News, Opinion

တပို့တွဲလဖွဲ့နှင့် ဦးကြင်ဥ

တပို့တွဲလဖွဲ့နှင့် ဦးကြင်ဥ

တပို့တွဲ ၊ ပေါက်လဲတဲ့ဖူးငုံ
တစ်ပင်ကို ၊ တစ်ပင်ယှက်တယ်
ကျေးငှက်ကအုံ ……
အင်္ဂလိပ်လတစ်လမှာ မြန်မာလနှစ်လတစ်ဝက်စီလောက် ပါဝင်လေ့ရှိတဲ့အတိုင်း အခုဇန်နဝါရီလဟာ ပြာသိုလနဲ့ တပို့တွဲလတို့ တစ်ဝက်စီလောက် ပါနေပါတယ်။ နောက်တစ်ပတ်ဆိုရင် တပို့တွဲလဆန်းပါပြီ။ ဟေမန်အဆုံး ၊ ကိုက်ဖူးပုရစ် ၊ ရွှေချပ်စစ်ကို ၊ လေလှစ်တုန်းမို့ ဆိုတဲ့အတိုင်း တပို့တွဲလဟာ ဆောင်းရာ သီရဲ့ နောက်ဆုံးလဖြစ်ပါတယ်။ တပို့တွဲလကုန်ပြီးရင် နွေရာသီအစ တပေါင်းလကို ရောက်မှာပါ။ ဆောင်းဥတုရဲ့ နောက်ဆုံးလ ဖြစ်လို့လားမသိဘူး တပို့တွဲလဟာ အချမ်းပိုပိုနဲ့ နှုတ်ဆက်လျက် ရှိနေပါတယ်။ ရောဟဏီနက္ခတ် ၊ မာဃနက္ခတ်နဲ့ ဓူဝံကြယ်တို့ စန္ဒာလမင်းကြီးနဲ့အတူ ယှဉ်တွဲပြီး ထွန်းလင်း တောက်ပတဲ့ အချိန်လည်းဖြစ်ပါတယ်။

တပို့တွဲလဖွဲ့နဲ့ ပတ်သက်ပြီး ဦးကြင်ဥရဲ့ ပဒေသာသီချင်းများထဲမှာ တွေ့ရှိရပါတယ် – အော် – လဲ့လဲ့မှုံပျံ့ ၊ မှဲ့မှဲ့တံ့လို့ ၊ နံ့တပျံပျံ ၊ လက်ပံငုံဖူး ၊ ဆက်ရက်ကယ်မြူးလို့ ၊ ပေါက်ဖူးငယ်လျှံ သည် ၊ ဂိမှာန်နွေငှက်ကကျင်းတော့မယ်။ ဟေမန်အဆုံး ၊ ကိုက်ဖူးပုရစ် ၊ ရွှေချပ်စစ်ကို ၊ လေလှစ်တုန်းမို့ ၊ နောက်ဆုံးနာရီ ကျွန်းကမှီလို့ ၊ ရောဟဏီမင်း ၊ တောက်ပဝင်းသည် ၊ သွင်းသန်းခေါင်လောက် ၊ တီးနှစ်ချက်လဲ ၊ ချိန်စက်ရောက်က ၊ သံကောက်မာဃ ၊ကြယ်ဓူဝတို့ ၊ အာကာသတိုင် ၊ ခြည်ဝါရောင်ဆင့် ၊ ယုန်စန်းပွင့်နှင့် ၊ မွန်းတင့်ငယ်ဆိုင်သည် ၊ ခရိုင်ရွှေမြို့လင်းတော့မယ်။ ဦးကြင်ဥဟာ သူ့ရဲ့တပို့တွဲလဖွဲ့ကို အောက်ပါလေးချိုး သဖြန်လေးနဲ့ အဆုံးသတ်ထားပါတယ်။

ထန်းယဉ်နင်း ၊ ပေါက်ကင်းတဲ့လဲငုံ ။
ဆက်ရက်ကယ်သာကာနှင့် ၊ ယော်ရွက်ဝါတမာနု ၊ လွမ်းသူ့ပူပုံ ။
စရိုက်ကယ်လှုံ ၊ ပင်မြုံရင့်သိုက်နန်း ။
ထွက်စီးငယ်ဝှန် ၊ ကျောက်စက်ကယ်ရေတံခွန်နှင့် ၊ ဟေမဝန်သာယာနုပါဘိ ၊ ယွန်းလုငွေဆန်း ။

