News

Suzuki ကားကုမ္ပဏီ မှ ရန်ကုန်စက်ရုံ ထုတ်ကားများ မေလကုန်တွင်စတင်ရောင်းချမည်

suzuki-car

Suzukiသည် ၁၉၉၉ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ ပစ်ကပ် (R-)နှင့် ဝက်ဂွန် (R+) မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ ရောင်းချခဲ့ဖူးပြီး ယခု သုံးနှစ်ဝန်းကျင် ကာလတွင် မြန်မာဈေးကွက်သို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။ ယခင် ဝင်ရောက်ခဲ့ချိန်တွင် ပစ်ကပ်နှင့် ဝက်ဂွန် နှစ်မျိုးပေါင်း ယာဉ်စီးရေ ၆၀၀၀ခန့်နှင့် မော်တော်ဆိုင်ကယ်စီးရေ ၁၀၀၀၀ခန့် ရောင်းချခဲ့သည်။ Myanmar Suzuki Motor Co., Ltd.သည် မြန်မာနိုင်ငံတွင် တစ်လလျှင် ယာဉ်စီးရေ ၁၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံကို တည်ထောင်ထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ခုနှစ် ဇန်နဝါရီလက ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး၊ Suzukiသည် ၁၀၀ ရာခိုင်နှုန်း တစ်ဦးတည်း ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ပထမအကြိမ် ဝင်ရောက်လာစဉ်က တိုယိုတာ အုပ်စုဝင် Toyota Tsusho ကော်ပိုရေးရှင်းနှင့် အကျိုးတူ ဖက်စပ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်အခြေစိုက် Suzuki ကားကုမ္ပဏီ၏ ရန်ကုန် စက်ရုံထုတ်ကားများ မေလကုန်တွင် စတင် ရောင်းချမည် ဖြစ်ကြောင်း “ကျွန်တော်တို့ ဒီလထဲမှာ စပြီး ရောင်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ပစ်ကပ်ကားတွေကို ရောင်းသွားမှာပါ” Myanmar Suzuki Motor Co., Ltd.မှ Admin Managerဟု ဦးရဲထွန်းဦးက ပြောသည်။ Suzukiသည် မြန်မာနိုင်ငံတွင် စက်ရုံ တည်ထောင်ထားသည့် တစ်ခုတည်းသော ဂျပန်ကားကုမ္ပဏီ ဖြစ်ပြီး စက်ရုံကို တိုးချဲ့ ဖွဲ့စည်းသွားရန် ရှိကြောင်း သိရသည်။ Suzuki ယာဉ်တပ်ဆင်မှု စက်ရုံကို ၂၃/၄၇၆ (ဂ) မိုးကုတ်လမ်း တောင်ဒဂုံစက်မှုဇုန်တွင် တည်ထောင်ထားခြင်း ဖြစ်သည်။ Suzuki မော်တာ ကော်ပိုရေးရှင်းကို ၁၉၀၉ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ကားကုမ္ပဏီ ဖြစ်သည်။ ၂၀၁၂ခုနှစ်အတွင်း မော်တော်ယာဉ်စီးရေ သုံးသန်းဝန်းကျင် ရောင်းချခဲ့ရပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂ ဘီလျံဝန်းကျင် ရရှိခဲ့သည်။ Suzuki ကားများကို ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ကျော်တွင် ဖြန့်ဖြူး ရောင်းချ လျက်ရှိပြီး ၎င်း၏ ကားအမျိုးအစားများမှာ Alto, Lapin, MR Wagon, Palette, Wagon R, Solio, Splash, Swift, SX4, Kizashi, Every, Every Landy, Ertiga, Landy, APV, Jimny, Escudo၊ Carry, Equator စသည်တို့ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *