Health, Opinion

ကယ်လို့ရသမျှ ကယ်ကြမယ်

emergency care

“ဆရာ အခန်း (၁)ထဲက လူနာက အသက်မရှုတော့လို့”

တာဝန်ကျ ဆရာမလေးများ၊ ဟောက်ဆာဂျင်များ ကြောက်အားလန့်အားနှင့် ဒေါက်တာပီတိဆီသို့ အလောတကော ရောက်လာကြရသည့် တစ်ခုသော သတင်းစကား။ လူနာရှင်နှင့် ဘေးပတ်ဝန်းကျင်ရှိ လူအများစုပါ ရုတ်ရုတ်သဲသဲ ဖြစ်ကြရုံသာမက ဆရာဝန်နှင့် သူနာပြုများပါ ပြာပြာသလဲ ဖြစ်ကြလေ့ရှိသည့် ဖြစ်ရပ်ဟုဆိုလျှင်လည်း မမှားပါပေ။ “ဟေ ဆရာလာပြီ”ဟူ၍ ဒေါက်တာ ပီတိတစ်ယောက် ထ မပြေးလျှင် မဖြစ်တော့သည့် အခြေအနေတစ်ခုလည်း ဖြစ်ပါသည်။ “လောင်းရိပ်မိသည်”ဟူ၍ပဲ ပြောရမလားတော့ မသိ။ စာရေးသူ မရှိသည့် အချိန်တွင် လုပ်သင့်သည်များကို ဇာတ်တိုက်ထားသကဲ့သို့ လုပ်တတ်သော်လည်း စာရေးသူရှိလျှင်ကား စာရေးသူ၏ အမိန့်ကို စောင့်မြဲ။ ရိုသေသမှုဟုပင် ဆိုရမလားမသိ။
“CPR လုပ်မယ်ဟေ့”
……………………*……………………….*…………………………..
CPRဟူသော စကားလုံးသည်ကား စာရေးသူတို့ Pre-Clinical Student ဘဝ 3rd M.B.B.S ဘဝ၊ ဆေးရုံ Ward ထဲ ခြေချဝင်စဉ်ကတည်းက ရင်းနှီးခဲ့ရသော စကားလုံး ဖြစ်သည်။ အစပထမက “ဘာလဲဟင် CPR”ဟူ၍ Senior အစ်ကို အစ်မများကို မေးမြန်းခဲ့ရသည်။ Seniorများက “CPRတောင် မသိဘူးလား”ဟူ၍ မေးသဖြင့် အရှက်ရခဲ့ဖူးသည်။ Cardiopulmonary Resuscitation လူ့အသက်ကယ်နည်းဟူ၍ ယေဘုယျ အဓိပ္ပာယ်ဖွဲ့ဆိုနိုင်ပါသည်။ လူတစ်ဦး အသက်ရှင်ခြင်း၏ အဓိကဖြစ်သော အသက်ရှူခြင်း၊ နှလုံးခုန် သွေးလှည့်ပတ်ခြင်းတို့ ရပ်တန့်သွားသော် ခဏအတွင်း ပြန်နှိုး၍မရသော သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိပါမည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ရုတ်တရက် အသက်ရှုရပ်၊ နှလုံးခုန် တန့်သွားချိန်၌ ချက်ချင်း ထို CPR လုပ်နိုင်ပါက အသက်ပြန်ရှင်သော သာဓကများ ရှိခြင်းကြောင့်လည်း “အသက်ကယ်ခြင်း နည်းပညာ”ဟူ၍ အသိအမှတ်ပြု ခံရခြင်း ဖြစ်ပါသည်။ အမေရိကန် နှလုံးကုသရေးအဖွဲ့ကြီး (AHA American Heart Association)၏ အဆိုအရ ဆေးရုံ၌ မဟုတ်သော အသက်ရှုရပ်၊ နှလုံးခုန်တန့်ခြင်းများကို CPR လုပ်ခြင်းဖြင့် တစ်နှစ်အောက် အသက်ရှိသော ကလေးများတွင် (၄)ရာခိုင်နှုန်း ကလေးကြီးများတွင် (၁၀)ရာခိုင်နှုန်း၊ လူကြီးများတွင် ၁၃ရာခိုင်နှုန်းအထိ အသက်ရှင်နှုန်း Survival Rate တက်လာကြောင်း ဖော်ပြထားပါသည်။ ဆေးရုံရှိ လူနာဆိုလျှင်ကား ၂၇ရာခိုင်နှုန်းအထိ အသက်ရှင်ခွင့် တိုးတက်လာမည် ဖြစ်ပါသည်။

တန်ဖိုးကြီးလှသော လူ့အသက်တစ်ချောင်းကို ကယ်ဆယ်ရန် အလို့ငှာ Basic Life Supportဟူသော အခြေခံ အသက်ကယ်နည်းကို လူတိုင်းသိထားသင့်ကြောင်း AHAက ဖော်ပြထား၍ အလွယ်ကူဆုံး ဖြစ်အောင် ရေးသားတင်ပြအပ်ပါသည်။ ဆရာဝန်၊ ဆရာမ အစရှိသည့် ကျန်းမာရေး ဝန်ထမ်းများသာမက အရေးပေါ်အခြေအနေတွင် Victimလူနာ၏ အနားတွင် ရှိသူတိုင်း သိရှိထားပါက တန်ဖိုးရှိလှပါသည်။ အရေးပေါ် အခြေအနေ Emergency Conditionတွင် ပထမဦးဆုံး လူနာနှင့် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ် သုံးသပ် ပြင်ဆင်ရမည်။ လူနာ အသက်ကယ်နိုင်ရန်အတွက် လူနာသည် အန္တရာယ်ကင်းသော ပြင်ညီ နေရာတွင် ရှိရမည်။ ခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်၊ ခါးရိုးတစ်လျှောက် အခုအခံများ မရှိရမည့် အပြင် ထိုနေရာတို့၌ ထိခိုက်မှု၊ ကျိုးပဲ့မှု ရှိ၊ မရှိ မသေချာက လူငါးဦး ခြောက်ဦးက ထိုလူနာကို သစ်တုံးတစ်တုံး မရွှေ့သည့်အလား ခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ခါးနှင့် ခြေတို့ကို တစ်ပြိုင်နက် အရွဲ့အစောင်းမရှိစေဘဲ “မ”ရမည်။

၂၀၁၀တွင် အသစ် ထပ်မံ ထွက်ရှိခဲ့သော CPR Guidelineသည်ကား ယခင် Guide Line အဟောင်းနှင့် အနည်းငယ် ကွဲခြားပါသည်။ ဆိုခဲ့ပြီးသော အချက်များကို ပြင်ဆင်ပြီးပါလျှင် Chest Compression စ၍ လုပ်ရပါမည်။ အသက်ကယ်သူက Push Fast Push Hardဟူ၍ Timingဖြင့် တစ်မိနစ်တွင် အနည်းဆုံးအချက် (၁၀၀)မျှရအောင် ရင်ဘတ်ကို နှိပ်ရမည် ဖြစ်သည်။ ကလေးငယ် (ဥပမာ မွေးကင်းစ (သို့) လသား)အရွယ် ဖြစ်ပါက လက်နှစ်ချောင်းဖြင့် ရင်ညွှန့်ကို ဖိနိုင်သလို ရင်အုံတစ်ဝိုက်ကို လက်ဖဝါးဖြင့် အုပ်ပြီး လက်မဖြင့် ဖိနိုင်ပါသည်။ ကလေးကြီး (သို့) လူကြီးဖြစ်ပါက လက်နှစ်ဖက်ကို ထပ်၍ ရင်ညွှန့်ပေါ် ဖိရမည်။ ထိုအချိန်တွင် CPRလုပ်သူ၏ လက်မောင်းနှင့် လက်ဖျံသည် တစ်တန်းတည်း ဆန့်နေရပါမည်။ မည်မျှအထိ အားစိုက်၍ ဖိရမည်နည်းဟု မေးပါလျှင် ကလေး၏ ရင်ညွှန့် သုံးပုံတစ်ပုံမျှ နိမ့်သွားမှသာ အသက်ရှင်ရန် လိုသော လေနှင့် နှလုံးခုန်မှု ရရှိမည် ဖြစ်ပါသည်။ ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို Internet Videoများ၌ လေ့လာနိုင်ပါသည်။ အသက်ကယ် အဆင့်များကို ဆောင်ရွက်သူ နှစ်ဦးရှိပါက တစ်ဆယ့် ငါးချက်မျှ ရင်ညွန့်ဖိပြီးလျှင် တစ်ခါလေမှုတ်ပေးရမည် ဖြစ်ပြီး တစ်ဦးတည်းသာ CPR လုပ်ရပါက အချက် (၃၀)မှ တစ်ခါ လေမှုတ်ပေးရမည် ဖြစ်ပါသည်။ ထိုသို့ လေမှုတ်မည်ဆိုပါကလည်း လူနာ၏ အသက်ရှုလမ်းကြောင်းတစ်လျှောက် ပိတ်ဆို့နေခြင်း ရှိမရှိ ဦးစွာ စစ်ဆေးရပါမည်။ အများအားဖြင့် အသက်ကြီးသူတိုင်းတွင် သွားတုများ၊ အံကပ်များ တပ်ထားတတ်ရာ ယခုကဲ့သို့ သတိမေ့မျောနေချိန်တွင် ၎င်းတို့ ပြုတ်ထွက်ပြီး အသက်ရှုလမ်းကြောင်း ပိတ်ဆို့ရာမှလည်း အသက်သေဆုံးနိုင်၍ ဖြစ်ပါသည်။ တစ်ခါတစ်ရံ သွေးခဲများ၊ ချွဲသလိပ်များ ပိတ်ဆို့နေတတ်ခြင်းလည်း ရှိပါသည်။

ထိုသို့ ဖယ်ပြီးပါက “Head Tilt, Chin Lift”ဆိုသည့်အတိုင်း အသက်ရှုလမ်းကြောင်း ကွေ့ကောက်ပိတ်ဆို့ခြင်း မရှိရအောင် ဦးခေါင်းကို ခပ်မော့မော့ အနေအထားသို့ ရောက်အောင် ပြင်ဆင်ရမည်။ ထို့နောက် လူနာ၏ နှာခေါင်းနှင့် ပါးစပ်တို့ အုပ်၍ လေမှုတ်သွင်းရမည်။ စာရေးသူတို့ ဆေးရုံများ၌မူ Ambu Bagဟူသော လေမှုတ်အိတ်ဖြင့် Face Mask မျက်နှာဖုံးတပ်၍ လေမှုတ်ခြင်းအားဖြင့် အသက်ကယ်သော်လည်း ဆေးရုံပြင်ပ အခင်းဖြစ်ပွားရာ၌မူ Mouth to Mouth (သို့) Mouth to Noseသာ မှုတ်ရမည် ဖြစ်သည်။

ယခုဆိုခဲ့ပြီးသော အဆင့်များသည်ကား CPRဟူသော အသက်ကယ်နည်းကြီး၏ အရေးကြီးသော အဆင့်များ ဖြစ်သည့် Chert Compression၊ Airwayနှင့် Breathing အစရှိသည်တို့ပင် ဖြစ်သည်။ စာရေးသူတို့ ငယ်စဉ်က ABCဟု အလွယ်မှတ်ခဲ့သော Airway, Breathing Circulation စသည့် အချက်များတွင် Airwayနှင့် Breathing နှစ်ချက်ကိုသာ ဆေးရုံပြင်ပ၌ လူအများ စွမ်းဆောင်နိုင်ခဲ့သည်ဟု ထင်မှတ်ခဲ့ရာမှ ယခုအခါ AHA၏ New CPR Guidelineသည် Chest Compressionဖြင့် စခြင်းအားဖြင့် Circulation ပါရအောင် Heart Pumpingပါ အကျိုးသက်ရောက်မှု ရှိသဖြင့် A, B, C အားလုံး စွမ်းဆောင်ပြီး အသက်ကယ်နိုင်ပါတော့မည်။

ထို့ကြောင့် အချုပ်အားဖြင့် ဆိုရသော် လူ့အသက်သည် တန်ဖိုးကြီးလှပါသည်။ ထိုတန်ဖိုးကြီးသော လူ့အသက်ကို CPR အသက်ကယ်နည်း အနည်းငယ် သိရှိထားရုံဖြင့် ဆေးရုံပြင်ပ အခင်းဖြစ်ပွားရာ၌ ကျန်းမာရေး ဝန်ထမ်းများ၏ အကူအညီ မရမီ အသက်ကယ်နိုင်ပါက အလွန်တစ်ရာ မင်္ဂလာရှိလိမ့်မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *