိုမီနီယံရေးရာ ကိစ္စများဆိုင်ရာ ဒုတိယဝန်ကြီး အာသာဘော့တွမ်လေကို ပင်လုံညီလာခံသို့ လေ့လာသူတစ်ဦးအဖြစ် တက်ရောက်ဖို့ အက်တလီက ဆုံးဖြတ်လိုက်ရပါတယ်။
အဲဒီမှာ ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဗြိတိသျှအစိုးရတို့ ညှိနှိုင်းဆွေးနွေးမှုအရ မြန်မာနိုင်ငံကို “ပြည်ထောင်စု” ပုံစံနဲ့ လုံးဝ လွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုတဲ့ “အောင်ဆန်း-အက်တလီစာချုပ်” ကို ၁၉၄၇ ခုနှစ် ၊ ဇန်နဝါရီလ (၂၇)ရက်နေ့မှာ လက်မှတ် ရေးထိုးချုပ်ဆိုလိုက်ရပါတော့တယ်။

ဒီစာချုပ်အရ တိုင်းပြုပြည်ပြု လွှတ်တော်ကို ဧပြီလအတွင်း ပြီးစီးအောင် ကျင်းပပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ် အမြန် ရေးဆွဲအတည်ပြုရန် ဖြစ်ပါတယ်။ တောင်တန်းဒေသများနဲ့ ပတ်သက်၍ (က) တောင်တန်းဒေသ နှင့် မြန်မာပြည်မ အနှောင့်အယှက်မရှိ လွတ်လပ်စွာ ကူးလူးဆက်ဆံခွင့်ရှိရမည်။ (ခ) မကြာမီ အချိန်အတွင်း (ဖေဖော်ဝါရီလ) တွင် ကျင်းပမည့် (ပင်လုံ) ညီလာခံတစ်ရပ်၌ တောင်တန်းဒေသ ခေါင်းဆောင်များအား စပ်ကူးမတ်ကူး ကာလအတွင်း မြန်မာပြည်မနှင့် မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်လိုသည် ဆိုသည့် သဘောထားကို မေးမြန်းရန်ဆိုပြီး ပါရှိတယ်လို့ သိရပါတယ်။

ပင်လုံညီလာခံအစမှာ ဗိုလ်ချုပ်က “ ရှမ်းဗမာချစ်ကြည်ရေးနှင့် ပတ်သက်၍ သမိုင်းက သက်သေခံနေသည့် အကြောင်း ယခင် ကလည်း ပြောပြီးပြီဖြစ်၍ ယခုအစည်းအဝေးတွင် နောင်အနာဂတ်အတွက် ဘယ်လိုစခန်းသွားကြမယ် ဆိုတာကိုသာ တိုင်ပင် ဆွေးနွေးစေလိုကြောင်း” ပဏာမပြောကြားပြီး “ကျွန်တော်တို့ ရှေ့လျှောက်ပြီး အတူတကွ အနာဂတ်ကို ဘယ်လိုရင်ဆိုင်မလဲ ဆိုသည့်အချက်မှာ အရေးအကြီးဆုံး အချက်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ ပြဿနာကို ကျုပ်တို့အချင်းချင်းသာ ဖြေရှင်းယူရမှာ ဖြစ်ကြောင်း၊ အမေကျော်ဒွေးတော်လွမ်းနေ၍ မဖြစ်ကြောင်း၊ အချို့အမြှော် အမြင်မရှိသူ ၊ အမြင်ကျဉ်းသူတွေက တောင်တန်း ဒေသရဲ့ အကျိုးစီးပွားဟာ မြန်မာနိုင်ငံရဲ့ ပြင်ပမှာ ရှိတယ်လို့ စိတ်ကူးယဉ်နေပုံရကြောင်း ၊ တကယ်တော့ သမိုင်းတစ်လျှောက်လုံး ပြည်မက ဗမာတွေနဲ့ တောင်တန်းသားများ ခိုင်မြဲစွာ လက်တွဲနေထိုင်လာခဲ့ကြသည့်အတိုင်း ယခုလည်း နေထိုင်လျက် ရှိကြောင်းနှင့် စစ်အတွင်းတွင် စစ်တလင်းနှစ်ခါပြန် ဖြစ်ခဲ့ရ၍ ပြာပုံအထိဖြစ်ခဲ့ရသည့် အခြေအနေကို လွတ်လပ်ရေးရပြီးနောက် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံအဖြစ် စုပေါင်း ညီညာစွာ ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ရာ ရှမ်း ၊ ကချင်နဲ့ ချင်းကိုယ်စားလှယ်များက နှစ်သက်လက်ခံခဲ့ကြပါတယ်။

ဒီလိုနဲ့ မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်တဲ့ သမိုင်းဝင် “ပင်လုံစာချုပ်ကြီး” ကို ၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ကြပါတော့တယ်။ ဒီအကြောင်းတွေကို ပြန်လည်ဖော်ပြနေရတာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ပင်လုံစာချုပ်ဟာ အရေးကြီးသလို ပင်လုံစာချုပ်ဖြစ်လာဖို့အတွက် ဗိုလ်ချုပ်တို့ ဘယ်လောက် ခေါင်းစား ခဲ့ကြရတယ်ဆိုတာရယ် ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အပတ်တကုတ် ကြိုးပမ်းအားထုတ်ကြရတယ်ဆိုတာရယ် ၊ ပင်လုံစာချုပ်ဟာ လွယ်လွယ်နဲ့ ချုပ်ဆိုနိုင်ခဲ့ကြတာ မဟုတ်ဘူးဆိုတာရယ်ကို သိစေချင်လို့ပါ။ ပင်လုံစာချုပ်ကို တိုင်းရင်းသားတွေ လက်မှတ်ရေးထိုးခဲ့ကြတာဟာ စာချုပ်ပါ စာသားများထက် ဗိုလ်ချုပ်အောင်ဆန်းအပေါ် ယုံကြည်မှုက ပိုမယ်ထင်ပါတယ်။ ဗိုလ်ချုပ်ကလည်း ကတိပေးခဲ့တဲ့အတိုင်း ကချင်လူမျိုးတို့လိုလားတဲ့ ကချင်ပြည်နယ်ကို ဖော်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့်လည်း ယခုအခါလာမယ့် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှာ ချုပ်ဆိုဖို့ လျာထားတဲ့ အစိုးရကိုယ်စားပြု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပြစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)တို့ရဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်နဲ့ တိုင်းရင်းသား တို့လိုလားတဲ့ နိုင်ငံရေးအာမခံမှုဟာလည်း စာချုပ်ပါစာသားများထက် အစိုးရနဲ့တိုင်းရင်းသားများ တစ်ဦးအပေါ်တစ်ဦး အပြန် အလှန်ယုံကြည်မှုက ပိုပြီးအဓိက ကျတယ်လို့ထင်ပါတယ်။ နောက်တစ်ခုကလည်း စည်းလုံးခြင်းသည်အင်အား ၊ စည်းလုံးညီညာ အောင်ကြောင်းဖြာ ဆိုတဲ့အတိုင်း တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ သမိုင်းဝင်ပြည်ထောင်စုနေ့ရဲ့ ဂုဏ်ကို ထပ်ဆင့်မြှင့် တင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *