News, Opinion

ဆောင်းလပြာသိုနဲ့ လွတ်လပ်ရေးနေ့

ငွေနှင်းငယ်မှုန်၊ လေညှင်းရယ် တသုန်သုန်နှင့် ၊ ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊ မန်းတုန်အောင် ၊ လမ်းဆုံကဟစ်ချင်တော့…..
ရတနာပုံခေတ်စာဆိုတော် အချုပ်တန်းဆရာဖေကတော့ ဆောင်းအအေးက ကမ်းကုန်အောင် ချမ်းလှတာမို့ မန္တလေးမြို့ကြီး တုန်ဟီးသွားအောင် လမ်းဆုံလမ်းခွကနေ အော်ဟစ်လိုက်ချင်တယ်လို့ ဆိုလိုတာပါ။ ကိုဘအေးတို့ ရန်ကုန်မြို့ကြီးမှာတော့ မန်းတုန်အောင် (အဲလေ-ရန်ကုန်တုန်အောင်)ဟစ်လောက်အောင် ကမ်းကုန်အောင်တော့ မချမ်းသေးပါဘူး။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ အအေးနည်းနည်းပိုလာပါတယ်။ ဒီတစ်ရက်နှစ်ရက်မှာ ဟားခါးတို့ဘာတို့ဆိုရင် မိုင်းနပ်စ်တူးတို့ မိုင်းနပ်စ်ဖိုးတို့ ပြလာတာတွေ့ရပါတယ်။ စောစောပိုင်းရက်တွေကတုန်းက တစ်ရက်နှစ်ရက်လောက်အေးလိုက် ပြီးတော့ ဒီကြားထဲမှာ အအေးပေါ့သွားပါသေးတယ်။ ခုရက်ပိုင်းကျမှ ပြန်အေးလာတာပါ။ နေ့ဘက်မှာပါ အအေးဓါတ်ကရှိနေပါတယ်။ နေ့အပူရှိန်ထဲမှာသွားနေရင် အအေးဓါတ်က မသိမသာပေမယ့် အရိပ်ထဲမှာ အိမ်ထဲမှာ အဆောက်အဦးထဲမှာနေရင် အေးနေပါတယ်။ စွပ်ကျယ်လက်ပြတ်လေးနဲ့နေလို့မရပါ။

ကိုဘအေးဆိုရင် ဖလန်နယ်ရှပ်အင်္ကျီလက်ရှည်လေး ထပ်ဝတ်ထားရပါတယ်။ လောလောဆယ်ဆောင်းအအေးနဲ့ ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်ကတော့ ရန်ကုန်အပါအဝင် တစ်ပြည်လုံးမှာ လာမယ့်နောက်တစ်ပတ်ခန့် အထိ ဆက်လက် အအေးပိုနေဦးမယ်လို့ပြောပါတယ်။ ဒီလိုအအေးပိုနေတာဟာ အရှေ့မြောက်ဆောင်းလေများ အားကောင်းလာ ခြင်းကြောင့်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း လေပြင်းတိုက်ခတ်မူများလည်း ဖြစ်ပေါ်နိုင်တာကြောင့် အရွယ်အစားသေးငယ်တဲ့ ငါးဖမ်းရေယာဉ်တွေအနေနဲ့ ကမ်းနီးကမ်းဝေးသွားလာခြင်းများကို ရှောင်ကြဉ်သင့်ကြောင်းလည်း သတိပေးထားပါတယ်။ “ခရစ္စမတ်အထိတော့ အေးနိုင်တယ်လို့ ခန့်မှန်းထားတယ်။ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးမှာ အအေးပိုနေနိုင်သေးတာ ပေါ့နော်။ အရှေ့မြောက်လေတွေ၊ ဆောင်းလေတွေဝင်နေလို့ နည်းနည်းအေးတာပါ ”လို့ သူကပြောပါတယ်။

