News

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမား ၁၀ဦးတွင် ရှာရာပိုဗာက ထိပ်ဆုံးမှာ ရှိ

အမေရိကန် စီးပွားရေး စစ်တမ်း ကုမ္ပဏီ Forbesမှ နှစ်စဉ် ထုတ်ပြန်နေကျဖြစ်သော တစ်နှစ်တာ ဝင်ငွေ အကောင်းဆုံး အားကစားသမားများထဲမှ အမျိုးသမီး အားကစားသမားများ၏ ဝင်ငွေစာရင်းကို ကြေညာခဲ့ရာတွင် ရုရှားတင်းနစ်မယ် ရှာရာပိုဗာက စုစုပေါင်း အသားတင် ဝင်ငွေပေါင်း ၁၈ ဒဿမ ၆သန်းဖြင့် ထိပ်ဆုံးမှ ရှိနေသည်ဟု သိရသည်။

အမျိုးသား အားကစားသမားများထဲမှ တစ်နှစ်တာ ဝင်ငွေ အကောင်းဆုံးမှာ ဂေါက်သီးအားကစားသမား တိုက်ဂါးဝုဒ်ဖြစ်ပြီး ပေါင်သန်း ၅၀အထိ ရှိခဲ့သည်ဟု ဆိုသည်။ ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမား ၁၀ဦးစာရင်းတွင် ဂရင်းစလင်း ချန်ပီယံဆုလေးဆုရှင် ရှာရာပိုဗာ အပါအဝင်ဆိုလျှင် တင်းနစ်မယ် ခုနှစ်ဦးအထိ ပါဝင်ကြသည်ဟု သိရသည်။ ကျန်သုံးဦးမှာ NASCAR ပြိုင်ကားမောင်းမယ် ဒန်နီကာ ပက်ထရစ်၊ ရေခဲပြင်စကိတ် အလှစီးမယ် ကိုရီးယားသူ ကင်ယုနာနှင့် ဂေါက်သီး အကျော်အမော် ပေါ်လာခရင်မ်တို့ ဖြစ်ကြသည်။

ဝင်ငွေစာရင်းကို တွက်ချက်ရာတွင် ပြိုင်ပွဲများမှ ရရှိသော ဆုကြေးများနှင့် ကြော်ငြာကိုယ်စားလှယ်အဖြစ် ရရှိသည့် ငွေများကိုပါ ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်သည်။ တင်းနစ်ပြိုင်ပွဲ၏ ဂရင်းစလင်းပွဲစဉ်ကြီးများတွင် ချန်ပီယံဆုကြေးမှာ အမျိုးသားနှင့် အမျိုးသမီးကြား ခြားနားချက် သိပ်မရှိပဲ အခြား အားကစားနည်းများတွင်မူ အမျိုးသမီးများမှာ အမျိုးသားများ ရရှိသော ဆုကြေးနှင့် ကွာဟနိမ့်ကျလျက် ရှိကြောင်း သိရသည်။ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမား ၁၀ဦးကို အဆင့်လိုက် တင်ပြထားပါသည်။

1. မာရီယာ ရှာရာပိုဗာ
စုစုပေါင်းဝင်ငွေ ပေါင် ၁၈ ဒဿမ ၆သန်း
ဆုကြေးပေါင်း ပေါင် ၃ ဒဿမ ၈သန်း
ကြော်ငြာဝင်ငွေ ပေါင် ၁၄ ဒဿမ ၈သန်း
အသက် (၂၆)နှစ် ရှိပြီဖြစ်သော ရှာရာပိုဗာသည် ပြီးခဲ့သည့်နှစ်အတွင်း ပြိုင်ပွဲများ၌ အကောင်းဆုံး စွမ်းဆောင်နိုင်သည့် အဆင့်မရှိခဲ့ပေ။ ကစားသမား ဘဝတစ်လျှောက် ပြိုင်ပွဲများမှ ရရှိသည့် ဆုကြေးပေါင်းမှာ ပေါင် ၁၇ ဒဿမ ၂သန်းသာ ရှိသော်လည်း ကြော်ငြာစပွန်ဆာများမှ ဝင်ငွေကြောင့် အဆင့်တစ်နေရာ ရခဲ့ခြင်း ဖြစ်သည်။

2. ဆီရီနာဝီလျှံ
စုစုပေါင်းဝင်ငွေ ပေါင် ၁၃ ဒဿမ ၂သန်း
ဆုကြေးပေါင်း ပေါင် ၅ ဒဿမ ၄သန်း
ကြော်ငြာဝင်ငွေ ပေါင် ၇ ဒဿမ ၈သန်း
ယမန်နှစ်က ဝင်ဘယ်လ်ဒန် အိုးပင်း၌ ချန်ပီယံဖြစ်ခဲ့ပြီးနောက်  အသက် (၃၁)နှစ် အရွယ်နှင့် အသက် အကြီးဆုံး ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်အဖြစ် စံချိန်တင်ထားသူ ဆီရီနာမှာ တစ်ဦးချင်း အကောင်းဆုံး တင်းနစ်မယ်လည်း ဖြစ်ကာ Nike, Willson, Gatoradeတို့မှလည်း စပွန်ဆာများ ရရှိထားသူ ဖြစ်သည်။

3. လီန
စုစုပေါင်းဝင်ငွေ ပေါင် ၁၁ ဒဿမ ၇သန်း
ဆုကြေးပေါင်း ပေါင် ၂သန်း
ကြော်ငြာဝင်ငွေ ပေါင် ၉ ဒဿမ ၇သန်း
၂၀၁၁တွင် WTA တင်းနစ်လောကသို့ စတင် ဝင်ရောက်လာပြီးနောက် ပြင်သစ်အိုးပင်း ချန်ပီယံဆုရသလို ဂရင်းစလင်း ဗိုလ်လုပွဲကြီး နှစ်ကြိမ်ရောက်ခဲ့သူလည်း ဖြစ်သည်။ ရိုလန်ဂါးရို့စ်တွင် ဗိုလ်စွဲခဲ့ပြီးနောက် ပထမဆုံး မေးဂျာချန်ပီယံဆုရှင် အာရှသူ (၃၁)နှစ်အရွယ် တရုတ်တင်းနစ်မယ် လီနတွင်လည်း စပွန်ဆာများစွာ ရှိသည်။

4. ဗစ်တိုးရီးယားအဇာရန်ကာ
စုစုပေါင်းဝင်ငွေ ပေါင် ၁၀ ဒဿမ ၁သန်း
ဆုကြေးပေါင်း ပေါင် ၄ ဒဿမ ၃သန်း
ကြော်ငြာဝင်ငွေ ပေါင် ၅ ဒဿမ ၈သန်း
အသက် (၂၄)နှစ်အရွယ် ကမ္ဘာ့အဆင့်နှစ် တင်းနစ်မယ် ဘီလာရုစ်သူ အဇာရန်ကာမှာ မနှစ်က တစ်နှစ်ထဲတွင် ဆုကြေးပေါင် ၅သန်း ရရှိခဲ့သည်။ ထိုပမာဏမှာ အမျိုးသမီး အားကစား လောကထဲတွင် တစ်နှစ်အတွင်း အများဆုံး ရရှိသော ဆုကြေးလည်း ဖြစ်သည်။ Nike, Willson, American Expressတို့မှ စပွန်ဆာများ ရထားသူ ဖြစ်သည်။

5. ဒန်နီကာပက်ထရစ်
စုစုပေါင်းဝင်ငွေ ပေါင် ၉ ဒဿမ ၇သန်း
ဆုကြေးပေါင်း ပေါင် ၃ ဒဿမ ၈သန်း
ကြော်ငြာဝင်ငွေ ပေါင် ၅ ဒဿမ ၉သန်း
သူမက တင်းနစ်မယ် မဟုတ်သော်လည်း ကမ္ဘာကျော်သူဖြစ်ပြီး ဒန်နီကာမှာ ၂၀၀၅ခုနှစ်က Indy Car စီးရီးကား ပြိုင်ပွဲ၌ ပထမဆုံး အမျိုးသမီး ပြိုင်ကားမောင်းသူအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။ (၃၁)နှစ်အရွယ် အမေရိကန်သူ ဒန်နီကာကို GoDaddyမှ စပွန်ဆာပေးထားပြီး သူမက F-1 ကား ပြိုင်ပွဲသို့ ဝင်ရောက်လာဖွယ် ရှိသည်။

6. ကင်ယုနာ
စုစုပေါင်းဝင်ငွေ ပေါင် ၉သန်း
ဖေဖော်ဝါရီလက ဒုတိယအကြိမ်မြောက်အဖြစ် ကမ္ဘာ့ချန်ပီယံရှစ် ရေခဲပြင် စကိတ်အလှစီး ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် (၂၂)နှစ်အရွယ် တောင်ကိုရီးယားသူ ကင်ယုနာမှာ လာမည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် ထွန်းတောက်လာဦးမည့် ကြယ်ပွင့်တစ်လက် ဖြစ်သည်။ Samsungနှင့် Korean Airမှ သူမကို စပွန်ဆာ ပေးထားသည်။

7. ဝေါ့ဇနီယာစကီး
စုစုပေါင်းဝင်ငွေ ပေါင် ၈ ဒဿမ ၇သန်း
ဆုကြေးပေါင်း ပေါင် ၁ ဒဿမ ၆သန်း
ကြော်ငြာဝင်ငွေ ပေါင် ၇ ဒဿမ ၁သန်း
ယခုနှစ်တွင် သူမ၏ တင်းနစ်ပြိုင်ပွဲ ရလာဒ်များမှာ မကောင်းမွန်ခဲ့ပဲ ဂရင်းစလင်း ပြိုင်ပွဲကြီးများတွင်လည်း စောစီးစွာ ထွက်ခဲ့ရကာ ကမ္ဘာ့အဆင့် (၁၀)အောက်သို့ ရောက်ခဲ့သူလည်း ဖြစ်သည်။ (၂၃)နှစ်အရွယ် ဒိန်းမတ်သူ ဝေါ့ဇနီယာစကီးကို Adidasနှင့် Rolexတို့မှ စပွန်ဆာ ပေးထားသည်။ လက်ရှိ၌ ဂေါက်သီးသမား မက်အီရွိုင်းနှင့် ချစ်ကြိုက်နေသည်။

8. ရက်ဒ်ဝန်စကာ
စုစုပေါင်းဝင်ငွေ ပေါင် ၄ ဒဿမ ၇သန်း
ဆုကြေးပေါင်း ပေါင် ၃ ဒဿမ ၁သန်း
ကြော်ငြာဝင်ငွေ ပေါင် ၁ ဒဿမ ၆သန်း
မနှစ်က ဝင်ဘယ်လ်ဒန်အိုးပင်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သော ကမ္ဘာ့အဆင့်လေး ပိုလန်သူ တင်းနစ်မယ် ဖြစ်သည်။ မနှစ်က ESPN မဂ္ဂဇင်းတွင် ကိုယ်လုံးတီး ဓာတ်ပုံ အရိုက်ခံခဲ့ပြီး နှစ်နှစ်ဆက် WTA ပရိသတ်အကြိုက်ဆုံး ကစားသမားဆု ရခဲ့ပြီး Lottoမှ စပွန်ဆာ ပေးထားသည်။


9. အန်နာအီဗန်နိုဗစ်
စုစုပေါင်းဝင်ငွေ ပေါင် ၄ ဒဿမ ၅သန်း
ဆုကြေးပေါင်း ပေါင် ၆၄၄၀၀၀
ကြော်ငြာဝင်ငွေ ပေါင် ၃ ဒဿမ ၈သန်း
၂၀၀၈ခုနှစ်၊ ပြင်သစ်အိုးပင်း ချန်ပီယံဆု ရခဲ့ပြီး နောက်ပိုင်းတွင် Adidas၏ ရာသက်ပန် စပွန်ဆာပေးခြင်း ခံခဲ့ရသော ဆာဘီးယားတင်းနစ်မယ် အီဗန်နိုဗစ်မှာ ပြင်သစ်အိုးပင်း ချန်ပီယံဆု ရပြီးနောက် အမြင့်ဆုံးဆို၍ ၂၀၁၂ ယူအက်စ်အိုးပင်း ကွာတားဖိုင်နယ်သို့သာ တက်နိုင်ခဲ့သည်။ Yonexနှင့် Juice Plusတို့မှ စပွန်ဆာ ပေးထားသည်။

10. ပေါ်လာခရင်မာ
စုစုပေါင်းဝင်ငွေ ပေါင် ၃ ဒဿမ ၅သန်း
ဆုကြေးပေါင်း ပေါင် ၆၄၄၀၀၀
ကြော်ငြာဝင်ငွေ ပေါင် ၂ ဒဿမ ၉သန်း ပြေပြစ်ချောမောသော ရုပ်ရှည်နှင့် ပန်းရောင် ဝတ်စားဆင်ယင်မှု ဖက်ရှင်ကို အများအားဖြင့် ဝတ်ဆင်သဖြင့် ပန်းရောင်ဘုရင်မဟု ခေါ်ဝေါ်ခြင်း ခံရသော ၂၇နှစ်အရွယ် အမေရိကန် ဂေါက်သီးမယ် ပေါ်လာခရင်မာသည် ၂၀၁၀တွင် ယူအက်စ် အိုးပင်၌ ဗိုလ်စွဲပြီးနောက် အောင်ပွဲ ထပ်မရတော့သော်လည်း ပေါ်ပြူလာဖြစ်နေဆဲသူ တစ်ဦးဖြစ်သည်။

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမားတွေ ဖြစ်ပြီးတော့ ရုပ်ရည်ချောမောတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဆီရီနာကတော့ မဟူရာမင်းသမိးလေးပေါ့လေ။ ဒီအထဲမှာ နံပါတ် (၇) ဝေါ့ဇနီယာစကီးကတော့ အတွဲရှိတယ်လို့ ဖော်ပြထားတယ်။ ဒီတော့ ကျန်တဲ့သူတွေ အတွဲမရှိဘူးဆိုရင်တော့ ကိုကို ကာလသားတို့ ချိန်လို့ ရတာပေါ့။ တင်းနစ်မယ်တွေက လက်သံပြင်းတော့ သတိထားပြီးတော့ ချဉ်းကပ်ရလိမ့်မယ်နော်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *