Mobile, Review

Samsung Galaxy Note 3 Neo Review

Samsung က Note အမျိုးအစား စမတ်ဖုန်း တွေကို ထုတ်လုပ်ရောင်းချနေတာ မျိုးဆက် သုံးခုရှိပြီဖြစ်ပါတယ်။ Note 3 Neo က တန်ဖိုးကြီး Note 3 ကို မကိုင်နိုင်တဲ့သူတွေအတွက် အနည်းငယ် ဈေးသက်သာအောင် ပြုလုပ်ပေးထားတဲ့ တန်ဖိုးသင့် စွမ်းဆောင်ရည်မြင့် Phablet အမျိုးအစားဖြစ်ပါတယ်။ တန်ဖိုးနည်းအောင် ပြုလုပ်ပေးထားတဲ့အတွက် Display အပိုင်းနဲ့ ကင်မရာ ကို အနည်းငယ် လျှော့ချထားပါတယ်။ ဒါပေမယ့် Core ခြောက်ခုမောင်းနှင်တဲ့ Chipset အသစ် ကို အသုံးပြုထားပါတယ်။ Note 3 မှာလိုပဲ Note 3 Neo မှာ S Pen ပါရှိပါတယ်။ Note 3 Neo မှာ Note 3 ရဲ့ စွမ်းဆောင်ချက် အားလုံးနီးပါး ပါရှိပါတယ်။ Note 3 Neo ရဲ့ စွမ်းဆောင်ချက် အသေးစိတ် ကို အောက်မှာ ဆက်လေ့လာပါ။

Note 3 Neo ကို Note 3 နဲ့ ဘေးချင်းယှဉ် ကြည့်ရင် အရွယ်အစားကွာခြားမှု သိပ်မရှိတာ တွေ့ရပါတယ်။ Neo ရဲ့ အရွယ်အစား မှာ 148.4 x 77.4 x 8.6 mm ဖြစ်ပြီး Neo က Note 3 ထက် အရှည်ပိုင်းမှာ ၃.၅ မီလီမီတာ တိုပါတယ်။ အကျယ်ပိုင်းမှာ ၂ မီလီမီတာ ကျဉ်းမြောင်းပြီး အလေးချိန်ပိုင်းမှာ ၅.၅ ဂရမ် ပိုမိုပေါ့ပါးပါတယ်။ အားလုံးခြုံပြောရရင်တော့ အရွယ်အစား ၊ အထူ နဲ့ အလေးချိန် ပိုင်းမှာ Note 3 နဲ့ Neo တို့ဟာ ကွာခြားမှု သိပ်မရှိပါဘူး။

ဒီဇိုင်း
Neo က Note 3 နဲ့ ဒီဇိုင်းပိုင်းမှာ အလွန်ဆင်တူပါတယ်။ ဘက်ထရီ ကို ဖုံးအုပ်ထားတဲ့ ကာဗာ ကို သားရေ နဲ့ ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားပေမယ့် ပလတ်စတစ် နဲ့ ပြုလုပ်ထားပါတယ်။ S Pen ကိုလည်း Note 3 မှာလိုပဲ အောက်ခြေမှာ ထည့်သွင်းထားပါတယ်။ Note 3 မှာလိုပဲ Note 3 Neo တစ်ခုလုံး ကို ပလတ်စတစ် နဲ့ ပြုလုပ်ထားပါတယ်။ အနောက်ဘက် ပလတ်စတစ် အခွံကို သားရေ နဲ့ ချုပ်လုပ်ထားသလို ထင်ရအောင် ချုပ်ရာတွေ ပြုလုပ်ထားပါတယ်။ အနောက်ဘက် အခွံ က အရင်မျိုးဆက်တွေထက် ပိုမိုမာကျောလာတဲ့အတွက် ကိုင်တွယ်အသုံးပြုရတာ မာတောင့်တောင့် ရှိလှပါတယ်။ ကောင်းတဲ့ဘက်က ကြည့်ရင် အနောက်ဘက် အခွံ ဟာ အောက်ပြုတ်ကျတဲ့ ဒဏ် ကို ခံနိုင်ရည် ရှိပုံရပါတယ်။

Note 3 Neo ဟာ Note 3 လိုပဲ လက်တစ်ဖက်ထဲနဲ့ ကိုင်တွယ်အသုံးပြုဖို့ ခက်ခဲပါတယ်။ Neo ရဲ့ အောက်ခြေမှာ ထည့်သွင်းထားတဲ့ ကညစ်တံ ကို ဆွဲထုတ်လိုက်ရင် ဖုန်းမျက်နှာပြင်မှာ Shortcut တွေပေါ်လာပြီး အလုပ်တွေ လျှင်မြန်စွာ လုပ်နိုင်မှာဖြစ်ပါတယ်။

၅.၅ လက်မအရွယ် မျက်နှာပြင် အထက် မှာ Earpiece ကို တပ်ဆင်ထားပါတယ်။ 1080p Video တွေ ရိုက်ကူးနိုင်တဲ့ 2 Megapixel Camera ကို လည်း တွေ့ရမှာဖြစ်ပါတယ်။ Proximity Sensor, Light Sensor တပ်ဆင်ထားပေမယ့် Motion Sensor မပါရှိတဲ့အတွက် Air Gesture အသုံးပြုလို့မရပါဘူး။

မျက်နှာပြင် ရဲ့ အောက်မှာ Samsung ရဲ့ ထုံးစံအတိုင်း Home, Back, Menu ခလုတ် သုံးခုတပ်ဆင်ထားပါတယ်။ ထုံးစံအတိုင်းပဲ Home Button ကို အလူမီနီယမ် ဖရိမ် နဲ့ ပြုလုပ်ထားပါတယ်။

Neo ရဲ့ ဘေးဘက်တွေမှာတော့ ခလုတ် တွေကို Note 3 မှာလိုပဲ တပ်ဆင်ထားပါတယ်။ ညာဘက်မှာ Power/Lock ခလုတ် တပ်ဆင်ထားပြီး လက်မနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဘယ်ဘက်မှာ အသံခလုတ် တွေကို တပ်ဆင်ထားပါတယ်။

အပေါ်ထိပ်မှာ Mic တစ်ခု ၊ ၃.၅ မီလီမီတာ Audio Jack နဲ့ Samsung က Galaxy Device တွေမှာ ထည့်သွင်းလေ့ရှိတဲ့ IR Blaster တပ်ဆင်ထားပါတယ်။

အောက်ခြေမှာ microUSB 2.0 Port တပ်ဆင်ထားပြီး အားသွင်းဖို့ နဲ့ အခြား Device တွေနဲ့ ချိတ်ဆက်ဖို့ အသုံးပြုနိုင်ပါတယ်။ အဓိက Microphone ကိုလည်း တွေ့ရမှာဖြစ်ပြီး စပီကာ နဲ့ S Pen တို့ တပ်ဆင်ထားပါတယ်။ Note 3 နဲ့ အခြားစွမ်းဆောင်ရည်မြင့် ဖုန်းတွေမှာ တပ်ဆင်ထားတဲ့ USB 3.0 စံနှုန်း ကို ထည့်သွင်းထားခြင်းမရှိတာတွေ့ရပါတယ်။

အနောက်ဘက်မှာ 8 MP Camera နဲ့ LED Flash တို့ တပ်ဆင်ထားပါတယ်။ အနောက်ဘက် အခွံ ကို ဖြုတ်ကြည့်ရင် 3100mAh Battery ကို တွေ့ရမှာဖြစ်ပါတယ်။ Note 3 Neo က ဘက်ထရီ အပိုင်းမှာ Note 3 ထက် 100mAh သိုလှောင်မှု လျှော့နည်းပါတယ်။ microSIM , microSD Card Slot တို့ကို တွေ့နိုင်ပါတယ်။

Display
Note 3 Neo ရဲ့ မျက်နှာပြင် ဟာ Note 3 ထက် ၀.၂ လက်မ သေးငယ်ပါတယ်။ ၅.၅ လက်မအရွယ် Super AMOLED Display ကို တပ်ဆင်ထားပေမယ့် Resolution ကို 720×1280 Pixels သာ ထည့်သွင်းထားပါတယ်။ တစ်လက်မ တွင် Pixel သိပ်သည်းဆ (၂၆၇) သာ ရှိပြီး Retina Display ထက်နည်းပါးပါတယ်။ ရုပ်ထွက်တွေကို ကြည်လင်ပြတ်သားစွာ မြင်ရပါပေမယ့် စွမ်းဆောင်ရည်မြင့် ဖုန်းတွေက မျက်နှာပြင်တွေနဲ့ နှိုင်းယှဉ်ရင်တော့ အားနည်းပါတယ်။

Note 3 မှာ ၅.၇ လက်မအရွယ် 1080×1920 Pixels Display တပ်ဆင်ထားတာကို နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။ Note 3 ရဲ့ တစ်လက်မတွင် Pixel သိပ်သည်းဆ (၃၈၆) ရှိပါတယ်။

ဘက်ထရီ
Note 3 ထက် 100mAh သိုလှောင်မှု နည်းပါးတဲ့ 3100mAh Battery ကို Neo မှာ တပ်ဆင်ထားပါတယ်။ Neo ရဲ့ ဘက်ထရီ က အလွန်အသုံးခံတာတွေ့ရပါတယ်။ နေ့စဉ် ဖုန်းပြောဆိုမှု တစ်နာရီ အသုံးပြုပြီး ၀က်ဆိုက်ကြည့်တာ၊ ဗီဒီယို ကြည့်တာ တွေကို အသုံးပြုမယ်ဆိုရင် သုံးရက်ကြာ အသုံးခံတာတွေ့ရပါတယ်။ နာရီအားဖြင့် ၇၂ နာရီ အသုံးခံပါတယ်။

S Pen
S Pen က Note အမျိုးအစား Phablet , Tablet တွေရဲ့ ထူးခြားတဲ့ ဝိသေသ တစ်ခုဖြစ်ပါတယ်။ Note 3 Neo မှာလည်း Note 3 နဲ့ လုံး၀ ဆင်တူတဲ့ S Pen ထည့်သွင်းထားပါတယ်။ ကညစ်တံ ကို ပလတ်စတစ် နဲ့ ပြုလုပ်ထားပါတယ်။ ကညစ်တံ ကိုဆွဲထုတ်လိုက်ရင် Air Command Menu ပေါ်လာမှာဖြစ်ပြီး Action Memo, Scrap Booker, Screen Write, S Finder , Pen Window စတဲ့ Shortcut ငါးခု ကို အသုံးပြုနိုင်ပါတယ်။

Android OS
Note 3 Neo မှာ Android 4.3 Jelly Bean ကို အသုံးပြုထားပါတယ်။ Note 3 ထွက်ရှိစဉ် ကလည်း Android 4.3 Jelly Bean နဲ့ ပွဲထွက်လာတာဖြစ်ပါတယ်။ Samsung က Note 3 ကို Android 4.4 KitKat ကို အဆင့်မြှင့်တင်ပေးပြီးဖြစ်ပါတယ်။ Neo ကိုလည်း နောက်ပိုင်းမှာ အဆင့်မြှင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် Samsung က တရား၀င်ကြေညာချက် မထုတ်ပြန်သေးပါဘူး။

စွမ်းဆောင်ချက်
Neo မှာ Hexa-Core 5260 Chipset ကို အသုံးပြုထားပါတယ်။ 1.7GHz Cortex-A15 နှစ်လုံး နဲ့ 1.3GHz Cortex-A7 လေးလုံး ကို တပ်ဆင်ထားပါတယ်။ အရင် ထုတ်လုပ်ခဲ့တဲ့ Exynos Chipset များနဲ့ မတူတဲ့အချက်က HMP ကို အထောက်အပံ့ပေးတဲ့အတွက် Core ခြောက်လုံးစလုံး ကို တစ်ပြိုင်နက် မောင်းနှင်လည်ပတ်နိုင်ပါတယ်။

CPU တွေရဲ့ စွမ်းဆောင်ရည် ကို စမ်းသပ်တဲ့ Benchmark Tool တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာ Neo ရဲ့ CPU စွမ်းဆောင်ချက် ဟာ စွမ်းဆောင်ရည်မြင့်ဖုန်းတွေဖြစ်တဲ့ HTC One, LG Nexus 5 , Galaxy S4 , HTC One Max, Sony Xperia Z Ultra, Sony Xperia Z1, LG G2 , Note 3, G Flex တို့ထက်အနည်းငယ် အားနည်းတာ ကိုတွေ့ရပါတယ်။ HTC One Mini, Xperia C, LG Nexus 4 တို့ထက် အားသာပါတယ်။ Neo ရဲ့ CPU စွမ်းဆောင်ချက် ဟာ ဖုန်းတန်ဖိုးနဲ့ တိုင်းတာမယ်ဆိုရင် သင့်တင့်ကောင်းမွန်ပေမယ့် စွမ်းဆောင်ရည်မြင့်ဖုန်းအများစု ကို မယှဉ်နိုင်တာတွေ့ရပါတယ်။

ဂရပ်ဖစ် စွမ်းဆောင်ချက်မှာလည်း ကောင်းမွန်ပေမယ့် စွမ်းဆောင်ရည်မြင့်ဖုန်းတွေကို မယှဉ်နိုင်ပါဘူး။

ဖုန်းမျက်နှာပြင် စွမ်းဆောင်ချက်မှာတော့ Resolution နည်းပါးတဲ့ မျက်နှာပြင် ကို အသုံးပြုထားတာဖြစ်တဲ့အတွက် လျှင်မြန်စွာ အလုပ်လုပ်တာတွေ့ရပါတယ်။

Neo မှာ 2GB RAM တပ်ဆင်ထားပြီး Note 3 မှာ 3GB RAM တပ်ဆင်ထားပါတယ်။ ဒါပေမယ့် Neo မှာ Apps များစွာ ကို တစ်ပြိုင်နက် အသုံးပြုကြည့်တဲ့အခါမှာ လေးလံမှုမရှိဘဲ အလွန်လျှင်မြန်တာ ကို တွေ့ရပါတယ်။ Neo မှာ 16GB Internal Storage တပ်ဆင်ထားပြီး MicroSD Card အသုံးပြုနိုင်ပါတယ်။

S Voice နဲ့ Google Now
Note 3 Neo မှာ ကိုယ်ရေးလက်ထောက် နှစ်ယောက်ပါရှိပါတယ်။ Samsung ရဲ့ S Voice နဲ့ Google ရဲ့ Google Now တို့ ဖြစ်ပါတယ်။ အသံနဲ့ အမိန့်ပေးပြီး ဖုန်းခေါ်တာ၊ စာရေးတာ ၊ သီချင်းဖွင့်တာ ၊ App တွေဖွင့်တာ ၊ Settings တွေ ပြောင်းတာ ၊ Reminder မှတ်သားတာ၊ Alarm သတ်မှတ်တာ ၊ ရာသီဥတု အခြေအနေတွေကြည့်တာ၊ အင်တာနက်မှာ ရှာဖွေတာ အပြင် ဟာသတွေ တောင် ပြောပြနိုင်ပါသေးတယ်။

S Voice က ဖုန်းတွင်း အလုပ်များ ကို အဓိက ပြုလုပ်ပေးနိုင်ပြီး Google Now က အင်တာနက် မှာ ရှာဖွေတာတွေ ကို အဓိက ပြုလုပ်ပေးနိုင်ပါတယ်။

ကင်မရာ
Note 3 Neo မှာ 8 MP Camera တပ်ဆင်ထားပြီး 3264×2448 Pixels အရည်အသွေး ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ Camera App ရဲ့ User Interface ကတော့ အခြား Samsung Phone များနဲ့ ဆင်တူပါတယ်။ ဓာတ်ပုံအရည်အသွေး က ကောင်းမွန်ပြီး အရောင်တိကျမှု ကလည်း ပြည့်စုံပါတယ်။

Note 3 Neo ရဲ့ 8 MP Camera က 1080p Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဗီဒီယို အရည်အသွေး ကအလွန်ကောင်းမွန်ပါတယ်။ ကြည်လင်ပြတ်သားမှု အပိုင်းမှာလည်း အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် 4K Video တွေ ရိုက်ကူးပေးနိုင်တဲ့ Note 3 ရဲ့ 13 MP Camera နဲ့ နှိုင်းယှဉ်ရင်တော့ အားနည်းပါတယ်။ ဒါပေမယ့် ပေးရတဲ့ ဈေးနှုန်း နဲ့ တွက်ချက်ရင် သင့်တော်ကောင်းမွန်တဲ့ ကင်မရာ ကို Neo က ပိုင်ဆိုင်ထားပါတယ်။

Neo ရဲ့ မျက်နှာချင်းဆိုင်မှာ Note 3 မှာလိုပဲ 2 MP Camera တပ်ဆင်ထားပါတယ်။

ဆက်သွယ်မှု
ဆက်သွယ်မှု အပိုင်းမှာ GSM/GPRS/EDGE တို့ကို အသုံးပြုနိုင်ပါတယ်။ HSDPA ကို အထောက်အပံ့ပေးတဲ့ 3G အသုံးပြုနိုင်ပါတယ်။ LTE Advanced ကို အသုံးပြုနိုင်တဲ့ Exynos 5460 Chipset အမျိုးအစား နဲ့ 4G LTE ကို အထောက်အပံ့မပေးတဲ့ Qualcomm MSM8228 Chipset အမျိုးအစား နှစ်ခု ရှိတယ်လို့ သိရပါတယ်။ Bluetooth 4.0 LE , NFC အသုံးပြုနိုင်ပါတယ်။ မီဒီယာတွေကို HDTV ကို ကြိုးမဲ့ထုတ်လွှင့်ပေးနိုင်တဲ့ AllShare စွမ်းဆောင်ချက်ပါရှိပါတယ်။ ဖုန်းမျက်နှာပြင် ကို WiFi Direct အသုံးပြုပြီး HDTV မှာ ကြည့်နိုင်ပါတယ်။ မိုဘိုင်းဂိမ်းတွေကို မျက်နှာပြင်ကြီးမားတဲ့ တီဗီ မှာ ကစားနိုင်မှာဖြစ်ပါတယ်။ MHL ကို အထောက်အပံ့ပေးတဲ့ USB 2.0 Port ကနေ ကြိုးနဲ့ တီဗီ ကို ချိတ်ဆက်နိုင်ပြီး မီဒီယာတွေ ကြည့်နိုင်ပါတယ်။ USB Port က USB On-The-Go ကို အထောက်အပံ့ပေးတဲ့အတွက် USB Keyboard , USB Drive, USB Stick များနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။

နိဂုံး
Note 3 Neo ရဲ့ မျက်နှာပြင်ဟာ Note 3 လောက် ကြည်လင်ပြတ်သားမှု မရှိပေမယ့် သင့်တင့်ပါတယ်။ ကင်မရာ ကလည်း Note 3 လောက်မကောင်းပေမယ့် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေကို ပေးစွမ်းနိုင်ပါတယ်။ စွမ်းဆောင်ချက် အပိုင်းမှာ Note 3 ရဲ့ စွမ်းဆောင်ချက်အားလုံးနီးပါး ကို Neo မှာ ထည့်သွင်းပေးထားပါတယ်။ Note 3 ရဲ့ S Pen ဟာ Neo မှာလည်း ပါရှိပါတယ်။ Note 3 Neo ရဲ့ ဈေးနှုန်း ဟာ ၄၈၀၀၀၀ ၀န်းကျင်မှာ ရှိပြီး မကြာမီမှာ ကျွန်တော်တို့ နိုင်ငံက Samsung အရောင်းဆိုင်တွေမှာ ရောင်းချပေးမှာဖြစ်ပါတယ်။ ဈေးနှုန်း က အနည်းငယ် ပြောင်းလဲနိုင်တယ်လို့ ရေးသားထားပါတယ်။ ဒီဆောင်းပါးမှာ Note 3 နဲ့ Note 3 Neo ရဲ့ ကွာခြားချက်တွေ ကို ရေးသားပေးထားတဲ့အတွက် ဈေးနှုန်း နဲ့ နှိုင်းယှဉ် ပြီး ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *