Education, Lifestyle, News

မြန်မာကျောင်းသား/သူ များပညာရေးပန်းတိုင်ရောက်ရှိရန် (၄) ကြိမ်မြောက် SCG Sharing the Dream အစီအစဉ်မှ ကူညီထောက်ပံ့မည်။

မြန်မာ၊ ၂၀၁၅ခုနှစ်၊ ဇွန်လ ၂၂ရက် – အာဆီယံဦးဆောင်ကုမ္ပဏီဖြစ်သည့် SCG မှ ပညာရေးမှတ်တမ်းကောင်းများရှိသူ၊ မိသားစုအပေါ်ကျေးဇူးသိတတ်ပြီး ရပ်ရေးရွာရေးလူမှုပတ်ဝန်းကျင်တွင် တာဝန်သိတတ်သော မြန်မာကျောင်းသား/သူ အယောက် ၂၀ဝ အတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရန်အတွက် SCG Sharing the Dream 2015 ကိုပြန်လည် စတင်နေပြီဖြစ်ပါသည်။ လေးနှစ်တိုင်တိုင် ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် SCG မှ ပညာသင်နှစ် တစ်နှစ်အတွက် လိုအပ်သောကုန်ကျစရိတ်များကို ကာမိစေရန် ပညာသင်ထောက်ပံ့ကြေး တစ်ဦးလျှင် ကျပ်ငွေ ၂၂၀,ဝ၀ဝ အထိတိုးမြှင့်ပေးခဲ့ပါသည်။

SCG သည် ၎င်းတို့လုပ်ငန်း ဆောင်ရွက်သည့် နေရာတိုင်းတွင် စဉ်ဆက်မပျက် တိုးတက်သော လူမှုပတ်ဝန်းကျင်များ တည်ဆောက်ခြင်းအတွက် ကတိကဝတ်ထားရှိပြီး နောင်အနာဂါတ်တွင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် အနာဂါတ်မျိုးဆက်သစ် လူငယ်များ၏ ပညာရေးတိုးတက်ဖွံ့ဖြိုးရေးကိုလည်း တန်ဖိုးထားပါသည်။ SCG နှင့် မိတ်ဖက်အဖွဲ့အစည်းများမှနေ၍ ဉာဏ်ရည်ထက်မြက်ပြီး လိမ္မာယဉ်ကျေးသော ကျောင်းသား/သူများကို ရွေးချယ်သွားမည်ဖြစ်ပြီး SCG ၏ ဝန်ထမ်းများမှလည်း လူရွေးချယ်ခြင်းကဏ္ဍ အဆင့်ဆင့်တွင်ပါဝင်ကူညီသွားမည်ဖြစ်သည်။

၎င်း SCG ၏ အစီအစဉ်ကို လွန်ခဲ့သောနှစ်များမှ အောင်မြင်စွာစတင် အကောင်အထည်ဖော်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့၏ အားပေးထောက်ခံမှု ကိုလည်းရရှိခဲ့သည်။ ၂၀၁၅ခုနှစ်ကျောင်းသားများအပါအဝင်၊ ၂၀၁၂ခုနှစ်မှ စတင်သော SCG Sharing the Dream အစီအစဉ်မှ မြန်မာကျောင်းသား/သူ နှင့် ထူးချွန်ကျောင်းသား/သူများ အပါအဝင် ကျောင်းသား/သူ ပေါင်းအယောက် ၇၀ဝကျော်တို့အား ပညာသင်ထောက်ပံ့ကြေးများချီးမြှင့်ပေးခဲ့ပါသည်။ ယခုနှစ်တွင်လည်း ရန်ကုန်တိုင်းဒေသမှ ကျောင်းသား/သူ များအတွက် ပညာသင်ထောက်ပံ့ဆု ၁၀ဝ နှင့် မွန်ပြည်နယ်မှ ကျောင်းသား/သူ များအတွက် ပညာသင်ထောက်ပံ့ဆု ၁၀ဝ စသည်တို့ကိုပေးအပ် ချီးမြင့်ပေးသွားမည်ဖြစ်သည်။ SCG မှ ဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားအား ရန်ကုန်နှင့် မော်လမြိုင်မြို့များတွင် စက်တင်ဘာလ၌ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။

“SCG Sharing the Dream ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာကျောင်းသား/သူလေးတွေရဲ့ ပညာရေးတိုးတက်စေရန် အတွက်ထောက်ပံ့ပေးဖို့ရည်ရွယ်ပြီး ရလဒ်အနေနဲ့ သူတို့လေးတွေရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်များက ပညာသင်ဆုရရှိခဲ့တဲ့ ကျောင်းသား/သူလေးတွေဟာ သူတို့ရဲ့ ပညာရေးဖက်မှာ အောင်မြင်မှုတွေကိုရရှိခဲ့ပြီး တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုအတွက် အဓိကအစိတ်အပိုင်း တစ်ရပ်အနေနဲ့ ဖြစ်လာခဲ့တယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သက်သေပြုလိုပါတယ်။ အာဆီယံတစ်လွှာမှာလည်း ပြည်သူများရဲ့ နေထိုင်မှုဘဝ တိုးတက်ဖွံ့ဖြိုးခြင်းအတွက် ကတိကဝတ်ထားရှိပြီး နှစ်စဉ် ကျောင်းသား/သူ ပေါင်း ၅၀ဝ၀ ကျော်ကိုလည်း SCG Sharing the Dream အစီအစဉ်မှ ပညာသင်ဆုများ ပေးအပ်ချီးမြင့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပညာသင်ဆုရရှိတဲ့ ကျောင်းသား/သူလေးများကို အောင်မြင်မှုရရှိဖို့ ကြိုးစားနေသူများအတွက် အထင်ကြီးအားကျစရာ ပုဂ္ဂိုလ်များဖြစ်အောင်ကြိုးစားဖို့ တိုက်တွန်းလိုပါတယ်” ဟု SCG ၏ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ Mr. Chana Poomee ကပြောသည်။

ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် အမြဲတမ်းနေထိုင်သော ကိုးတန်း (Grade 10) သို့မဟုတ် ဆယ်တန်း(Grade 11) ကျောင်းသူ/ကျောင်းသား များအနေဖြင့် SCG Sharing the Dream ပညာသင်ဆုကို ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အတွင်း လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသော ကျောင်းသူ/ကျောင်းသားများ အနေဖြင့်မိမိတို့၏ သက်ဆိုင်ရာ ကျောင်းရုံးခန်းမှာရရှိနိုင်မည့် စစ်တမ်းမေးခွန်းလွှာကို ပြည့်စုံစွာဖြည့်စွက်ပြီး လျှောက်ထားရမည်ဖြစ်ပါသည်။ ပြည့်စုံစွာဖြည့်စွက်ထားသော စစ်တမ်းမေးခွန်းလွှာနှင့်အတူ လျှောက်ထားသော ကျောင်းသူ သို့မဟုတ် ကျောင်းသားအနေဖြင့် မိမိ၏မိဘများအပေါ်တွင် မည်ကဲ့သို့ကျေးဇူးသိတတ်ကြောင်းနှင့် မိမိ၏အိမ်တွင် မည်ကဲ့သို့အကူအညီပေးနေမှု အကြောင်းအရာကို ရေးသားထားသော စာပိုဒ်တစ်ပိုဒ် ပါဝင်ရမှာဖြစ်ပါသည်။ ပညာသင်ဆုလျှောက်လွှာတင်သည့်အခါတွင် လျှောက်ထားသူ၏ ဓာတ်ပုံတစ်ပုံ၊ ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံနှင့် မိမိ၏ ဆရာ သို့မဟုတ် ဆရာမ၏ထောက်ခံစာနှင့်တကွ ထည့်သွင်းလျှောက်ထားရမည် ဖြစ်ပါသည်။

SCG သည်ပညာသင်ဆု လျှောက်လွှာများလက်ခံခြင်း နှင့် လူရွေးချယ်ခြင်း ကဏ္ဍအဆင့်အဆင့်ကို စီမံခန့်ခွဲရန် အတွက် Myanmar Business Executives Association (MBE) နှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ Myanmar Business Executives (MBE) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်မောင်ထွန်းက “ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ရှိတဲ့ ကျောင်းသား/သူ တွေအတွက် ပညာရေးခရီးလမ်းအတွက် အရေးပါတဲ့ အထောက်အပံ့များကို ပေးတဲ့ SCG Sharing the Dream အစီအစဉ်မှာအတူတကွ ပါဝင်ဆောင်ရွက်ရတဲ့အတွက် အရမ်းကိုပီတိဖြစ်ရပါတယ်။ ကျောင်းအုပ်ဆရာ/မကြီး နဲ့ ဆရာ/မ များကိုလည်း အရည်အချင်းပြည်ဝတဲ့ ကျောင်းသား/သူတွေကို ရွေးချယ်ပေးဖို့နဲ့ ဒီအစီအစဉ်မှာ ပါဝင်လျှောက်ထားဖို့ နှင့်အတူ ကူညီနှိုးဆော်ပေးဖို့ ဖိတ်ခေါ်လိုပါတယ်” ဟုပြောသည်။ SCG Sharing the Dream ၂၀၁၄ ခုနှစ် ပညာသင်ဆုပေး အပ်ခြင်းအစီအစဉ်နှင့် ပတ်သက်၍မေးမြန်းလိုသော ကျောင်းသူ/ကျောင်းသားများအနေဖြင့် Myanmar Business Executives Association (MBE) အား တယ်လီဖုန်း ဝ၁-၅၁၆-၆၃၉၊ ဝ၉-၄၂၀-ဝ၆၉-၉၀၂ သို့လည်းကောင်း၊ MBE ရုံးခန်းတည်ရှိရာ အမှတ် (၈) အခန်းနံပါတ် (၆၀၄)၊ ပန်းခြံတာဝါ၊ ဗားဂရာလမ်း၊ ဗားဂရာလမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

SCG ၏ အာဆီယံရေရှည် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ဖြစ်သည့် SCG Sharing the Dream အစီအစဉ်အား မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် လာအိုအပါအဝင် အာဆီယံနိုင်ငံများမှ ကျောင်းသူ/ကျောင်းသားပေါင်း ငါးထောင်ကျော်အား ပညာသင်ဆုများ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်သော အာဆီယံဦးဆောင် စီးပွားရေးလုပ်ငန်းဖြစ်ရန်၊ ကောင်းမွန်သည့် လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု၏ စံပြလုပ်ငန်းဖြစ်ရန် မျှော်မှန်းချက်များနှင့်အတူ SCG သည် Sharing the Dream အစီအစဉ်အား နှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။ ယခုနှစ်အစောပိုင်းတွင်လည်း ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် တစ်လကြာ SCG International Internship အစီအစဉ်အတွက်လည်း မြန်မာနိုင်ငံမှတက္ကသိုလ် ကျောင်းသား/သူ လျှောက်ထားသူ ၁၀ ဦးကို ရွေးချယ်ခဲ့ပါသည်။ အဆိုပါ Internship အစီအစဉ်သည် မြန်မာနိုင်ငံတက္ကသိုလ် ကျောင်းသား/သူတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာအလုပ်အကိုင် အခွင့်အလမ်းများအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အကူအညီဖြစ်စေမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *