ယနေ့ခေတ်မှာတော့ တိပ်ခွေတွေဟာ မရှိသလောက် ရှားပါးသွားပါပြီ။ ကျွနု်ပ်တို့အနေနဲ့လည်း CD ခွေတွေကိုသာ တွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။ ဒါပေမယ့် အချို့လူတွေအတွက်တော့ တိပ်ခွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ အခုထိရှိနေဆဲ ဖြစ်ပါတယ်။ အခု ဖော်ပြပေးသွားမှာကတော့ ကက်ဆက်တိပ်ခွေများ အကြောင်းပဲ ဖြစ်ပါတယ်။
တိပ်ခွေတစ်ခွေဟာ လက်ဆောင်ပေးဖို့အတွက် ဖြစ်စေ၊ ချစ်သူရည်းစားကြား အဓိပ္ပာယ်တွေ ဖော်ပြဖို့ဖြစ်စေ အတော်အတန် အသုံး၀င်ခဲ့ပါတယ်။ တစ်စုံတစ်ယောက်က သင့်အတွက်ဆိုပြီးတော့ တိပ်ခွေတစ်ခွေကို တကူးတက လာပေးတဲ့အခါ စိတ်ထဲမှာ ကြည်နူးသွားလေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီတိပ်ခွေ (သီချင်းခွေ)ကို အိပ်ရာထဲမှာ တစ်ယောက်တည်း အထီးကျန်စွာ နားထောင်နေမယ့်အစား ကက်ဆက်အကြီးကြီးမှာ ဖွင့်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး နားထောင်း ခံစားလိုက်တာက ပိုကောင်းပါတယ်။
ကောင်လေး၊ ကောင်မလေးတွေကလည်း ၎င်းတို့ရဲ့ရင်ထဲက ခံစားချက်တွေကို တိပ်ခွေထဲ အသံသွင်းပြီး သက်ဆိုင်သူတွေဆီ ပေးကာ နားထောင်စေပါတယ်။ ဒါ့အပြင် ဂီတဝါသနာအိုးတွေ အတွက်လည်း တိပ်ခွေတွေဟာ တစ်ခေတ်တစ်ခါက ကိုးကွယ်စရာ တစ်ခု ဖြစ်ခဲ့ပါတယ်။ မိနစ်ခြောက်ဆယ်၊ မိနစ်ကိုးဆယ်၊ မိနစ် တစ်ရာ့နှစ်ဆယ် စသဖြင့် တိပ်ခွေတွေအမျိုးမျိုး ထုတ်လုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များမှာ တိပ်ခွေတွေဟာ အလွန်တရာ အသုံး၀င်ခဲ့ပါတယ်။ မိသားစုလိုက် ခရီးသွားခြင်းမှအစ ကုမ္ပဏီများ၊ လုပ်ငန်းများမှာပါ တိပ်ခွေတွေကို အသုံးပြုခဲ့ပါတယ်။
နာမည်ကျော်ကြားခဲ့တဲ့ ရေဒီယို သီချင်းတွေဟာလည်း တိပ်ခွေတွေမှတစ်ဆင့် ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ သင်ကြားရေး၊ အနုပညာ၊ ဖျော်ဖြေရေးသာမက အတော်များများ ကိစ္စရပ်တွေမှာ တိပ်ခွေတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ Pen တစ်ချောင်းကိုင်ပြီး တိပ်ခွေပေါ်မှာ သင်ကြိုက်သလို ရေးမှတ် နိုင်ပါသေးတယ်။ အဲဒီခေတ်အခါက လူငယ်လူရွယ်များ အတွက်တော့ Mixtape ခေါ် တိပ်ခွေတွေဟာ အရူးအမူး စွဲလန်း တပ်မက်စရာ ဖြစ်ခဲ့ပါတယ်။ တိပ်ခွေပေါ်မှာ မှိုတက်လာတဲ့အခါ Sprayနဲ့ သန့်စင်ခဲ့တာကိုလည်း မှတ်မိကြမှာပါ…
ယနေ့အခါမှာတော့ တိပ်ခွေတွေဟာ ခြင်းတောင်းထဲရောက်သွားပေမယ့် တစ်ခါက လူငယ်များအတွက်တော့ Mixtapeလို့ နာမည်တပ်ပြီး သေသေချာချာကို အလေးပေးခံခဲ့ရတဲ့ အရာများပဲ ဖြစ်ပါတယ်။
Ref : http://www.buzzfeed.com/perpetua/things-you-miss-about-mix-tapes