ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများအဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများကို ဆက်လက် ကူညီသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ G-8 နိုင်ငံခြားရေး ဝန်ကြီးများသည် လန်ဒန်မြို့တွင် ဧပြီလ ၁၀ရက်နေ့နှင့် ၁၁ရက်နေ့များ၌ တွေ့ဆုံခဲ့ကြရာတွင် ကမ္ဘာ့ငြိမ်းချမ်းရေး လုံခြုံရေးနှင့် သာယာဝပြောရေးတို့ကို ခြိမ်းခြောက်နေသော နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရာ၌ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ဆောင်ရွက်မှုတွင် တိုးတက်မှု အချို့ ရှိသည့် အတွက်လည်း ကြိုဆိုပါကြောင်း၊ ကချင်နှင့် ရခိုင်အရေး ကြိုးစား ဖြေရှင်းရာတွင် အစိုးရနှင့် သက်ဆိုင်သူများ အားလုံးက တိုးတက်မှုများ ရှိလာစေရေးကို တိုက်တွန်းအားပေးပါကြောင်း သိသာထင်ရှားသည့် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင် ပြောင်းလဲမှုတို့ကိုစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုကို ကျေနပ်ကြောင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်ကူညီမှု ဖြစ်ကြောင်း ကျန်ရှိနေသေးသော အရေးကြီး ပြဿနာများကို ဖြေရှင်းရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအားကူညီသွားမည် ဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတကာအလှုရှင်များနှင့်ပူးပေါင်း
ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကြေညာချက်တွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများအဖွဲ့ (G-8)တွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ရုရှား၊ ယူကေနှင့် အမေရိကန်တို့ ပါဝင်ကြပါသည်။