ဒီဇင်ဘာ၂၃ရက်အထိ အရှေ့မြောက်ဆောင်းလေများ တကျော့ပြန် အားကောင်းလာနိုင်တယ်လို့ဆိုပါတယ်။ ဒီစာရေးနေတဲ့အချိန် ဒီနေ့ဆိုရင် ၂၄ရက်ရှိပြီး အဲဒီအရှေ့မြောက် ဆောင်းလေရဲ့ အရှိန်လို့ပဲပြောရမလား။ ခုနေ့ခင်ပိုင်းတောင် အေးနေတုန်းပဲ။
ဒီအတိုင်းဆိုရင်တော့ ခန်းဆောင်ရွေ ရဝေတွင်းမှာလ၊ ချမ်းပေါင်လေ တဖေတင်းသော်လဲ၊ ဖြေရင်းရယ်တဲ့ခိုင်ခိုက်တုန်လို့ နေတော့မယ်။ ဒါ့အပြင် မျက်တခတ်၊ ပြက်လျှပ်ကယ်တဗီဇနာမျှ၊ ထည်အလွှာ အကုန်ထွေးသော်လဲ၊ ကြည်အသာမလုံသေးပါဘူ့၊ မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့၊ သွေးလန့်လို့တောင်ခုန်ပါတယ်။ ဒါ့ကြောင့် ယမ်းယောင်ကာ တလျက်ညည်းမိတော့၊ သန်းခေါင်မှာ မြကြက်သီးတွေက၊ တဖီးဖီးပျံ့လို့ငယ်အုံ၊ ဗျာဆုံတဲ့ရာသီဘဲလို့ ဆရာဖေကဆိုတာပေါ့။

ပြာသိုလဟာ ကျွဲချိုဖျားတောင် အေးတယ်လို့ အဆိုရှိတယ်မဟုတ်လား။ ကိုဘအေးတို့ ဝန်ထမ်းဘဝတုန်းကတော့ ဒီအချိန် ဒီအခါဟာ အလုပ်အလွန်များနေကြတဲ့ အချိန်ပဲပေါ့။ ဇန်နဝါရီလ(၄)ရက်နေ့၊ လွတ်လပ်ရေးနေ့မှာ သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်တွေ အပါအဝင် ရက်ထူးဆောင်ဘွဲ့တွေ၊ ရက်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်အပ်နှင်းတဲ့အမိန့် ကြော်ငြာစာတွေ အချိန်မီ ထုတ်ပြန်ကြေညာနိုင်ဖို့ လုံးပမ်းနေကြရတဲ့ကာလပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ ချမ်းတာ စီးတာကိုလည်း မမှုအား ကြပါဘူး။ အရင်တုန်းက အဲဒီလုပ်ငန်းတွေကို လွှတ်တော်ဝင်းထဲမှာ(အခုပြည်လမ်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းထဲ မှာပေါ့) လုပ်ကြရတာ။ အေးလွန်းလို့ ရုံးခန်းတံခါးတွေတောင် အကုန်ပိတ်ထားကြရပါတယ်။ အဲဒီတစ်နှစ်က တော်တော်အေးခဲ့တာ ကိုဘအေးမှတ်မိနေတုန်းပါ။ ဒီလိုပြာသိုလပဲပေါ့။

ဟိုးအရင်တစ်ချိန် ဒီလိုပြာသိုလမှာပဲ ကိုဘအေးတို့မြန်မာနိုင်ငံကြီး လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားကြီးအတွက် ကြိုတင်ပြင်ဆင်နေကြချိန်ပဲဖြစ်တယ်မဟုတ်လား။ မြန်မာနိုင်ငံကို နှစ်ပေါင်း တစ်ရာကျော်အုပ်စိုးခဲ့တဲ့ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ ယူနီယံဂျက်အလံကို အလံတိုင်ပေါ်ကလျှောချပြီး လွတ်လပ်တဲ့ အချုပ်အခြားအာဏာပိုင်ဆိုင်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အလံတော်ကို လွှင့်တင်တဲ့ အခမ်းအနားပြုလုပ်ရာ ရန်ကုန်မြို့အတွင်းဝန်များရုံး(ဝန်ကြီးများရုံး) မှာ ရုံးတက်ရင်း အဲဒီအလံတင်အခမ်းအနားကို မြင်ယောင်ကြည့်မိခဲ့ဖူးပါတယ်။ ဘွဲ့ထူးဂုဏ်ထူးဌာနကို ကိုဘအေးရောက်တဲ့ အချိန်ကစပြီး လွတ်လပ်ရေးနေ့နဲ့ ပတ်သက်ခဲ့ရတာလို့ပြောရမှာပါ။ မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် နိုင်ငံတော် ကောင်စီရုံးလက်ထက်ကစပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမူတည်ဆောက်ရေးအဖွဲ့ရုံး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးနဲ့ ယခုလက်ရှိသမ္မတရုံးအထိ နှစ်စဉ်ရှေ့ကရေးခဲ့တဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးချီမြှင့်မယ့် အမိန့်ကြော်ငြာစာတွေ ရိုက်နှိပ်တဲ့လုပ်ငန်းတွေကို လုပ်ခဲ့ကြရတာပါ။ ဒီအကြောင်းတွေကိုလည်း ကိုဘအေးရေးဖူးပါတယ်။

၁၉၇၈၊ ၁၉၈၀၊ ၁၉၈၂ခုနှစ် ပြဌာန်းချက်တွေနဲ့တုန်းက စီမံထူးချွန်၊ လူမှုထူးချွန်စတဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေက ရာဂဏာန်း သာရှိပေမယ့် စစ်မှုထမ်းကောင်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်နဲ့ ငြိမ်ဝပ်ပိပြားရေးနှင့် တရား ဥပဒေစိုးမိုးရေးတံဆိပ်တွေဆိုရင် ထောင်နဲ့သောင်းနဲ့ရှိပါတယ်။ နောက်တစ်ခါ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ် ပေါ်လာတော့ သူကလည်း နှစ်စဉ်သောင်းနဲ့ချီရှိတော့ တစ်နှစ်တစ်နှစ်ကို စုစုပေါင်းအရေအတွက်က လေးငါးသောင်းလောက် ရှိပါတယ်။ အဲဒါတွေကို လွတ်လပ်ရေးနေ့မှာ အချိန်မီကြေညာနိုင်အောင် လုပ်ရတာမလွယ်ပါ။ နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လနဲ့ အပြီးလုပ်ရတာပါ။ ခုလိုချမ်းအေးလှတဲ့ ပြာသိုလမှာ ဝန်ကြီးဌာနပေါင်းစုံက လုပ်အားပေးဝန်ထမ်းတွေနဲ့အတူ အမိန့်ကြော်ငြာစာ ဖယောင်းတွေကို တဝုန်းဝုန်းလှည့်နေကြရပြီး စာကူးစက်ကထွက်လာတဲ့ စာရွက်တွေကို ကောက်တဲ့လူက ကောက်၊ စီတဲ့လူကစီ ၊ ထပ်တဲ့လူကထပ် ၊ ချုပ်တဲ့လူကချုပ်နဲ့ ချမ်းတယ်စီးတယ် သဘောမထားနိုင်ပဲ လုပ်နေကြရပါတယ်။

မှတ်မှတ်ရရ ၂၀ဝ၉ခုနှစ်၊ ဘွဲ့တံဆိပ်ပြဌာန်းချက်အသစ်ထွက်ပြီးတော့ အဲဒီမှာပါတဲ့ အဂ္ဂမဟာသီရိသုဓမ္မတို့၊ အဂ္ဂမဟာ သရေစည်သူ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာစတဲ့ ဘွဲ့ထူးဂုဏ်ထူးကြီးတွေကို လွတ်လပ်ရေးနေ့မှာ တစ်ခါတည်း ချီးမြှင့်နိုင်အောင် လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်ကြရပါတယ်။ ခါတိုင်းနှစ်တွေမှာက လွတ်လပ်ရေးနေ့မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ရုံသာလုပ်ပြီး လိုအပ်တဲ့ဂုဏ်ထူးဆောင်ဘွဲ့တွေ တံဆိပ်တွေ၊ ဂုဏ်ပြုစာလွှာတွေ၊ ဖဲကြိုးတွေကို သက်ဆိုင်ရာလုပ်ငန်း ဌာနတွေကို အပ်နှံပြီး အဲဒါတွေရတော့မှ အခမ်းအနားနဲ့ ပေးတာလည်းပေးတယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်တိုင်းတွေကို ဒီအတိုင်းပြန်ထုတ်ပေးတာလည်း ပေးပါတယ်။ အဲဒီနှစ်ကတော့ ပြဌာန်းချက်အသစ် အရ ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးကြီးတွေကို လွတ်လပ်ရေးနေ့မှာ အခမ်းအနားနဲ့ပေးမယ်လုပ်တော့ လိုအပ်တဲ့ဘွဲ့တံဆိပ်တွေ ဂုဏ်ပြုစာလွှာတွေ ဖဲကြိုးတွေကို အမိန့် ကြော်ငြာစာမထွက်ခင်မှာပဲ လျာထားတဲ့အရေအတွက်အတိုင်း ကြိုတင်မှာကြားရ ပါတော့တယ်။