ဒီနေရာမှာ ထုတ်ဝေတဲ့ စာလုပ်တိုက်တွေရဲ့ တည်းဖြတ်မှုအရ စာလုံးပေါင်းသတ်ပုံအနည်းငယ် ကွဲလွဲနေတာလေးတွေ ရှိပါတယ်။ အထက်ပါ တပို့တွဲလ ကဗျာလင်္ကာလေးက လှသမိန်တည်းဖြတ်ပြီးတော့ အောင်မိတ်ဆက်စာပုံနှိပ်မှာ ရိုက်နှိပ်ကာ တင်ဆွေအေး စာအုပ်တိုက်က ထုတ်ဝေဖြန့်ချီတာ ဖြစ်ပါတယ်။ အဲဒီကဗျာလေးကိုပဲ ပါမောက္ခ ဦးဧမောင် ရွေးချယ်စီစဉ်ပြီး စကြာဝဠာစာပုံနှိပ် တိုက်မှာ ရိုက်နှိပ်တဲ့ အနုစာပေကောက်နုတ်ချက် (ပထမတွဲ)မှာတော့ အေက်ပါကွဲလွဲချက်လေးတွေကို တွေ့ရပါတယ်။

“နံ့တပြန်ပြန် ”
“ ဇရက်ကယ်မြူးလို့ ”
“ ဂိမှာန်နွေဘက်က ကျင်းတော့မယ် ”
“ ဟေမန်အသုန်း ”
“ သွင်းသန်ကောင်လောက် ”
“ ထန်းရည်နင်း ”
“ ဇရက်ကယ် သာကာနှင့် ”
“ ပင်မြုံမြင့် သိုက်နန်း ”
“ ယ္ခန်းလုနွေဆန်း ” စာလုံးပေါင်း သတ်ပုံကွဲလွဲချက်လေးတွေ ရှိပေမယ့် အဓိပ္ပါယ်အနေနဲ့ ထူးထူးခြားခြား ပြောင်းလဲသွား တာမျိုးတော့ မရှိပါဘူး။ အမှန်ကိုတော့ ကဗျာရေးဖွဲ့သူ စာဆိုရှင် ဦးကြင်ဥပဲ သိနိုင်ပါလိမ့်မယ်။ ဦးကြင်ဥဟာ မြေထဲမြို့ (ယခုအောင်လံမြို့) စီရင်စု ဆင်ပေါင်ဝဲရွာ ဇာတိဖြစ်ပါတယ်။ ဆင်ပေါင်ဝဲ ရွာဆိုတာ လက်ရှိဆင်ပေါင်ဝဲမြို့ကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့မွေးသက္ကရာဇ်နဲ့ မိဘမည်ရည်တို့ကို မသိရပေမယ့် ဘကြီးတော်မင်းလက်ထက်ကနေ ပုဂံမင်းလက်ထက် (သက္ကရာဇ် ၁၁၈၀ ကျော်မှ ၁၂၁၅ ခုနှစ်ခန့်) အထိ စာပေရေးသားပြုစုခဲ့တဲ့ စာဆိုတော်ကြီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ပဒေသာသီချင်း ဆိုတဲ့ ရာသီဖွဲ့ ၊ တောဖွဲ့ ၊ သံဝေဂဖွဲ့ ၊ တာရာဖွဲ့ ၊ မုဆိုးစကား ၊ ဇော်ဂျီစကား ၊ ဆိုင်းဆင့်စသည်များကို ရေးသား ဖွဲ့နွဲ့ခဲ့တဲ့ ဦးကြင်ဥဟာ စလေဦးပုညနဲ့ ခေတ်ပြိုင်ပြဇာတ်ဆရာကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးကြင်ဥဟာ အမရပူရမြို့တော်မှာ ခစားထမ်းရွက်ပြီး စာဆိုခဲ့ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဇာတိဆင်ပေါင်ဝဲကို ပြန်လည် နေထိုင်တယ်လို့ သိရ ပါတယ်။ ဦးကြင်ဥဟာ ဒေသန္တရ ဗဟုသုတကိုလည်း ရှာမှီးတတ်သူ ဖြစ်တဲ့အတွက် နေပြည်တော်တခွင် သာမက အောက်ပြည် မြို့ရွာ မြစ်ဝကျွန်းပေါ် ဒေသ ၊ ပုသိမ်မြို့သို့ အရောက်စုံဆင်းလှည့်လည်ဖူးပြီး ရောက်လေရာအရပ်မှာ တွေ့မြင် မှတ်သားရသမျှကို ကဗျာလင်္ကာ ရေးသားစပ်ဆိုလေ့ ရှိတယ်လို့ဆိုပါတယ်။ ဦးကြင်ဥဟာ ကဗျာလင်္ကာအရာမှာ တိုတို တုတ်တုတ်နဲ့ ထိမိအောင် စပ်ဆိုနိုင်ပြီး သြကာသလောက ၊ ရေမြေတောတောင်တို့ကို လေးနက်စွာ စိတ်ဝင်စားတတ်သူ ဖြစ်ကြောင်း သိရပါတယ်။

ဦးကြင်ဥဟာ ပြဇာတ်အများအပြားကိုလည်း ရေးသားခဲ့ပြီးတော့ ယင်းပြဇာတ်များမှာ မဟောသဓာ ပြဇာတ် (ဇာတ်တော်ကြီး)၊ ဝေဿန္တရာပြဇာတ် (ဇာတ်တော်ကြီး) ၊ ပါပဟိန်ပြဇာတ် (ဒဏ္ဍာရီ) ၊ ဒေဝကုမ္ဘာန်ပြဇာတ် (ဒဏ္ဍာရီ)၊ ဝင်္ကန္တပြဇာတ် (ဒဏ္ဍာရီ)နဲ့ ကာလကဏ္ဏီပြဇာတ် (ဒဏ္ဍာရီ) တို့ပဲ ဖြစ်ပါတယ်။ အခြားရတု ၊ သီချင်း ၊ ညဉ်းချင်းစသည်တို့ကိုလည်း ရေးသားခဲ့သေးတာ တွေ့ရပါတယ်။

ဦးကြင်ဥသည် သြကာသလောကတည်းဟူသော တောတောင်ရေမြေတို့နဲ့ ရာသီဥတုရဲ့ သာယာပုံတွေကို နက်နဲစွာ စိတ်ဝင်စား လေ့ရှိပြီး ယင်းသို့ စိတ်ဝင်စားသမျှကိုလည်း ချိုသာသောကဗျာမျိုးဖြင့် ရေးချစီကုံးနိုင်စွမ်း ရှိပါတယ်။ ဦးကြင်ဥဟာ စိတ်ထဲမှာ ကြည်နူးလွမ်းဆွတ်မူကို ပေါ်လွင်ထင်ရှား ထုတ်ဖော်တင်ပြနိုင်တဲ့ လွမ်းချင်း ၊ ညဉ်းချင်းမျိုးနဲ့ ဖွဲ့နွဲ့လေ့ရှိပါတယ်။ အဲဒီလို ဖွဲ့နွဲ့ရာမှာ စကားလုံးလေးများကို လှပစွာ ရွေးချယ်တတ်ပြီး အဖွဲ့အနွဲ့အတွင်းမှာလည်း ခွန်းထောက် ၊ သဖြန် ၊ လေးချိုး ၊ ဒွေးချိုးကလေးများကို ညှပ်သွင်းရေးသားလေ့ ရှိပါတယ်။ ၄င်းညှပ်သွင်းတဲ့ကဗျာတွေဟာ အထက်မှာ ပြီးဆုံးတဲ့ စာကိုယ်နဲ့ ကာရန် အချိတ်အဆက်ယူ၍သာ ရေးသားလေ့ရှိတဲ့အတွက် အစပ်အဟပ်ကိုလည်း လွန်စွာဂရုထားတာ သိသာပါတယ်။
ဦးကြင်ဥဟာ စကားပရိယာယ်လည်း ကြွယ်ဝပြီးတော့ ကဗျာတစ်ပုဒ်လျှင် တစ်မျိုးကျပြောင်းလဲ၍ စကားလုံး တန်ဆာဆင်ကာ တစ်မျိုးစီဖွဲ့နွဲ့တတ်တာကို သူ့ရဲ့တန်ခူးလဖွဲ့ ၂ခုမှာ တွေ့ရပါတယ်။

ဥပမာ – အော် – ဆွေမစုံဖက် – အစချီတန်ခူးလဖွဲ့တွင်
(က) လေယိုင်ညွတ်သည် ၊ ဖက်ဆွတ်ချီနှင့် ယဉ်သီဒါမြို့ သောင်ကမ်းစို့မှာ ဟူ၍လည်းကောင်း
(ခ) ကြည်ကွဲလွမ်းရန် ၊ ကြငှန်းမွေ့တဲ့ ၊ သန်းရွေ့မှန်တို့ ဘယ်ဉာဏ်ကြံ့ခိုင် ၊ တံ့စားနိုင်လိမ့် ဟူ၍ လည်းကောင်း ၊ အော်-ဘုစိတ္တရာ အစချီတန်ခူးလဖွဲ့တွင်
(က) ဆယ့်နှစ်ခွေပတ် ၊ ရေရဟတ်လဲ ၊ နောတတ်ပြွန်သို့ အဝှန်ငယ်တီးတီး ၊ စိမ့်စမ်းငယ်ရေကြည်၊ အတည်တည်လဲ ၊ ရစ်လည် စီးလို့ ဟူ၍လည်းကောင်း
(ခ) ဘုံတသွန်းမှာ ၊ လှုံ့ညွန်းသံနှင့် စံသမ္ဘာညီ ၊ မာယာပြီ ၊ ပလီချိုအေးက နှောက်တော့တယ်ဟူ၍ လည်းကောငး်
(ဂ) နန်းဝရတ်က ၊ မြတ်သမ္ဘာကြွယ် ၊ ယဉ်တမွတ်ကျုံး ၊ လှလွတ်နှုန်းသည် ၊ တဘုန်းမယ်တို့ ၊ လွမ်းနယ်ပြားပြန့် ၊ တားမတံ့အောင် ဟူ၍လည်းကောင်း တစ်မျိုးတစ်ဖုံစီ စပ်ဆိုထားတာကို တွေ့ရှိနိုင်ပါတယ်။

ဦးကြင်ဥစပ်ဆိုခဲ့တဲ့ ရာသီဖွဲ့တွေအနေနဲ့ အထက်ဖော်ပြပါ တန်ခူးလဖွဲ့ နှစ်ခုအပြင် ကဆုန်လဖွဲ့ တပို့တွဲလဖွဲ့နဲ့ ပြာသိုလဖွဲ့ တို့ကိုတော့ တစ်ခုစီတွေ့ရပြီး တပေါင်းလဖွဲ့ကိုတော့ ခုနစ်ခုတောင် ရေးဖွဲ့ခဲ့တာကို တွေ့ရှိရပါတယ်။ ကိုယ်လက်လှမ်းမမီလို့ မသိသေးတဲ့ ရာသီဖွဲ့တွေလည်း ရှိချင်ရှိပါဦးမယ်။ တပေါင်းလဖွဲ့တွေကို (၇)ဖွဲ့တောင် စပ်ဆိုခဲ့တာကိုကြည့်ရင် ဦးကြင်ဥဟာ တပေါင်းလကို တော်တော် ကြိုက်နှစ်သက်ပုံရပါတယ်။ အခြားစာဆိုများနည်းတူ ထီးနန်းကြငှန်းနဲ့ မြို့တော်သူတို့ရဲ့ အလွမ်းကို လည်းကောင်း ၊ ရာသီဥတုကိုလည်းကောင်း ၊ တောတောင်သဘာဝကိုလည်းကောင်း ၊ ဖွဲ့ဆိုရုံမျှမကပဲ တောင်ပေါ်သားတို့ရဲ့ ဘာသာဘာဝ စိုက်ပျိုးလုပ်ကိုင် စားသောက်ပုံကို အခြေပြုပြီး ရာသီဖွဲ့သုံးသပ်ပုဒ်မျှပင် အလဲအလှယ်စပ်ဆိုထားပါတယ်။

ဒီလိုစပ်ဆိုခြင်းဖြင့် မိမိရဲ့ဒေသန္တရ ဗဟုသုတကို ထည့်သွင်းအသုံးချ မှု ရာသီဖွဲ့ကို တနည်းတစ်ဖုံ ဆန်းသစ်စေခြင်းအပြင် စိတ်ကူးတစ်မျိုးတည်းကိုပဲ အသွယ်သွယ် အလှယ်လှယ် ဖွဲ့နွဲ့စပ်ဆိုနိုင်မှုစတဲ့ အရည်အသွေးတွေကို ထင်ရှားစေပါတယ်။
ဦးကြင်ဥဟာ အလွမ်းဖွဲ့များကို နိုင်နင်းခြင်း ၊ ဗဟုသုတကြွယ်ဝခြင်း ၊ စကားပရိယာယ်နိုင်နင်းခြင်း၊ ဥပမာလေးနက်အောင် ကြံစည်ခိုင်းနှိုင်းနိုင်ခြင်း ၊ လောကသဘာဝကို စေ့ငှစွာ လေ့လာရှုမြင်တတ်ခြင်း၊ ခန့်ညားပြေပြစ်အောင် ဖွဲ့နွဲ့နိုင်ခြင်း အစရှိတဲ့ စွမ်းရည်များနဲ့ ပြည့်စုံတဲ့ စာဆိုတော်တစ်ဦးဖြစ်တာကို တွေ့ ရပါတယ်။

ဒါပေမယ့် စာဆိုတော်ကြီး တပို့တွဲလဖွဲ့မှာ ကျန်သွားတာ တစ်ခုရှိပါတယ်။ ပညာရှိ သတိဖြစ်ခဲ ဆိုတာပဲလား။ တမင်သကာပဲ ထည့်မစပ်ခဲ့တာလား ဆိုတာတော့ မသိနိုင်ပါ။ ဘာဖြစ်လို့လဲဆို တော့ တပို့တွဲလမှာ ထမနဲထိုးပွဲ ရှိသည်လို့ဆိုတဲ့အတိုင်း တပို့တွဲ လနဲ့ ထမနဲက ခွဲလို့မရပါ။ တပို့တွဲဆိုတာနဲ့ ထမနဲကို ပြေးမြင်ကြပါတယ်။ ထမနဲထိုးပွဲတွေက တပို့တွဲလမှာပဲ လုပ်ကြတာ မဟုတ်လား။ ထမနဲက ဘုရားပွဲဈေးတန်းတွေမှာတော့ အမြဲရှိပါတယ်။ ဒါပေမယ့် ထမနဲ ထိုးပြိုင်ပွဲတွေ ကျင်းပပြုလုပ်ပြီး သူ့ထက်ငါကောင်းအောင် ချွေးတလုံးလုံးနဲ့ အားကြိုးမာန်တက်ထိုးကြတာတွေ ပြီးရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ထမနဲဆွမ်းကပ် ၊ ဧည့်ပရိသတ်တွေကို ထမနဲနဲ့ကျွေးမွေး ဧည့်ခံ ၊ တချို့ကလည်း လမ်းထဲက အိမ်တွေကို လိုက်ဝေကြနဲ့ အဲဒီလိုမှ ပျော်စရာကောင်းတာ။

တပို့တွဲလရဲ့ သရုပ်သဏ္ဍန်လည်း ပေါ်လွင်ပြည့်ဝသွားတာပေါ့။ ဧကန္တ ဦးကြင်ဥက ထမနဲမကြိုက်ဘူး ထင်တယ်။ ဒါကြောင့် သူ့ရဲ့ တပေါင်းလဖွဲ့မှာ ထမနဲထိုးပွဲအကြောင်း ထည့်မစပ်ခဲ့တာနေမှာ။ ပြာသိုလဟာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် သမိုင်းဝင် လတစ် လလို့ ပြောလို့ရသလို တပို့တွဲလက ကိုဘအေးအတွက် သမိုင်းဝင်လတစ်လ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပို့တွဲ လပြည့်နေ့မှာ ကိုဘအေးရဲ့ မင်္ဂလာဆွမး်ကပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို နောက်တော့မှဆက်ရေးပါဦးမယ်။ အခုတော့ တပို့တွဲ လဖွဲ့နဲ့ ဦးကြင်ဥအကြောင်းက နေရာယူသွားလို့ ဒီလောက်ပါပဲ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *