ရတနာပုံ တယ်လီပို့ အများပိုင်ကုမ္ပဏီအနေဖြင့် မတည်မည့် ငွေရင်းအား ကျပ်သန်းပေါင်း တစ်သန်းအထိ မတည်သွားမည်ဖြစ်ကြောင်းနှင့် အစုရှယ်ယာများ ၀ယ်ယူမြှုပ်နှံထားသည့် ဒါရိုက်တာ ၂၃ဦး စာရင်းတွင် လုပ်ငန်းရှင်ကြီးများ ပါ၀င်သည်ဟု သိရသည်။
ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်အား Private ကုမ္ပဏီမှ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် တင်ပြထားပြီးဖြစ်ကြောင်းနှင့် အများပိုင် ကုမ္ပဏီအဖြစ် တည်ထောင်၍ ယှဉ်ပြိုင်လုပ်ကိုင်ရာတွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှာ မတည်ငွေပမာဏအား ကျပ် သန်းပေါင်းတစ်သန်းအထိ တစ်သန်းအထိပင် မတည်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ကနဦး ထည့်၀င်မည့် မတည်ငွေရင်း ပမာဏမှာလည်း ကျပ်သန်းပေါင်း ၃၅၀၀၀ကျော်ရှိကြောင်း၊ လက်ရှိတွင် ဒါရိုက်တာ ၂၃ဦးဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ ဒါရိုက်တာ အဖွဲ့၀င် လုပ်ငန်းရှင်များမှလည်း အစုရှယ်ယာပေါင်းများစွာ ၀ယ်ယူထားသည်ဟု ဆိုသည်။
ထိုကဲ့သို့ အစုရှယ်ယာ ၀ယ်ယူမြှုပ်နှံထားသည့် ဒါရိုက်တာ အဖွဲ့၀င် လုပ်ငန်းရှင်ကြီးများထဲတွင် ဦးထွန်းမြင့်နိုင်၊ ဦးရန်၀င်း တို့ကဲ့သို့ လုပ်ငန်းရှင်ကြီး အချို့ပါ ၀င်ရောက် မြှုပ်နှံထားကြောင်း၊ ရတနာပုံ တယ်လီပို့ အများပိုင် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာအဖြစ် ဦးအောင်မော်က တာ၀န်ယူမည် ဖြစ်ပြီး CEO အဖြစ် ဦးတင်၀င်းက ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရပါသည်။ ကုမ္ပဏီ ဒါရိုက်တာစာရင်းတွင် လက်ရှိပြည်တွင်း၌ နည်းပညာ ဆိုင်ရာ ကုမ္ပဏီအဖြစ် တည်ထောင် လုပ်ကိုင်နေသူများလည်း ပါ၀င်လာကြောင်း သိရသည်။
ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်အနေဖြင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများကို နိုင်ငံခြား အော်ပရေတာ ကုမ္ပဏီကြီးနှစ်ခုဖြင့် အဓိကပြိုင်ဆိုင် လုပ်ကိုင်ရမည်ဖြစ်သည်။ နည်းပညာရှိနှင့်ပြီးသား နိုင်ငံခြား အော်ပရေတာ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမည့် ပမာဏာမှာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ မြှုပ်နှံမည်ဖြစ်သည့်အတွက် ပြည်တွင်းရှိ အော်ပရေအဖြစ် လုပ်ကိုင်မည့် ကုမ္ပဏီများစွာ အရင်းအနှီးအပြင် နည်းပညာပိုင်းတွင်ပါ ပါ၀င်ယှဉ်ပြိုင်နိုင်ရန် ခက်ခဲနိုင်ကြောင်းလည်း သိရပါသည်။