သက်ဆိုင်တဲ့သူတွေအားလုံးဟာ အချိန်မီပြီးစီးနိုင်ရေးအတွက် ဗျာများနေကြရတဲ့အချိန်ပဲပေါ့။ တစ်ခု ပိုဆိုးတာက ဘွဲ့တံဆိပ်ကြီး တွေဟာ ရွှေအစစ်တွေကျောက်အစစ်တွေနဲ့လုပ်ရတာဆိုတော့ တာဝန်လည်း ပိုကြီးပြီး ကကလုံနဲ့ ကျောက်မျက် တို့ဟာ တော်တော်ကသီနိုင်အောင် လုပ်ခဲ့ရပါတယ်။ အားလုံးအချိန်မီပြီးသွားမှပဲ “ဟင်း” ချနိုင်ပြီး စိတ်အေးသွားကြရပါတော့တယ်။ ကိုဘအေးတို့လည်း အခမ်းအနားအတွက် ပြင်ဆင်ကြရတော့တာပေါ့။ နေပြည်တော်မှာ ပထမဦးဆုံးလုပ်တဲ့ ဘွဲ့တံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားကို နေပြည်တော်ကော်စီ မြို့တော်ခန်းမမှာ ပြုလုပ်ပါတယ်။အဲဒီမြို့တော်ခန်းမ ရင်ပြင်မှာပဲ မနက်စောစောပိုင်း ကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအပြီးမှာ ခန်းမထဲမှာဘွဲ့တံဆိပ်အခမ်းအနား ဆက်လုပ်မှာဖြစ်ပါတယ်။ အလံတင်အခမ်းအနားပြီးတာနဲ့ လူကြီးတွေနဲ့ ဧည့်သည်တွေကို မနက်စာနဲ့ဧည့်ခံပြီး ခန်းမထဲကို တန်းလာကြမှာပါ။ ကိုဘအေးတို့လည်း အလံတင်အခမ်းအနားအပြီးကို နားခွင့်နေကြရပြီး ဘင်ခရာတပ်ဖွဲ့က တဒုန်းဒုန်းနဲ့ ခန်းမဘေးကနေ ပြန်အထွက် အခမ်းအနားနဲ့သက်ဆိုင်သူတွေအားလုံးဟာ အဆင်သင့် stand by ဖြစ်နေကြရပါတယ်။

ဘာပဲဖြစ်ဖြစ် အဘက်ဘက်က သူ့ကဏ္ဍနဲ့သူ ကြိုးစားလုပ်ကိုင်ကြတဲ့အတွက် အခမ်းအနားတစ်ရပ်ဟာ ပြည့်စုံအောင်မြင် သွားခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ ကိုဘအေးလည်း နေပြည်တော်ကို နှုတ်ဆက်ထွက်ခွါ ခဲ့ရပါတယ်။ ကိုဘအေးတို့ လွတ်လပ်ရေးနေ့ ဘွဲ့တံဆိပ် အမိန့်ကြော်ငြာစာရိုက်တဲ့အခါ မြန်မာသက္ကရာဇ်၊ ခရစ်သက္ကရာဇ်ရက်စွဲကို ထည့်ရပါတယ်။ ဇန်နဝါရီလ၄ရက်နေ့ဟာ ပြာသိုလဆန်းဖြစ်ဖြစ်။ ပြာသိုလပြည့်ကျော်ဖြစ်ဖြစ် ပြာသိုလထဲမှာပဲရောက်ပါတယ်။ လွတ်လပ်ရေးနေ့နဲ့ ပြာသိုလဟာ ခွဲခြားလို့မရပါ။ ဒါ့ကြောင့် အချမ်းပိုတဲ့ လပြာသိုအကြောင်းရေးရင်း ကိုယ်တွေလုပ်ရကိုင်ရတဲ့ ဘွဲ့တံဆိပ်အကြောင်းတွေကို စပ်မိရင်း ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ တစ်ချိန်က ဗမာ့လွတ်လပ်ရေးရရှိခဲ့တဲ့ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ၄ရက်နေ့ ချမ်းမြမြပြာသိုလ နံနက်ခင်းမှာ ပြုလုပ်ခဲ့တဲ့အလံတင်အခမ်းအနားကို ဂုဏ်ပြုစပ်ဆိုခဲ့တဲ့ တက္ကသိုလ် မောင်သန့်စင်ခေါ် ပါမောက္ခဦးဧမောင်ရဲ့ ခေတ်သစ်ကူး ဗမာ့အောင်လံတင်လင်္ကာကြီးထဲက အပိုဒ်လေးတစ်ပိုဒ်ကို ထုတ်နှုတ်တင်ပြရင်း ဒီဆောင်းပါးကို အဆုံးသတ်ပါရစေ။

ချမ်းမြပြာသို၊ လအလိုထင့်
ခွါညိုဇင်ကြွင်း ၊ ပျံ့လေသင်းတည့်
အင်ကြင်းဖူးစို့၊ အချို့ပေါက်လဲ
မုံအာဆဲတွင်၊ သင်းကွဲဟန်ချီ
ဂေါ်ရွှေဖီတို့၊ စီရီကင်းစ
သဘာဝမူ၊ လှလှရွှင်မှု
စည်းဝေးပြုလျက်၊ လူသူ့ပုံနှယ်
တင့်ရေးခြယ်၏။ နှုန်းဘွယ်ငါ့မှာ
ခုသည်ခါတွင်၊ ဝေ့ကာဝေ့ကာ
ငွေနှင်းဖြာသော်၊ လင်းဝါခြည်ရောင်
မှိန်မှေးယောင်သို့၊ စိုးနှောင်မကြည်
ဖြေမဆည်တည့်။ မြန်ပြည်ဒေသ
နေခဲ့ရသည်၊ ကြံဆနှစ်ကို
ရေတွက်ဆိုသော်၊ ရာပိုနှစ်ဆယ်
စွန်းသုံးကယ်၍ ၊ တာတွယ်အစဉ်
သံယောဇဉ်နှင့် ၊ မြဲယှဉ်မကွာ
နွှဲချင်ပါလည်း၊ မသာအခွင့်
ဖြစ်သဖြင့်လျှင်၊ ပင့်သက်လှိုက်ဖို
မခွါလိုလည်း၊ ဗျာပိုစွာလျက်
ခွါထွက်ရမည်၊ ကြုံလှာသည်ကြောင့်
မြန်ပြည်ထွန်းဖြစ်၊ ကျွန်းသစ်ရေနံ
ဆီဆန်စပါး၊ ပတ္တမြားက
ရွှေသားငွေသား၊ ဘိုးများသေတ္တု
အနှစ်စုကို ၊ ချစ်မှုစွန်းငြိ
မြင်မိမိရှင့်၊ မချိတမ်းခွေ့
မချမ်းမြေ့ဘဲ ၊ ကျွမ်း၍ လောင်ကျေ
အူသဲကြွေမျှ ၊ တွေးလေတွေးလေ
ဆွေးလေလေတည့်၊ လေထုရေထု
မြေအထုနှင့် ၊ မေရု , စက္ကဝါ
အဇဋာက ၊ သင်္ချာ သင်္ချေ
ကမ္ဘာတွေထက် ၊ ကဲထွေမှန်စွာ
ငါ့မေတ္တာကို ၊ ကိုင်ကာလက်ထဲ
ဆုပ်ဖြန့်ကြဲ၏။ အမြဲငါ့ကို
ချစ်လိုကျွမ်းဝင် ၊ မိတ်ဆွေပင်ဟု
မှတ်ထင်စေကြောင်း၊ ငါပန်တောင်း၍
ရပ်ညောင်းမနေ၊ ဆင်းပါချေပြီ၊
ထွေထွေသင်တို့ရွှင်နှစ်လို့။ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ မြန်မာ့ရေမြေသယံဇာတတွေကို နှမြောတသစွာနဲ့ ပလ္လင်ပေါ်က ဆင်းပေးရတဲ့ မချိတင်ကဲဟန်ပန်ကို ပေါ်လွင်အောင် ဖွဲ့ဆိုထားတာပဲ ဖြစ်ပါကြောင်း ဆောင်းလပြာသိုရဲ့ လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြု ဆောင်းပါးလေးကို တင်ဆက်လိုက်ရပါတယ်။ (တချိန်က လုပ်ဖေါ်ကိုင်ဖက်များကို အမှတ်တရဖြင့်)

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *