Business, Featured

တည်ထောင်ခါစ ကုမ္ပဏီငယ်လေးများရဲ့ ဈေးကွက်နည်းဗျူဟာ အမှားများ

တည်ထောင်ခါစ ကုမ္ပဏီငယ်လေးများရဲ့ ဈေးကွက်နည်းဗျူဟာ အမှားများ

မကြာသေးမီကပဲ တည်ထောင်ခါစ ကုမ္ပဏီ Pressfarmက စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖို့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေဖို့အတွက် ဂျာနယ် သတင်းထောက်များရဲ့ အမည်၊ အီးမေးနဲ့ Twitterအကောင့်များကို ပံ့ပိုးပေးမယ်လို့ ကတိပေးပြောကြားလိုက်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်မှာ အဓိက ပြဿနာတစ်ခုရှိပါတယ်။ အဲဒါကတော့ တည်ထောင်ခါစ ကုမ္ပဏီတစ်ခုအတွက် မီဒီယာမှာ ဖော်ပြခံရဖို့ဆိုရင် သတင်းထောက်တွေကို ဆက်သွယ်ရမယ့် သတင်းအချက်အလက်တွေက အရေးမကြီးပါဘူး။ တကယ်တမ်းမှာတော့ သတင်းထောက်တွေဟာ သူတို့ရဲ့ အီမေးတွေကို Twitter Accountမှာ ဖော်ပြထားကြပါတယ်။

ဖော်ပြထားတဲ့ သူတွေကိုလည်း Google Search ဒါမှမဟုတ် တစ်ဆင့်ခံ မိတ်ဆွေတွေကနေ သိနိုင်ပါတယ်။ သင့်လုပ်ငန်းကို မစတင်မီမှာ သတင်းသမားတွေ၊ စားသုံးသူတွေနဲ့ ရင်းနှီးမြှပ်နှံသူတွေကို ကြော်ညာခြင်းဟာ သင့်ရဲ့ ဈေးကွက်ကို ထိခိုက်စေနိုင်ပါတယ်။ တည်ထောင်ခါစ ကုမ္ပဏီအများစု ပြုလုပ်လေ့ရှိတဲ့ အမှားများကို အောက်မှာ ဖော်ပြပေးလိုက်ပြီး ရှောင်ရှားနိုင်အောင် ဖြစ်ပါတယ်။

၁။ သင့်ရဲ့ ထုတ်ကုန်ကို ရောင်းချဖို့ သတင်းသမားများကို အားထားခြင်း

သတင်းသမားများဟာ အရောင်း၀န်ထမ်းတွေ မဟုတ်ပါဘူး။ သင့်ကိုယ်စား သင့်ထုတ်ကုန်တွေကို ရောင်းချပေးတာဟာ သူတို့ အလုပ်မဟုတ်ပါဘူး။ သူတို့အလုပ်က သတင်းတွေကို ကမ္ဘာကြီးကို မျှဝေဖို့ပါ။ တည်ထောင်ခါစ ကုမ္ပဏီရဲ့ Public Relation နည်းလမ်းဟာ ထုတ်ကုန်ကို ရောင်းချဖို့ နည်းဗျူဟာ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့အတွက် သင့်ထုတ်ကုန်တွေကို မီဒီယာသမားတွေကို ရောင်းချခိုင်းဖို့ မှီခိုတာကို မပြုလုပ်သင့်ပါဘူး။ အဲဒီအစား သင့်ကုမ္ပဏီရဲ့ သမိုင်းကြောင်း၊ ထုတ်ကုန်များကို မီဒီယာများကို ရှင်းပြသင့်ပြီး သင့်၀က်ဆိုက်ကို လူလည်ပတ်မှုများအောင် ပြုလုပ်သင့်တာပါ။ အဲဒီနောက်မှာတော့ လည်ပတ်သူများ နောက်ထပ် လာလည်ချင်အောင် ထုတ်ကုန်အသစ်များ၊ သတင်းအချက်အလက်များနဲ့ စွဲဆောင်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် သင့်ထုတ်ကုန်ကို စမ်းသုံးချင်အောင် နည်းလမ်းများပြုလုပ်ရမှာပါ။

၂။ အာရုံစိုက်မှုကို ၀ယ်ယူတာထက် ငှားရမ်းပါ။

ငွေကြေးများစွာသုံးပြီး သင့် စီးပွားရေးကို လူသိများအောင် ပြုလုပ်ရတာ လွယ်ပါတယ်။ လွယ်တယ်ဆိုပေမယ့် လုပ်သင့်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ စားသုံးသူများဟာ အခပေး ကြော်ညာများကို စိတ်မ၀င်စားတော့ပါဘူး။ သင် ခြေချမယ့် နယ်ပယ်ပေါ်မူတည်ပြီး သင့်ထက် အာရုံစိုက်မှု ပိုမိုရနိုင်တဲ့ ပြိုင်ဖက်တွေ ပေါ်ထွက်လာနိုင်ပါတယ်။ အဲဒီအတွက် နောင်နှစ်များစွာ ကြာအောင် အာရုံစိုက်မှု ရရှိစေနိုင်တဲ့ အရာများကို ဖန်တီးရမှာပါ။

၃။ ဈေးကွက်ရှာဖွေခြင်းထက် ပြောဆိုစဉ်းစားပြီး အချိန်ဖြုန်းနေခြင်း။

ကုမ္ပဏီတည်ထောင်သူအများစုဟာ သူတို့ရဲ့ ဈေးကွက်ဗျူဟာတွေကို ပြုလုပ်ခြင်းမရှိဘဲ ပြောဆိုပြီး အချိန်ဖြုန်းနေကြပါတယ်။ မတူညီတဲ့ နည်းဗျူဟာ အနည်းငယ်မှာ အချိန်နဲ့ စွမ်းအားတွေ မြှပ်နှံလိုက်ပါ။ ဥပမာအားဖြင့် ဘလော့ပြုလုပ်ခြင်း၊ တူညီတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ပူးတွဲလုပ်ကိုင်ခြင်း၊ ဗီဒီယိုနဲ့ လူမှုကွန်ရက်များမှာ ကြော်ညာခြင်းတို့ ဖြစ်ပါတယ်။ ချက်ချင်းလက်ငင်း အကျိုးမထူးရင် လူမှုကွန်ရက်တွေနဲ့ အပေါ်ကနည်းလမ်းတွေဟာ အလုပ်မဖြစ်ဘူးလို့ မထင်ပါနဲ့ ။ စမ်းသပ်ပါ။ လေ့လာပါ။ ပြီးရင် စားသုံးသူတွေနဲ့ ရေရှည်ဆက်ဆံနိုင်မယ့် အရာတွေကို ဖန်တီးပါ။

၄။ အင်တာနက်မှာ ပေါက်အောင် လုပ်ခြင်း။

အင်တာနက်မှ ကြော်ညာ ဗီဒီယိုအများစုဟာ စိတ်ပျက်စရာကောင်းအောင် ကျဆုံးနေပါတယ်။ ဒီလို အင်တာနက်မှာ ပေါက်အောင် ဗီဒီယိုပြုလုပ်ခြင်းထက် စားသုံးသူများ စိတ်၀င်စားမယ့် သင့်ရဲ့ ရည်မှန်းချက်များနဲ့ ဦးဆောင်မှုများကို ဖော်ပြတဲ့ အရာများကို ဖန်တီးဖို့ အာရုံစိုက်ပါ။ ဥပမာ အနေနဲ့ ဘော့စတွန်အခြေစိုက် Kinveyဟာ သူ့နယ်ပယ်မှ အခြားနည်းပညာကုမ္ပဏီများနဲ့ သူ့ကုမ္ပဏီကို မြေပုံမှာ ဖော်ပြဖို့ ပြည်တွင်း တည်ထောင်ခါစကုမ္ပဏီများရဲ့ ဂေဟစနစ်ကို ပြသပေးတဲ့ မြေပုံတစ်ခုကို ဖန်တီးခဲ့ပြီး မီဒီယာများနဲ့ ပြိုင်ဖက် ကုမ္ပဏီများရဲ့ အာရုံစိုက်မှု ရရှိခဲ့ပါတယ်။ Stitch Fixက ဖက်ရှင်နှစ်သက်တဲ့ စားသုံးသူများကို စွဲဆောင်ရင်းနဲ့ Pinterestမှာ ဆရာတစ်ဆူ ဖြစ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို အင်တာနက်မှာ ပေါက်အောင် မလုပ်ဘဲ သူတို့ရဲ့ အနာဂတ် စားသုံးသူတွေ တကယ် ဖတ်ရှုလေ့လာမယ့်၊ ကြည့်ရှုမယ့်၊ ရင်းနှီးမြှပ်နှံမယ့်အရာတွေကို စဉ်းစားပြီး အဲဒါတွေကို ဖန်တီးဖို့ အချိန်နဲ့ စွမ်းအားတွေကို ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

၅။ သင့်၀က်ဆိုက်ကို လူကြည့်များအောင် ပြုလုပ်ဖို့ လစ်လျူရှုထားခြင်း။

Search Engineများမှာ သင့်၀က်ဆိုက်ကို ပိုမိုပြသပေးအောင် ပြုလုပ်သင့်ပါတယ်။ မိုဘိုင်းဖုန်းတွေကနေလည်း ကြည့်ရှုလို့ အဆင်ပြေအောင် ပြုလုပ်ထားသင့်ပါတယ်။ တည်ထောင်စ ကုမ္ပဏီများဟာ သူတို့ ၀က်ဆိုက်များကို မိုဘိုင်းဖုန်းများမှာ ကြည့်ရှုလို့ အဆင်ပြေအောင် ပြုလုပ်မထားတာကို အံ့သြဖွယ်ကောင်းအောင် တွေ့နေရပါတယ်။ နောက်ပြီး လည်ပတ်သူတွေကို သင်ပြချင်တဲ့ အရာတွေကို ရှင်းရှင်းလင်းလင်းမြင်ရအောင် ပြသထားသင့်ပါတယ်။ သင့်၀က်ဆိုက်မှ သတင်းအချက်အလက်များကို စားသုံးသူက နေ့စဉ် အီးမေးနဲ့ ဖတ်ရှုစေချင်သလား။ သင့်ထုတ်ကုန်အကြောင်းရှင်းပြထားတဲ့ ဗီဒီယိုကို ကြည့်စေချင်သလား။ လူမှုကွန်ရက်များမှာ သင့်ကုမ္ပဏီကို Followပြုလုပ်စေချင်သလား။ သင့်မိတ်ဆွေ အနည်းငယ်ကသာ သင့်၀က်ဆိုက်ရဲ့ စာမျက်နှာတိုင်းကို အချိန်ပေးကြည့်ရှုကြတာပါ။ အဲဒီအတွက် သင့်ရဲ့ အဓိက ပရိသတ်တစ်ယောက်ချင်းစီအတွက် ရှင်းလင်းတဲ့ ၀က် စာမျက်နှာများကို ပြုလုပ်ထားသင့်ပါတယ်။ တည်ထောင်ခါစ ကုမ္ပဏီအတွက် ဈေးကွက် ရှာဖွေမှုမှာ လျှင်မြန်တဲ့ ကုစားမှု မရှိပါဘူး။ တည်ထောင်ခါစကုမ္ပဏီ နယ်ပယ်မှ အခြား ကုမ္ပဏီများလိုပဲ စိတ်ကူးက လွယ်ပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ရတာက စိန်ခေါ်မှုဖြစ်ပါတယ်။ HubSpotရဲ့ ပူးတွဲတည်ထောင်သူနဲ့ OnStartupsရဲ့ ဆောင်းပါးရှင် Dharmesh Shahက ဒီလိုပြောပါတယ်။ “ သင့်ထုတ်ကုန်ကို စတင် တီထွင်တဲ့ နေ့ကတည်းက ဈေးကွက်ရှာဖွေမှုကို ပြုလုပ်သင့်ပါတယ်။ “ အပေါ်က အမှားများကို တတ်နိုင်သလောက်ရှောင်ရှားပါ။ အရေးအကြီးဆုံးက ကမ္ဘာကြီးကို သင့်အကြောင်း ပြောဖို့ စောင့်စားမနေပါနဲ့ ။ သင့်ထက်ပိုကောင်းအောင် ပြောပြနိုင်မယ့်သူ မရှိပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *