Business, Education, Lifestyle, Opinion

လူမှုရေးတွေ ဖူလုံစေဖို့

လူမှုရေးတွေ ဖူလုံစေဖို့

လူမှုဖူလုံရေးကတ်ပြား (Smart Card)လေးရတော့ ကိုဘအေးတစ်ယောက် အံ့သြနေမိတယ်။ ကတ်ပြားလေးရဲ့ နာမည်အပြည့်အစုံက “လူမှုဖူလုံရေးအဖွဲ့၊ လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြား” လို့ ဖြစ်ပါတယ်။ ကိုယ်ကလက်ရှိ အလုပ်ထဲမှာ မဟုတ်တော့လို့ ဒါက အသုံးဝင်ပါအုံးမလား။ အလုပ်ထဲမှာရှိတုန်းက လူမှုဖူလုံရေးရုံးက လာပြီး လိုအပ်တဲ့ အချက်အလက်တွေ မေးမြန်း၊ လက်ဗွေနှိပ်၊ ဓါတ်ပုံတွေရိုက်ပြီးသွားခဲ့တာ။ ကိုယ်က သတိတောင်မရတော့ဘူး။ လူမှုဖူလုံရေး ထည့်ဝင်ကြေးကို ဆက်ပြီး သွင်းနေမယ်ဆိုရင်တော့ ဒီကတ်ပြားလေးက အသုံးဝင်နေမှာပါလို့ ပြောပါတယ်။

ကိုယ်က တစ်သက်နဲ့တစ်ကိုယ် ဝန်ထမ်းလုပ်ခဲ့တဲ့တစ်လျှောက် သက်ပြည့်ပင်စင်သာ ယူခဲ့တယ်။ လူမှုဖူလုံရေး မဝင်ဖြစ်ခဲ့ပါ။ ဝင်ရကောင်းမှန်းလဲ မသိခဲ့သလို ရုံးကလည်း လုပ်မပေးခဲ့ပါ။ ကိုဘအေး သူငယ်ချင်း တစ်ယောက်ရဲ့ ဇနီးမီးဖွားတော့ အလုပ်သမားဆေးရုံကြီးမှာ တက်ပါတယ်။ သူ့ဇနီးက ကလေးမီးဖွားရုံတင်မဟုတ်ဘူး ဗိုက်ထဲမှာရှိနေတဲ့ အလုံးကိုပါ ထုတ်ရမှာပါ။ ခွဲမွေးရတယ်ပဲ ဆိုပါတော့။ ကလေးရော အမေပါ ကံကောင်းပါတယ်။ ဘာမှမဖြစ်ဘူး။ သမီးကလေးက အခုဆိုရင် ကိုယ့်သမီးထက် တစ်နှစ်ကြီးတော့ ဆယ်တန်းတက်ရမယ်ထင်တယ်။ အဲဒီတုန်းက သူငယ်ချင်းနဲ့ဇနီးက သတ္တုတွင်းဝန်ကြီးဌာန၊ ဘူမိဗေဒနှင့် ဓါတ်သတ္တုရှာဖွေရေး ဦးစီးဌာနက ဝန်ထမ်းတစ်ယောက်ပါ။ လူမှုဖူလုံရေး ဝင်ထားလို့ အလုပ်သမားဆေးရုံကြီးမှာ တက်ရပြီး ဆေးဝါးကုသစရိတ် မကုန်ခဲ့ဘူးလို့ သိရပါတယ်။ ကိုဘအေးလည်း အဲဒီတုန်းက ငါတို့ရုံးတွေက လူမှုဖူလုံရေးဝင်ဖို့ ဘာလို့ လုပ်မပေးလည်း မသိဘူးပေါ့။ ကိုယ်တွေ အရင်သိထားတာက လူမှုဖူလုံရေးဆိုတာ စက်ရုံအလုပ်ရုံတွေပဲ လုပ်ရတယ်ပေါ့။ ဒါပေမယ့် သူငယ်ချင်းရဲ့ ဇနီးက ရုံးဝန်ထမ်းပဲ။ ဘာဖြစ်လို့ လူမှုဖူလုံရေး ဝင်လို့ ရတာလဲ။ ကိုယ်တွေ စဉ်းစားကြည့်မိတာပါ။

ခုတော့လည်း လူမှုဖူလုံရေးအဖွဲ့က ထုတ်ဝေတဲ့ Palm Flat လေးကြောင့် တော်တော်စုံစုံလင်လင် သိလိုက်ရပါတယ်။ လူမှုဖူလုံရေးအဖွဲ့ဟာ အရင်တုန်းက အလုပ်သမားဝန်ကြီးဌာန၊ အခုအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန လက်အောက်က ဌာနတစ်ခု ဖြစ်ပါတယ်။ လူမှုဖူလုံရေးအဖွဲ့ရဲ့ ဆောင်ပုဒ်က “One for all, All for one”လို့ ဖြစ်ပါတယ်။ လူမှုဖူလုံရေး စီမံကိန်းရဲ့ ရည်ရွယ်ချက် အနေနဲ့ကတော့ အာမခံအလုပ်သမားများ မကျန်းမာခြင်း၊ မီးဖွားခြင်း၊ သေဆုံးခြင်း၊ အလုပ်တွင် ထိခိုက်မှုဖြစ်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မည်သည့် အကြောင်းကြောင့်မဆို မသန်မစွမ်းဖြစ်ခြင်း၊ သက်ပြည့်အငြိမ်းစားခံစားခြင်း စတဲ့ အချိန်များတွင် ဆေးကုသမှုပေးခြင်း၊ ငွေကြေးအကျိုးခံစားခွင့် ပေးခြင်းအပြင်၊ အိမ်ရာပိုင်ဆိုင်ခွင့်နှင့် နေထိုင်ခွင့်များကိုပါ ရရှိစေခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေမှာပါရှိတဲ့ အာမခံစနစ်များက (၁) ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်၊ (၂) မိသားစုထောက်ပံ့မှု အာမခံစနစ်၊ (၃) အလုပ်တွင် ထိခိုက်မှု အာမခံစနစ်၊ (၄) အလုပ် လုပ်ကိုင်နိုင်စွမ်း မရှိမှု၊ သက်ပြည့်အငြိမ်းစားနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံစနစ် (၅) အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ (၆) အခြား လူမှုဖူလုံရေးစနစ် (အိမ်ရာစီမံကိန်း) တို့ဖြစ်ပြီး ဥပဒေသစ် စတင် အကောင်အထည်ဖော်ချိန်မှာ အထက်ပါ အမှတ်စဉ် (၁)(၂)(၃) အာမခံစနစ်များကိုသာ ပုဒ်မ ၁၀ဝအရ စတင်ကျင့်သုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဘအေးတို့ရုံးတွေမှာ ဘာဖြစ်လို့ လူမှုဖူလုံရေး မဝင်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး အခုဖော်ပြမယ့် မဝင်မနေရ ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်သည့် အလုပ်ဌာနများဆိုတာကို တွေ့လိုက်တော့မှ ရှင်းသွားပါတယ်။ အဲဒီအလုပ်ဌာနတွေကတော့ အလုပ်သမား အနည်းဆုံး (၅)ဦးနှင့်အထက် လုပ်ကိုင်တဲ့ စက်မှုလက်မှု အလုပ်ဌာနတွေ၊ ဆိုင်တွေ၊ ကုန်သွယ် အလုပ်ဌာနတွေနဲ့ အများပြည်သူဖျော်ဖြေရေး အလုပ်ဌာနတွေ၊ သတ္တုတွင်းနဲ့ ကျောက်မျက်ရတနာလုပ်ငန်းတွေ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ဆိုင်ရာ လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော စည်ပင်သာယာရေး အဖွဲ့အစည်းတွေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ကိုင်သော ကုမ္ပဏီ၊ အသင်း၊ အဖွဲ့အစည်းတွေ၊ နိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ငန်းတွေ၊ တစ်နှစ်နဲ့အထက် သက်တမ်းရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကုန်တင်ကုန်ချလုပ်ငန်းတွေ၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနလက်အောက်ခံ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရ မဝင်မနေရ ပြဋ္ဌာန်းချက်နဲ့ သက်ဆိုင်တဲ့ အလုပ်သမားများဟာ ဥပဒေပါခံစားခွင့်များကို ခံစားခွင့်ရှိသလို မဝင်မနေရ ပြဋ္ဌာန်းချက်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အလုပ်ဌာနတွေက အလုပ်သမားများဟာလည်း အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဦး နှစ်ဖက်သဘောတူညီမှုရှိပါက ထည့်ဝင်ကြေးပေးသွင်းပြီး ဥပဒေပါ ခံစားခွင့်များကို ခံစားခွင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလုပ်ရှင် အတည်တကျမရှိတဲ့ အလုပ်သမားများ၊ ပျံကျဈေးသည်များ၊ တောင်သူလယ်သမားများ၊ ကျောင်းသူ/ ကျောင်းသားများ အပါအဝင် ပြည်သူပြည်သားအားလုံးဟာလည်း မိမိတို့ဆန္ဒအလျောက် အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးများ ပေးသွင်း၍ အာမခံထားရှိပြီး ဥပဒေပါ ခံစားခွင့်တွေကို ခံစားခွင့်ရှိတယ်လို့ သိရပါတယ်။

လူမှုဖူလုံရေး ထည့်ဝင်ကြေး ထည့်ဝင်ထားသူတွေအနေနဲ့ ကျန်းမာရေးနဲ့ လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်ရဲ့ အကျိုးခံစားခွင့်တွေ ရရှိမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ သတ်မှတ်ထားချက်တွေနဲ့အညီ ခံစားခွင့်ရှိတဲ့ မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နဲ့ ငွေကြေးအကျိုးခံစားခွင့်၊ အာမခံထားသူ အမျိုးသမီး ကိုယ်ဝန်ဆောင်မှုနဲ့ မီးဖွားမှုအတွက် အကျိုးခံစားခွင့် (ဒီနေရာမှာ ဖခင်ဘဝဖြစ်မှု ခံစားခွင့်အဖြစ် အာမခံထားသူရဲ့ ဇနီးမီးဖွားပါက ဖခင်ဘဝဖြစ်မှု ခွင့်(၁၅)ရက်နဲ့ ငွေကြေးအကျိုးခံစားခွင့်ပါ ရရှိမှာဖြစ်ပါတယ်။)နှင့် နာရေးစရိတ်ခံစားခွင့်တို့ဖြစ်ပြီး မိသားစုထောက်ပံ့မှု အာမခံစနစ်ရဲ့ အကျိုးခံစားခွင့်များမှာဆိုရင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံရန်ပုံငွေသို့ ထည့်ဝင်ကြေး အနည်းဆုံး (၃၆)လ ပေးသွင်းထားပါက သတ်မှတ်ထားသော လစာဝင်ငွေ အောက်ရရှိသည့် အာမခံအလုပ်သမား၏ သားသမီးများအတွက် ပညာသင်စရိတ် ခံစားခွင့်ရှိပြီး သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အခါ တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ (၁)လစာ၏ ၄၀ရာခိုင်နှုန်းနဲ့ ကယ်ဆယ်ရေး ပစ္စည်းများကို ခံစားခွင့်ရှိပါတယ်။ အလုပ်မှာထိခိုက်မှု အကျိုးခံစားခွင့်တွေနဲ့ ပတ်သက်ပြီး ယာယီမသန်စွမ်းမှုနဲ့ဆိုင်တဲ့ အကျိုးခံစားခွင့်တွေ၊ အမြဲတမ်း မသန်စွမ်းမှုနဲ့ဆိုင်တဲ့ အကျိုးခံစားခွင့်တွေ အလုပ်မှာထိခိုက်လို့ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်တွေ ပါဝင်ပါတယ်။ လူမှုဖူလုံရေး အာမခံစနစ်ရဲ့ အကျိုးခံစားခွင့်တွေကတော့ သူ့ကဏ္ဍနဲ့သူ အများကြီးပါ။ အသေးစိတ်တွေတော့ မဖော်ပြတော့ပါဘူး။ လူမှုဖူလုံရေး ဝင်ထားရင် ခေါင်းရွက်၊ ဗျတ်ထိုး ဈေးသည်တွေကအစ အကျိုးမယုတ်ဖူးဆိုတာတော့ ပြောပါရစေ။

ဥပဒေပါ အကျိုးခံစားခွင့်တွေကို ရရှိစေဖို့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားတို့ဟာ ကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်နဲ့ မိသားစုထောက်ပံ့မှု အာမခံစနစ်တို့အတွက် အလုပ်သမားလစဉ်ဝင်ငွေ၏ ၂% : ၂%နှင့် အလုပ်ရှင်က အလုပ်တွင် ထိခိုက်မှု အာမခံစနစ်အတွက် အလုပ်သမားလစဉ်ဝင်ငွေရဲ့ ၁ရာခိုင်နှုန်းကို ထည့်ဝင်ကြေးအဖြစ် လစဉ်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ထည့်ဝင်ကြေးများအနေနဲ့ အာမခံထားသူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ ပမာဏလောက်ပဲ ရှိတာတွေ့ရပါတယ်။ လူမှုဖူလုံရေးအဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်များကိုတော့ အောက်ပါအတိုင်း တွေ့ရှိရပါတယ်။

  • အာမခံအလုပ်သမားများအား အကျိုးခံစားခွင့်များကို အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေသစ်ကို Computerize Systemဖြင့် ကျင့်သုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
  • အာမခံအလုပ်သမားများ ဆေးကုသမှု အဆင်ပြေရေးအတွက် အဖွဲ့ပိုင်ဆေးရုံ၊ ဆေးခန်းများကို အဆင့်မြင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း။
  • အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် ဆေးကုသမှုခံယူနိုင်ရေးအတွက် နယ်လှည့်ဆေးကုသရေးယာဉ် Mobile Medical Unit ဖြင့် အလုပ်ဌာနများအရောက် ကွင်းဆင်းကုသနိုင်ရေး စတင်ဆောင်ရွက်လျက်ရှိကြောင်း။
  • အာမခံအလုပ်သမားများ နီးစပ်ရာဆေးခန်းများတွင် ဆေးကုသမှုခံယူနိုင်ရန် စာချုပ်ဆေးရုံ၊ ဆေးခန်းစနစ်ကို ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

အလုပ်ရှင်များအနေဖြင့် မိမိအလုပ်သမားအလုပ်ခွင်တွင် ထိခိုက်မှုဖြစ်ပေါ်သည့်အခါ ၂၄နာရီအတွင်း လူမှုဖူလုံရေးအဖွဲ့ကို အကြောင်းကြားရပါမယ်။ မဝင်မနေရ ပြဌာန်းချက်များနှင့် သက်ဆိုင်သော အလုပ်ရှင်သည် လုပ်ငန်းစတင် လုပ်ကိုင်သည့်နေ့မှ ရက်ပေါင်း(၃၀)အတွင်း သက်ဆိုင်ရာလူမှုဖူလုံရေးအဖွဲ့တွင် မိမိ၏အလုပ်ဌာနအား မှတ်ပုံတင်ရန် တာဝန်ရှိပါတယ်။ အလုပ်ရှင်သည် အလုပ်သမားအသစ်တစ်ဦးခန့်တိုင်း ခန့်အပ်ပြီး(၁၀)ရက်အတွင်း လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရန် တာဝန်ရှိပါတယ်။ ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ အလုပ်ရှင်က မိမိတို့ရဲ့ အလုပ်သမား လုပ်ငန်းခွင် ထိခိုက်မှု ကြုံတွေ့ရတဲ့အခါ အလုပ်သမားလျော်ကြေး အက်ဥပဒေပါ ပြဌာန်းချက်များနဲ့ ကင်းလွတ်ခွင့် ရှိပါတယ်။

၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအား လိုက်နာမှု မရှိသူများအနေဖြင့် အောက်ပါအချက်များကို သတိပြုရပါမယ်။

  • မိမိအလုပ်သမားအတွက် ထည့်ဝင်ကြေးပေးသွင်းဖို့ ပျက်ကွက်သည့် အလုပ်ရှင်သည် ထိုအလုပ်သမား မကျန်းမာခြင်း၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းဖြစ်ပါက ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ထည့်ဝင်ကြေးများနဲ့ ပျက်ကွက်ကြေးများကို ပြန်လည်ပေးသွင်းရမည့်အပြင် အလုပ်သမား (သို့မဟုတ်) ကျန်ရစ်သူအား ပေးရမည့် အကျိုးခံစားခွင့်များနှင့် ကုန်ကျစရိတ်များ အားလုံးကိုလည်း ကျခံရမည်။
  • မိမိအလုပ်သမားအား အာမခံထားရန် ပျက်ကွက်သော အလုပ်ရှင်ကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။
  • မည်သူမဆို ဥပဒေပါ နည်းဥပဒေ၊ စည်းမျဉ်းအမိန့်တို့ကို ဖောက်ဖျက်လျှင် သုံးလထက် မပိုသော ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ခြင်းခံရမည်။

လူမှုဖူလုံရေးဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းဌာနဟာ သူရဲ့အလုပ်သမားတွေကို လူမှုဖူလုံရေးအာမခံ ထားရှိစေခြင်းအားဖြင့် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်ရဲ့ အကျိုးခံစားခွင့်နဲ့ မိသားစုထောက်ပံ့မှု အာမခံစနစ်ရဲ့ အကျိုးခံစားခွင့်တွေကို ရရှိစေမှာ ဖြစ်တဲ့အတွက် အလုပ်သမားတွေရဲ့ သက်သာချောင်ချိရေးကို ဆောင်ရွက်ရာလည်း ရောက်ပါတယ်။ လူဆိုတာ အမြဲတမ်း ကျန်းမာနေမှာ မဟုတ်သလို ဘေးအန္တရာယ်ဆိုတာကလည်း ဘယ်နေရာက ဘယ်လို ရောက်လာမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ ဒါ့ကြောင့်လဲ အသက် အာမခံတို့ မီးအာမခံတို့ သူတစ်ပါး ထိခိုက်မှု အာမခံတို့ ထားနေကြရတာပေါ့။ အခုလည်းပဲ လူမှုဖူလုံရေး အာမခံထားခြင်းအားဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်အတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကိုဘအေးရဲ့ လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြားလေးရဲ့ နောက်ကျောဘက်က စည်းကမ်းချက်တွေ ကိုဖတ်ကြည့်မိပါတယ်။

၁။ ဤကတ်ပြားသည် လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူဖြစ်ကြောင်း သက်သေခံဖြစ်သည်။
၂။ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိရန်နှင့် လူမှုဖူလုံရေးအဖွဲ့မှ သတ်မှတ်ထားသော ဆေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသမှု ခံယူရန် ဤကတ်ပြားကို တင်ပြရမည်။
၃။ ပျောက်ဆုံး/ပျက်စီးလျှင် နီးစပ်ရာ လူမှုဖူလုံရေးရုံးတွင် ကတ်ပြားအသစ် လျှောက်ထားရမည်။
၄။ အလုပ်ဌာန ပြောင်းလျှင် အလုပ်ဌာနအသစ်မှတစ်ဆင့် လူမှုဖူလုံရေးရုံးသို့ တင်ပြရမည်။
၅။ ဤကတ်ပြားကို တစ်ဆင့်လွှဲပြောင်းခြင်း မပြုရ။
၆။ ဤကတ်ပြား ကောက်ရပါက နီးစပ်ရာလူမှုဖူလုံရေးရုံးသို့ ဆက်သွယ်ပေးပို့ပါရန်။

ဒါနဲ့ပဲ ကိုဘအေးလဲ ပတ္တမြားငမောက် ကောက်ရသလို ရခဲ့တဲ့ လူမှုဖူလုံရေး ကတ်ပြားလေးကို ယူပြီး လူမှုဖူလုံရေး ထည့်ဝင်ကြေးတွေကို ဘယ်လို ဆက်လက်ပေးသွင်းရမလဲ၊ ဘယ်မှာ ပေးသွင်းရမလဲဆိုတာတွေကို စုံစမ်းမေးမြန်းဖို့အတွက် ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) အပေါ်ဘလောက်မှာ ရှိတဲ့ လူမှုဖူလုံရေးရုံးရှိရာကို ဦးတည်ပြီး ထွက်ခဲ့ပါတော့တယ် ခင်ဗျာ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *