ပလေးစတေရှင်ဂိမ်းစက်တွေကို တစိုက်မတ်မတ် ထုတ်လုပ်နေတဲ့ SONYအနေနဲ့ ၎င်းတို့ရဲ့ မျိုးဆက်သစ် ဂိမ်းစက်ကို လာမယ့်နို၀င်ဘာ ၁၅ရက်နေ့မှာ မြောက်အမေရိကမှာ မိတ်ဆက်ပွဲထုတ်မယ်လို့ သတင်းရရှိပါတယ်။ ဥရောပနဲ့ လက်တင်အမေရိက ဒေသတွေမှာတော့ နို၀င်ဘာ ၂၉ရက်နေ့မှာ ဖြစ်မှာပါ။ အဆိုပါ ကြေညာချက်ဟာ ယမန်နေ့က ဂျာမနီမှာကျင်းပတဲ့ Gamescom Press Conferenceမှ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆိုနီရဲ့ အကြီးအကဲတစ်ဦး ဖြစ်သူ Andrew Houseကတော့ အဆိုပါဂိမ်းစက်ဟာ လာမယ့်အားလပ်ရက် ရာသီအတွက် ရည်ရွယ်ပြီး နိုင်ငံပေါင်း ၃၂ခုမှာ ရရှိနိုင်တော့မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ဂိမ်းစက်ဟာ မထွက်ရှိခင်တည်းက ဂိမ်သမားတွေရဲ့ တစ်သန်းမကသော ကြိုတင်အော်ဒါမှာယူမှုတွေ ရရှိခဲ့ပြီး အချိန်တိုလေးအတွင်းမှာ မယုံကြည်နိုင်ဖွယ် ပါပဲလို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ်ကလည်း Xbox Oneဂိမ်းစက်ကို နို၀င်ဘာမှာ ဖြန့်ချိမယ်လို့ ကြေညာခဲ့လို့ အဆိုပါ ဂိမ်းစက်နှစ်ခုကြားမှာ ရွေးချယ်စရာပဲ ဖြစ်ပါတယ်။ ဆိုနီဟာလည်း အဆိုပါ Conferenceမှာ PS Vitaကို ၁၉၉ဒေါ်လာနဲ့ ရောင်းချမယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ၂၄၉ဒေါ်လာတန် Wi-Fi Modeနဲ့ ၂၉၉ဒေါ်လာတန် 3G Mode ဂိမ်းစက်တွေလည်း ပါ၀င်မယ်လို့ သိရှိရပါတယ်။ အမေရိကနဲ့ ဥရောပမှာတော့ ယနေ့ကစပြီး PS Vitaဂိမ်းစက်တွေကို ၁၉၉ဒေါ်လာနဲ့ ၀ယ်ယူနိုင်မှာပါ။ ဂျပန်မှာလည်း ဆိုနီဂိမ်းစက်တွေကို ရောင်းအားမြှင့်တင်ဖို့ Wi-Fiဗားရှင်းနဲ့ 3Gဗားရှင်းတွေကို ၁၉၉၈၀ ယန်း(၂၁၄ဒေါ်လာ) အထိဈေးလျှော့ရောင်း ခဲ့တယ်လို့ သိရပါတယ်။