Opinion

ကျေးဇူးတင်တယ် e – ပင်စင်

နို၀င်ဘာလအတွက် ပင်စင်လစာကို (၂၁)ရက်နေ့က ဆူးလေဘုရားလမ်းက မြန်မာ့စီးပွားရေ ဘဏ်ခွဲ (၃) မှာ သွားထုတ်တယ်။ ဟိုးအရင်တုန်းကတော့ နှစ်လ၊ သုံးလ နေမှတစ်ခါ ၊ ဒါမှမဟုတ် လေး၊ ငါး ၊ ခြောက်လမှတစ်ခါ စုပြီးထုတ်မယ်လို့ စိတ်ကူးတာ။ ဘာဖြစ်လို့လဲဆိုတော့ တစ်လ၊ တစ်လ ပင်စင်ထုတ်ဖို့က ဘဏ်ကို နှစ်ခေါက်သွားရတယ်။ လဆန်း(၁၈) ရက်လောက်မှာ ပင်စင်စာအုပ်ထပ်ဖို့ တစ်ခါသွားရတယ်။ အဲဒီမှာဘဏ်က ပင်စင်ထုတ်ဖို့ ရက်ချိန်းပေးလိုက်တယ်။ ဘဏ်ကချိန်းတဲ့နေ့မှာ ပင်စင်သွားထုတ်ရတယ်။ ချိန်းတဲ့နေ့မသွားရင် ကျော်သွားရင်ဖြစ်စေ၊ ပင်စင်ကို ထုတ်မပေးတော့ဘူး။ နောက်လကူးသွားရော။

အဲဒီတော့ ဘဏ်ကို နှစ်ခါသွားရတာရော။ နှစ်ခါသွားရတယ်ဆိုတာက ရန်ကုန်မှာက ကားတွေ၊ လူတွေက အမြဲရှုပ်နေတာ၊ ကိုယ်ကသက်ကြီးပိုင်းဆိုတော့ ကားအတက်အဆင်းမှာ တုံ့နှေးတုံ့နှေးလုပ် နေရင် စပယ်ယာရဲ့အဟောက်ကလည်း ခံရဦးမှာ။ ဒူးကလည်းမကောင်းဘူး။ သတိထားပြီးသွားနေရတာ။ မတော်ကားအောက်ရောက်သွားလို့ကတော့ မလွယ်ဘူး။ လမ်းအကူးတွေမှာဆိုလည်း ကားတွေက အရှိန်လျှော့တာမဟုတ်ဘူး။ လူကူးမျဉ်းကြားရှိတဲ့နေရာဆိုတော်သေးတယ်။ အများနဲ့စုပြီး ကူးလို့ရတယ်။ မျဉ်းကြားမရှိတဲ့နေရာတွေဆို လမ်းကူးရတာ အန္တရာယ်အရမ်းများတယ်။ ဒါ့ကြောင့် ဘဏ်ကိုနှစ်ခါသွား ရတဲ့ကိစ္စက အခက်အခဲတစ်ခုပေါ့။

နောက်တစ်ခုက ပင်စင်ထုတ်ဖို့ချိန်းတဲ့ရက်ကို မမေ့အောင်သတိထားနေရတာ။ ကိစ္စများမြောင် လူတို့ဘောင်ဆိုသလိုပဲ ရက်ချိန်းကျော်သွားရင် နောက်လမှ ပေါင်းထုတ်ရတော့မယ်။ ဒီလတော့ ချေးပဲ စားရတော့မယ်။ (ငွေတိုးပေးပြီး ချေးစားရမယ် ပြောတာပါ။ တလွဲတွေတွေးမနေနဲ့ဦး) အဲဒါက အခက်အခဲ တစ်ခုပေါ့နော်။ ပင်စင်စားတိုင်း ဒီအခက်အခဲတွေ သိပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ပင်စင်လစာကို နှစ်လ၊ သုံးလ၊ လေးငါးခြောက်လ စုပြီးထုတ်နိုင်ရင် ကောင်းတယ်။ စောစောက အခက်အခဲတွေ သက်သာ သွားတာပေါ့။

သို့သော်လည်း အဲတဲ့ ဆိုသလိုပဲ လူတွေရဲ့ အရေးသုံးပါးက ရှိသေးတယ်လေ။ တချို့အိမ်ငှားနေရ တဲ့သူတွေဆို သူတို့ပင်စင်လစာက အိမ်လခပေးလိုက်ရတာနဲ့ကုန်ရော။ ဒီလတော့နေပါဦး။ နောက်လမှ ပေါင်းယူပါဆိုရင် အိမ်ရှင်က မျက်နှာထားတင်းသွားပြီ။ နိုင်ငံတော်ကလည်း ပင်စင်လစာတွေ တိုးတိုးပေး နေတာပဲ။ အိမ်လခတွေကလည်း တက်တက်လာတာပါဘဲ။ သားထောက်သမီးခံရှိတဲ့သူတွေ မိဘတွေကို ပြန်ပြီး ထောက်ပံ့ပေးတဲ့ သားသမီးရှိတဲ့သူတွေကတော့ သိပ်ပြီး မထောင်းသာဘူး။ တချို့က သားသမီး ရှိပေမယ့် မိဘတွေကို ပြန်ပြီးမကျွေးနိုင်ဘူး၊ မကြည့်နိုင်ဘူး။

အ၀တ်အစားကလည်း ရှိတာလေးနဲ့ လှအောင်၀တ်ဆိုသလိုပဲ အဖိုးကြီး၊ အဖွားကြီးဘဲ သွားစရာ လဲသိပ်မရှိပါဘူး။ သင့်တင့်လျောက်ပတ်တဲ့ အ၀တ်အစားရှိရင်ရပါပြီ။ စားတာကျတော့ သမုဒ္ဒရာ ၀မ်း တစ်ထွာတဲ့၊ ဒီ၀မ်းတစ်ထွာက နေ့တိုင်းဖြည့်နေရတာ။ အဲဒီလိုပါပဲ ဒါ့ကြောင့် ပင်စင် လတိုင်းထုတ်နေ ကြရတာပေါ့။ စုပြီးမှထုတ်တဲ့သူဆိုတာ ရာခိုင်နှုန်းနည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်စင်ထုတ်ရင် ဘဏ်မှာ လတိုင်းတိုးနေရတာ။

အခုတော့လည်း ဘဏ်ကို တစ်လနှစ်ခေါက် သွားရတဲ့ဒုက္ခက မရှိတော့ပါဘူး။ ပင်စင်ဖောင်ဖြည့် ရတာတွေ ၊ စာအုပ်ထပ်ရတာတွေ။ ပင်စင်စာအုပ်ကလည်း မစုတ်မပြဲအောင်သတိထားပြီး သိမ်းရတယ်။ ကိုင်တွယ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက စက္ကူနဲ့လုပ်ထားတာလေ။ အခုတော့ နိုင်ငံတော်က ပင်စင်စားတွေ ၊ အငြိမ်းစားကြီးတွေအဆင်ပြေအောင် e – pension card တွေနဲ့ ထုတ်လို့ရအောင် လုပ်ပေး တယ်။ Smart card ပေါ့ဗျာ။ ATM လိုစက်မှာ ကဒ်ကလေးထည့်ပြီး ငွေထုတ်လို့ ရတယ်လို့ မထင်နဲ့ဦး။ အဲဒီကဒ်ကို ဘဏ်က ပင်စင်ကောင်တာမှာ ပြလိုက်ရတယ်။ သူတို့က ကဒ်ဖတ်တဲ့ စက်ပေါ်မှာ ကဒ်လေးကို တင်လိုက်တယ်။ ကွန်ပျူတာ ၊ မော်နီတာမှာ ကိုယ့်ရဲ့အမောင့်၀င်/မ၀င်ကြည့် တယ်။ ပြီးရင် ကွန်ပျူတာရှေ့ အဲမဟုတ်သေးဘူး။ ကိုယ်က ကောင်တာအပြင်ကဆိုတော့ ကွန်ပျူတာ နောက်လို့ဆိုရင် ပိုမှန်မယ်။ အဲဒီမော်နီတာ ထိပ်မှာတပ်ထားတဲ့ ကင်မရာလေးရှေ့၀င်ပြီး ကိုယ့်မျက်နှာကို ပြရတယ်။ အဲဒီအခါမှာ စလစ်ထုတ်တဲ့စက်ကလေးက ကိုယ့်ရဲ့ပင်စင်အမောင့်ပါတဲ့ စာရွက်လေးနှစ်ရွက် အဖြူရောင်နဲ့အဝါရောင်လေးနှစ်ရွက် ထပ်ပြီးတော့ တစ် တစ် တစ် တစ် ဆိုပြီး ထွက်လာတယ်။

အဖြူ ရောင်စာရွက်လေးမှာ လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးလိုက်ရပြီး အဝါရောင်စလစ်လေးနဲ့ ကိုယ့်ရဲ့ Smart Card လေးကို ပြန်ပေးတယ်။ ပြီးရင် ကိုယ့်ရဲ့ပင်စင်လစာကို ငွေသားနဲ့ထုတ်ပေးပါတယ်။ Smart Card နဲ့ဆိုပေမယ့် အဲဒီအဆင့်လေး တွေကတော့ရှိသေးတယ်။ ဖြစ်နိုင်ရင်တော့ ATM စက်လို ကဒ်လေး ထည့်လိုက်တာနဲ့ ပိုက်ဆံထုတ်လို့ရတာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ နောင်တော့ဖြစ်လာမယ် လို့ထင်ပါတယ်။ ကိုယ့်ရဲ့အမောင့်၀င်နေရင်တော့ အချိန်မရွေးထုတ်လို့ရတယ်။ ထုတ်တာကတော့ တစ်လ တစ်ကြိမ်ပဲ ထုတ်လို့ရမှာပေါ့။ ဒါမှမဟုတ်လည်း အစောကပြောသလိုပဲ နှစ်လသုံးလနေမှ စုထုတ်ပေါ့။

ဘာပဲပြောပြော ဒါတွေက နည်းပညာရဲ့ကျေးဇူးလို့ပဲ ပြောရမှာပေါ့။ Smart Card တွေ ထုတ်ပေး စကတုန်းကတော့ ကဒ်ပြားတွေ ထပ်ထားရပြီး နာမည်ခေါ်တဲ့အခါ စောစောက အဆင့်တွေအတိုင်း သွားထုတ်ရပါတယ်။ ကောင်တာရှေ့မှာ ကိုယ့်အလှည့်နီးတဲ့သူတွေရော၊ မနီးတဲ့သူတွေရောက စုပြုံနေ ကြတော့ ကိုယ့်အလှည့်ကျလို့ ခေါ်တဲ့အခါ ကောင်တာအရှေ့ကို မနည်းတိုးဝှေ့ပြီး ၀င်ရတယ်။ အခုတော့ တန်းစီဖို့အရံအတားလေးလုပ်ပေးထားတော့ အဆင်ပြေသွားတယ်။ ကောင်တာကလည်း ကောင်တာ (၁) ကောင်တာ (၂)ဆိုပြီး နှစ်ခုခွဲပေးထားတယ်။ ကဒ်ပြားလည်း ထပ်စရာမလိုတော့ဘူး။ ဖြစ်နိုင်ရင် နေ့လည်ပိုင်းသွားထုတ်တာက လူရှင်းတယ်။ ဘဏ်ဖွင့်ဖွင့်ချင်း သွားထုတ်ရင် လူများတယ်။ ပင်စင်ယူပြီးတော့ ကုမ္ပဏီတစ်ခုခု၊ လုပ်ငန်းတစ်ခုခုမှာ ပြန်၀င်လုပ်နေတဲ့သူ (ဖြစ်နိုင်ရင်တော့ ဘယ်သူမှပင်စင်ယူပြီး အလုပ် ပြန်၀င်မလုပ်ချင်ပါဘူး၊ ပင်စင်စားတစ်ယောက်ဟာ လုပ်သက် နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်တော့ လုပ်ခဲ့ကြရတာဘဲ၊ သက်ပြည့်ပင်စင်ဆိုရင် အသက်ခြောက်ဆယ်ကျော်နေပြီ ဘာပဲဖြစ်ဖြစ် အိမ်မှာပဲ အေးအေးဆေးဆေးနေချင်တော့တယ်။ ဒါပေမယ့် ကိုယ့်မိသားစုကို ကိုယ်၀န်ထမ်းဘ၀တုန်းကလိုပဲ လောက်လောက်ငှငှ ပြည့်ပြည့်စုံစုံလေးထားချင်တယ်။

ဒီအတွက် အပို၀င်ငွေရအောင် အလုပ်တွေဆက်လုပ် ကြရတယ်။ တချို့လည်း အိမ်ပွဲစား၊ မြေပွဲစား၊ ကားပွဲစားတွေ ထွက်လုပ်ကြတယ်။ မိုးလင်းတာနဲ့ လွယ်အိတ်ကလေးတစ်လုံးလွယ်ပြီးတော့ပေါ့ ၊ အနည်းဆုံးတော့ အိမ်ဆိုင်လေးဖွင့်ပြီး ဈေးရောင်းကြ) စောစောကလိုပဲ ကုမ္ပဏီ/လုပ်ငန်းတစ်ခုခု၀င်လုပ်နေတဲ့သူတွေကျတော့ ပင်စင်စောစောသွားထုတ်ရင် အလုပ်နောက်ကျမယ်။ နေ့လည်ပိုင်းမှ သွားထုတ်ရင် နေ့တ၀က်ခွင့်ယူရမယ်။ လစဉ်လတိုင်းဆိုတော့ အလုပ်ရှင်က ကြည်ဖြူမှာမဟုတ်ဘူး။ လုပ်ခအဖြတ်ခံနိုင်တယ်ပဲထားဦးတော့ ကြာတော့ကိုယ်ကလည်း အားနာလာရတယ်။ ပုဂ္ဂလိကလုပ်ငန်းတစ်ခုကနေ နောက်ပုဂ္ဂလိကလုပ်ငန်းတစ်ခုကို ပြောင်းလုပ်တဲ့သူကတော့ ပြဿနာမရှိဘူး။ ကိစ္စမရှိဘူး။ သူက ပင်စင်ထုတ်စရာမှမလိုပဲကို။

ထားပါတော့လေ ကိုယ်ပြောချင်တာက ပင်စင်စားတွေ e – ပင်စင်စနစ်ကြောင့် အတော်လေး သက်သာသွားပါပြီ။ မပင်ပန်းတော့ဘူး။ မြန်မာနိုင်ငံမှာ လက်ရှိပင်စင်စားဦးရေ ၆၀၀၄၅၈ ဦး (ခြောက် သိန်းကျော်) ရှိတဲ့အနက် e – ပင်စင် စမတ်ကဒ် လျှောက်ထားပြီးသူ ဦးရေ ၄၇၁၃၆၅ ဦး ဖြစ်ပြီး မြန်မာ့ စီးပွားရေးဘဏ်မှ စမတ်ကဒ်ထုတ်ပေးပြီး ဦးရေမှာ ၄၀၄၀၁၂ ဦးရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘဏ်ခွဲအသီးသီးမှာ e – ပင်စင် စမတ်ကဒ် လာရောက်ထုတ်ယူသူဦးရေက ၃၀၅၉၅၆ ဦးဖြစ်တဲ့အတွက် e – ပင်စင် ကဒ်ထုတ်ယူဖို့ကျန်နေတဲ့ ပင်စင်စားက ၉၈၀၅၆ ဦး ရှိသေးတဲ့အတွက် သက်ဆိုင်ရာ ဘဏ်ခွဲ အသီးသီးကို အမြန်ဆုံးဆက်သွယ်ထုတ်ယူကြဖို့ နှိုးဆော်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် e – ပင်စင် ကဒ်လျှောက်ဖို့ ကျန်နေသေးတာ ၁၂၉၀၉၃ ဦး ရှိနေတာကိုလည်း တွေ့ရပါတယ်။

ဒါ့ကြောင့် e – ပင်စင် စမတ်ကဒ်လျှောက်ဖို့ကျန်နေသေးတဲ့သူတွေရော၊ လျှောက်ပြီးတော့ ကဒ်မထုတ်ရသေးတဲ့လူတွေရော၊ e – ပင်စင်လုပ်ငန်းစနစ်အရ အရင်ကလို ဘဏ်ကို တစ်လအတွင်း နှစ်ခါ လာစရာမလိုတော့တဲ့အပြင် မိမိအဆင်ပြေရာ ဘဏ်ဖွင့်ရက်မှာ e – ပင်စင် စမတ်ကဒ်ကို ဘဏ်မှာ လာရောက်တင်ပြရုံနဲ့ ပင်စင်လစာကို ချက်ချင်းထုတ်ယူနိုင်ပြီဖြစ်ကြောင်းနှင့် ကိုယ်တိုင်ဘဏ်ကို မလာရောက်နိုင်တဲ့သူတွေအနေနဲ့လည်း စမတ်ကဒ်နဲ့ ကိုယ်စားလှယ်လွှဲအပ်ပြီး ပင်စင်လစာ ထုတ်ယူနိုင် တယ်ဆိုတာ ထပ်လောင်းလို့သတင်းစကားပါးပေးလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *