Interview

ဂျာမနီ၊ ပဲရစ်၊ ဂျော်ဒန် အစရှိသည့် နိုင်ငံခြားပွဲများတွင် ဆင်နွှဲခဲ့သည့် Professional DotA Clan

 Profile
ကျွန်တော့်နာမည်အရင်းက  သက်ဇော်၀င်း၊  အခုလက်ရှိမှာတော့ G7 Clan (Professional DotA Clan) က Manager ပေါ့၊  ကျွန်တော့် အသက်က (၂၀) ပါ၊ ကျွန်တော်က အခု ထိုင်းမှာ ပညာသင်နေတယ်၊ ဒီဂိမ်းလောကကို စတင် ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။

G7 အဖွဲ့ စတင် ဖွဲ့စည်းဖြစ်ခဲ့ပုံကို ပြောပြပေးလို့ရမလား။
စတင်ဖွဲ့စည်းခဲ့တာက လွန်ခဲ့တဲ့ (၂) နှစ်တုန်းက ရန်ကုန်မှာ Double Damage Clan  နာမည်ကြီးနေတဲ့အချိန်မှာ ကျွန်တော်တို့ (၂၃) လမ်းထဲက Global gaming network ဂိမ်းဆိုင်က Gamer တွေက သူတို့လည်း ဆော့ချင်တယ်ဆိုပြီးပြောလာတော့ လူတွေကို စုရင်းစုရင်း ဟိုလူထွက်၊ ဒီလူထွက်နဲ့ အခုငါးယောက်ကျန်အခါမှ လူညီပြီးတော့ G7 အဖွဲ့ ဖြစ်လာတာပါ။

အဖွဲ့၀င် ဘယ်နှစ်ယောက် ပါ၀င်ဖွဲ့စည်းထားပါသလဲ။
အဖွဲ့၀င်အားလုံးပေါင်း (၇) ယောက်၊ G7 ဆိုတဲ့ပုံစံနဲ့၊ ကျွန်တော်တို့ရဲ့ Captain ကတော့ Kenji သူရဲ့ နာမည်အရင်းက ရဲထိုက်၊ နောက်တစ်ယောက်က သူရဲ့ game name က Kalay သူနာမည်အရင်းက မင်းထက်သူ၊ ပြီးတော့ Leo လို့ခေါ်တဲ့ ခန့်နိုင်၊ showti လို့ခေါ်တဲ့ အောင်မြတ်စိုး၊ Vrkat လို့ခေါ်တဲ့ ကျော်ဇင်ထွန်း၊ Kaifu လို့ခေါ်တဲ့ အောင်ထွန်းလင်းရယ် ကျွန်တော်ရယ်ပေါ့လေ၊ အားလုံးပေါင်း (၇)ယောက်ပါ။

G7 ကို ဘယ်လို Field ထဲက လူတွေနဲ့ ဖွဲ့စည်းဖြစ်ပါသလဲ။
Field ထဲကလူတွေအစား ဂိမ်းကို ဝါသနာပါတဲ့လူတွေ စုမိတယ်လို့ ပြောရမှာပေါ့၊ ကျွန်တော့်အဖွဲ့ထဲက ခန့်နိုင် ဆိုရင် 2005/2006 တုန်းကလုပ်တဲ့ ICT ပွဲမှာ Double Damage အဖွဲ့က ဆုရခဲ့တာကို ကြည့်ပြီး အားကျခဲ့တယ်၊ နောက်ပိုင်း သူလည်းဂိမ်းကိ်ု အဲဒီမှာ စ ဆော့တယ်၊ တစ်နေ့မှာ သူလည်း စင်ပေါ်ရောက်ရှိအောင် ကြိုးစားမယ်ဆိုတဲ့ ပုံစံနဲ့ ဆော့လာခဲ့တယ်၊ Kenji ဆိုလည်း ဒီလိုပဲ၊ သူလည်း ဆေးကျောင်းကထွက်ပြီး ကစားတာ၊ တစ်ယောက်နဲ့ တစ်ယောက် အနစ်နာခံပြီး ကစားလာတာပေါ့၊ အဲဒီလို Field ထဲကပေါ့လေ၊ နောက်ဆုံး ဂိမ်းကို စိတ်အ၀င်စားဆုံးလူတွေ ပေါင်းမိပြီး ဖွဲ့စည်းဖြစ်ပါတယ်။

ဂိ်မ်း စတင် ကစားဖြစ်ခဲ့ပုံကို် ပြောပြပေးလို့ရမလား။
စပြီး ကစားတုန်းက ဒီအဖွဲ့ထဲက လူတစ်ယောက်ပဲပါတယ်၊ ခန့်နို်င် တစ်ယောက်ပဲ ပါတယ်၊ ကျွန်တော်က ဂိမ်း မကစားဘူး၊ ကျွန်တော်က မန်နေဂျာပါ၊ ဘယ်သူနဲ့တွဲရင် ပိုကောင်းမလဲ၊ ဘယ်လိုကစားရင် ပိုကောင်းမလဲ၊ ဘယ်လို Train ရမလဲ၊ အဲဒါမျိုးတွေ လုပ်ပေးတယ်၊ Managing လုပ်ပေးတဲ့လူပေါ့၊ Player တွေကျတော့ ကစားတဲ့အချိန်မှာ ခန့်နို်င် တစ်ယောက်ပဲရှိတယ်၊ ကျွန်တော်တောင် မရှိသေးဘူး၊ သူက အပျော်ကစားတဲ့ အဖွဲ့ပေါ့့၊ သူတို့ ဆော့ရင်းဆော့ရင်းနဲ့ လက်တွေ့လာတယ်၊ လက်တွေ့လာတော့ မကောင်းတဲ့လူကို ထုတ်တယ်၊ ကောင်းတဲ့လူကို ခေါ်တဲ့အခါ Kenji  ရယ်၊ ကလေးရယ်၊ အဲဒီ နှစ်ယောက်ကို ထည့်လိုက်တယ်၊ သူတို့ သုံးယောက်ဖြစ်သွားရော၊ သုံးယောက်ဖြစ်သွားတဲ့အချိန်မှာ သူတို့ ထပ်ကစားရင်းနဲ့ အဲဒီမှာ လက်အရမ်းကောင်းတဲ့ ကောင်လေးတစ်ယောက်တွေ့တယ်၊ Show Ti ပေါ့၊ သူက လက်တော်တော်ကောင်းတယ်၊ တော်တော်ကြီးလည်း တိုးတက်တာတွေ့တယ်၊ အသက်ကလည်း တော်တော် ငယ်သေးတယ်၊ (၁၆/၁၇) ပဲရှိသေးတယ်၊ သူကတော်တော် Talent ရှိတယ်ဆိုတော့ အဖွဲ့ထဲကို ခေါ်ထည့်လိုက်တယ်၊ လေးယောက်ဖြစ်သွား တာပေါ့၊ ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်ကို သူတို့က နိုင်ငံခြားထွက်ကစားမယ်လို့ လာပြောတယ်၊ ဒီအချိန်မှာ ကျွန်တော်က ထိုင်းမှာ စာသင်နေတော့ သူတို့က ထိုင်းကိုလာခဲ့မယ်လို့ ပြောတယ်၊ ကျွန်တော်က သူတို့ကို ထိုင်းမှာ အစစအရာရာ လိုက်လုပ်ပေးတယ်၊ သူတို့ ရန်ကုန်မှာ ဆော့နေတဲ့ အခြေအနေကို မသိဘူး၊ ပြီးတော့ ဒီမှာ လာဆော့တော့ ဆော့တတ်မယ်ထင်ပြီး ကျွန်တော်လွှတ်ပေးလိုက်တာ၊ ဒါပေမယ့် သူတို့က Rules တွေ သေချာမဖတ်ဘူး၊ သူတ်ို့ အခြေအနေတွေ သေချာမသိဘူး၊ ဒါ့ကြောင့် ပွဲတောင် အဆုံးမသတ် လိုက်ဘူး။ ရှုံးသွားတယ်၊ ကျွန်တော်ကနိုင်ငံခြားမှာ အဲဒီလိုအဖွဲ့တွေကို လိုက်လုပ်ပေးနေတဲ့ သူဆိုတော့ သူတို့က ကျွန်တော်ကို မန်နေဂျာ လုပ်ပေးပါလို့ ပြောလာတယ်၊ ဒါကြောင့် ကျွန်တော် မြန်မာပြည်ကို ပြန်လာပြီး မန်နေဂျာ လာလုပ်တယ်၊ နောက်တော့ အဖွဲ့ထဲကိ်ု Varkab ဆိုတဲ့တစ်ယောက်ကို ထည့်တယ်၊ အခုလက်ရှိ 2010/2011 မှာ နာမည် အရမ်းထွက်နေတဲ့ Kifu ဆိုတဲ့တစ်ယောက်ကိုပါ ခေါ်ထည့်လိုက်ပြီးတော့ (၇)ယောက်ပေါင်းပြီး G7 ဖွဲ့ဖြစ်သွားတာပါ။

အဖွဲ့အမည် ပေးဖြစ်ခဲ့ပုံကို ပြောပြပေးလို့ရမလား။
G7 လို့ နာမည်ပေးဖြစ်ပုံကတော့ ကျွန်တော်တို့ ဂိမ်းဆိုင်နာမည်က Global လေ၊ 7 ကကျတော့ လူ(၇)ယောက်၊ အမြဲတမ်း (၇) ယောက်ရှိတယ်၊ နောက်ပြီး 7 ဆိုတာက ကျွန်တော်တို့ရဲ့ Lucky နံပါတ်ပေါ့၊ ဒါကြောင့် Global 7 ဆိုတဲ့ အဓိပ္ပါယ်နဲ့ G7 ဆိုပြီး ပေးဖြစ်ခဲ့တာပါ။

ပြိုင်ပွဲ အတွေ့အကြုံလေးတွေရော ပြောပြပေးလို့ရမလား။
ပြိုင်ပွဲအတွေ့အကြုံကတော့ မြန်မာနိုင်ငံအတွင်းမှာဆိုရင် ပွဲတော်တော်များများ ကစားဖြစ်တယ်၊ ရခဲ့တဲ့ဆုတွေကလည်း မနည်းတော့ဘူး၊  အားလုံးပေါင်း အခု  (၂၀)လောက်ရှိတယ်၊ စုစုပေါင်း  ချန်ပီယံ (၂၀)လောက်ရှိတယ်၊  ဒါပေမယ့် Globally အခြေအနေအရဆိုရင် ထိုင်းပွဲမှာတုန်းကတော့ ကျွန်တော်တို့ ရှုံးတယ်၊ မလေးရှားပွဲမှာတုန်းကတော့ ကျွန်တော်တို့ တော်တော်နာမည်ကြီးခဲ့တယ်၊ Southeast Asia အသင်းတွေ အကုန်လုံးဖြုတ်တယ်၊ နောက်ဆုံးတရုတ်ပြည်က အသင်းတွေကိုပဲ ကျွန်တော်တို့ ရံှုးခဲ့တယ်၊ ကျွန်တော်တို့ Top 1 to 10 ထဲကို ၀င်ခဲ့တယ်၊ နံပါတ် (၉)မှာ ကျွန်တော်တို့ ပြုတ်ခဲ့တယ်။

အနိုင်ရရှိခဲ့တဲ့ ပြိုင်ပွဲ အရေအတွက်ကရော။
ကျွန်တော်က အဖွဲ့ထဲကို၀င်တာ (၆) လလောက်ပဲ ရှိသေးတယ်၊ ကျွန်တော်တို့အနိုင်ရခဲ့တဲ့ပွဲတွေ တော်တော်များတယ်၊ ကျွန်တော်မှတ်မိတဲ့ ပွဲတွေဆိုရင် တော်တော်ကြီးတဲ့ ပွဲတွေပေါ့၊ (၁၀)သိန်း အထက်ပွဲတွေဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်က လုပ်ခဲ့တဲ့ ပြင်ဦးလွင် YTP က (၁၆) သိန်းပွဲ တစ်ပွဲရယ်၊ မန္တလေးမှာ GTM ဂိမ်းဆိုင်က လုပ်တဲ့ပွဲ၊ ပထဆုက သိန်း (၂၀)၊ အဲဒီပွဲမှာလည်း ကျွန်တော်တို့ ပထမရခဲ့တယ်၊ ကျွန်တော်တို့ နောက်ဆုံးလုပ်ခဲ့တဲ့ YTP က သိန်း (၃၀)ပွဲ၊ အဲဒီပွဲမှာလည်း ကျွန်တော်တို့ ပထမ ရခဲ့တယ်။

နောက်ဆုံးပြိုင်ပွဲရဲ့ ပြိုင်ပွဲအတွေ့အကြုံကို ပြောပြပေးလို့ရမလား။
ဒီ နောက်ဆုံးပွဲက ကျွန်တော် ပထမဆုံးလုပ်တဲ့ပွဲလည်းဖြစ်တယ်၊ ကျွန်တော်နိုင်ငံခြားမှာလည်း ပွဲတွေ စီစဉ်ဖူးတယ်၊ မြန်မာနိုင်ငံမှာက ပွဲကြီးကြီးမရှိဘူးလေ၊ နောက်ပြီး ကျွန်တော်က မြန်မာနိုင်ငံက လူတွေရဲ့ လက်ကိုလည်း သိချင်တယ်၊ ပြီးတော့ YTP ကလည်း Online Gaming Client လုပ်နေတော့ သူတို့ Client လည်း နာမည်ဖောက်အောင်ဆိုပြီးတော့ အခုဒီပွဲကို စီစဉ်လိုက်တယ်၊ အဲဒီပွဲမှာ ကျွန်တော့် G7 အဖွဲ့ကလည်း ၀င်ဆော့ရော၊ ၀င်ကစားတဲ့အချိန်မှာ သူများတွေက ပြောကြတာပေါ့လေ၊ G7 က လူတွေလုပ်တာဆိုတော့ G7 ပဲနိုင်မှာပေါ့လို့ ပြောကြတယ်၊ ကျွန်တော်က အဲဒီလို မယူဆခဲ့ဘူး၊ ကျွန်တော်က Rules တွေနဲ့ပတ်သက်ပြီး G7 ကို အသာပေးခဲ့တာလည်း မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ G7 ကို သာစေမယ့် Rules ကျွန်တော်မချခဲ့ဘူး၊ ချပေးထားတဲ့ Rules ကိုတောင်မှ G7 က တစ်ခါချိုးဖောက်ခဲ့လို့ ကျွန်တော် Warning ပေးခဲ့သေးတယ်၊ Rules အကုန်ကို ကျွန်တော် သေချာ လုပ်ခဲ့တယ်၊ G7 က ပွဲတက်လာတဲ့အချိန်မှာ စစချင်းဆော့တဲ့အချိန်မှာ နိုင်ငံခြားက Experience တွေကို သုံးပြီးဆော့တယ်၊ ကျွန်တော်တို့ အကောင်းဆုံး ဆော့ခဲ့တယ်၊ နောက်တော့ ပုံစံမတူဘဲ တစ်မျိုး ပြောင်းဆော့ကြည့်လိုက်တယ်၊ အဲဒီမှာ ကျွန်တော်တို့ ရှုံးသွားတယ်၊ နောက်တော့ Winner User Brackup ထဲကို ဆင်းသွားတယ်၊ Chance နောက်တစ်ခုဆိုတာ ရှိသေးတယ်လေ၊ User Brackup ထဲဆင်းသွားပြီး ပြန်တက်တယ်ပေါ့၊ နောက်ဆုံး  Final မှာမှ First ရခဲ့တာ၊ ဒီပွဲမှာ ကျွန်တော်တို့က အောက်ကနေကို ပင်ပင်ပန်းပန်းနဲ့ တက်ခဲ့ရတာ၊ သူများတွေထက် ပွဲ ပိုဆော့ရတယ်၊ ပိုလည်း ပင်ပန်းတယ်။

အခုလို အောင်ပွဲဆင်နိုင်ဖို့အတွက် ဘယ်လိုလေ့ကျင့် ကစားခဲ့ရလဲဆိုတာ ပြောပြပေးလို့ရမလား။
အရင်တုန်းက ကျွန်တော်တို့ Global မှာချိန်းပြီးတော့ ကစားတယ်၊ ဟိုဘက်ကအသင်းကို လိုက်လိုက်ချိန်းပြီး ကစားတယ်၊ အဲဒီလို ကစားပြီး လေ့ကျင့်တယ်၊ နောက်ပိုင်းနိုင်ငံခြားကို ထွက်ပြီး ကစားဖြစ်တဲ့အချိန်မှာတော့ ဒီပုံစံမျိုးနဲ့ ကစားလို့မရတော့ဘူးဆိုတာ သိလာတယ်၊ ဘယ်လိုမျိုးလဲဆိုတော့ ရေအိုင်ထဲက ဖားလို ဖြစ်နေတယ်၊ ဒါတွေပဲ တွေ့နေရတယ်၊ နောက်ပိုင်း Internet နဲ့ Online နိုင်ငံခြား Client တွေနဲ့ ၀င်ဆော့တယ်၊ ၀င်ဆော့မှပဲ အတွေ့ကြုံအသစ်တွေ အများကြီးရတယ်၊ နောက်ပြီး ကျွန်တော်တို့ Train တဲ့ System တွေ ရှိတယ်၊ Train System သေချာချပြီးတော့ ဘယ်လို Train ရမယ်၊ Mouse တွေ ဘယ်လိုသုံးရမယ်၊ Mouse dpi ဘယ်လောက်ထားသင့်တယ်၊ Mouse ဘယ်လို ရွှေ့ရမယ်ဆိုတာတွေကိ်ု သေချာစီစဉ်ပေးတယ်။

ဂိမ်းပြိုင်ပွဲတွေ များပြားလာတဲ့ အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။
ပြိုင်ပွဲတွေက များလာတာတော့ လက်ခံပါတယ်၊ အခု ကျွန်တော်လုပ်ခဲ့တဲ့ ပွဲတောင်မှ နိုင်ငံခြား ပွဲတွေကို မမီနိုင်ဘူးလို့ ကျွန်တော်ထင်တယ်၊ ကျွန်တော် နိုင်ငံခြားပွဲ တော်တော်များများ ရောက်ဖူးတယ်၊ ဂျာမနီ၊ ပဲရစ်၊ ဂျော်ဒန် အများကြီး ကျွန်တော် ရောက်ခဲ့ဖူးတယ်၊ အဲဒီမှာ လုပ်တဲ့ပွဲဆိုရင် ဂိမ်းပြိုင်ပွဲဆိုပြီး လူငယ်တွေပဲလာတာ မဟုတ်ဘူး၊ လူကြီးတွေပါ လာတယ်၊ သူတို့က လူငယ်တွေ ဘယ်လောက် တိုးတက်နေပြီလဲဆိုတာ လာလေ့လာတာ၊ ဒီမှာက ဒါမျိုး မရှိဘူး၊ ကျွန်တော် ဒီတစ်ခေါက် ပွဲလုပ်မယ့်ဟာဆိုရင် ဥပမာ – Sponsor တောင်းတယ်ဆိုပါတော့။ သိန်း (၂၀၀)/(၃၀၀) Sponsor ပေးလိုက်ရော၊ အဲဒီပိုက်ဆံတွေက သူတို့အတွက် အလှူကြီးဖြစ်နေတယ်၊ သူတို့ကပြောက ဒီ သိန်း (၂၀၀)/(၃၀၀) မင်းတို့ကို ပေးမယ့်အစား ငါတု့ိ မိဘမဲ့ဂေဟာကို သွားလှူလိုက်ရင် ပိုပြီး ကုသိုလ်ရတယ်၊ အဲဒီလို ပုံစံမျိုး သူတို့က ပြောလာတယ်၊ ကျွန်တော်က ဘယ်လိုပြန်ပြောလဲဆိုရင် ကျွန်တော်လုပ်မယ့်ပွဲမှာ အဆိုတော်၊ မင်းသား၊ မင်းသမီးထည့်မယ်၊ IT Show လုပ်မယ်၊ ကုန်ကျစရိတ်များမယ်၊ လူသိရှင်ကြားလည်း များမယ်၊ မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ပွဲမှန်သမျှ အဲဒီလို မရှိဘူး၊ ဒီမှာလုပ်တဲ့ ပွဲတော်တော်များများကလည်း သူတို့ ဂိမ်းဆိုင် Profit ကိုပဲ ကြည့်ပြီးလုပ်တာများတယ်၊ မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ပွဲတော်တော်များများမှာဆိုရင် ကျွန်တော်တို့ G7 လာရင် အခြား Clan တွေ မလာတော့ဘူး၊ အခြား Clan တွေမလာရင် သူတို့အတွက် ၀င်ကြေးနည်းသွားပြီ၊ Profit က နည်းသွားပြီ၊ ဒါကြောင့် ဒီမှာ လုပ်သမျှပွဲတွေက မြန်မာနိုင်ငံရဲ့ ဂိမ်းလောကကို တကယ့် Business အနေထားနဲ့ရော၊ Society အနေထားနဲ့ရော၊ တိုးတက်မှု မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။

ပြည်တွင်း Gamer တွေနဲ့ ပြည်ပ Gamer တွေ ဘာတွေ ကွာခြားလဲဆိုတာ ပြောပြပေးပါ။
ဘာတွေ ကွာခြားသလဲဆိုတော့ ထိုင်းမှာ Thai Cyber Game ဆိုပြီး Community ရှိတယ်၊ အဲဒီမှာ ကျွန်တော်က အဖွဲ့၀င်ပေါ့၊ ကျွန်တော်သွားပြီး Meeting သွားတွေ့တယ်၊ သူတို့ရဲ့ အိုင်ဒီယာတွေက အမြဲ Fresh အရမ်းဖြစ်တယ်၊ သူတို့က In-charge လုပ်မယ် Defense ပြန်လုပ်မယ်။ အဲဒီလို Strategies တွေနဲ့သွားတာ။ ကျွန်တော့်တို့ ဒီမှာအဲဒီလိုမဟုတ်ဘူး စမ်းကြည့်မယ်၊ မအောင်မြင်တော့လည်း သေတာပေါ့၊ အဲဒီလိုမျိုး ရှိတယ်။ တရုတ်ပြည်မှာ လက်ရှိအကောင်းဆုံး အသင်းကနေပြီးတော့ ကမ်ဘာမှာ လက်ရှိအကောင်းဆုံးလူကို အသင်း ပြောင်းရွှေ့ကြေးဆိုပြီး ဒေါ်လာ နှစ်သိန်းကျော်ပေးတယ်၊ ဒေါ်လာနှစ်သိန်း ဆိုတာက ဘောလုံးသမားတွေရဲ့ ပြောင်းရွှေ့ကြေးလောက် ရှိတယ်၊ အဲဒါကို ဒီကလူတွေက မသိကြဘူး၊ ကျွန်တော် အွန်လိုင်းမှာ Chat နေကျ သူငယ်ချင်း တစ်ယောက်ရှိတယ်၊ သူက တော်တော်ပေါတဲ့ လူငယ်၊ အခုဆိုသူ ဘီလျံနာဖြစ်သွားပြီ၊ သူဂိမ်းဆော့ပြီးတော့ သိန်းရှစ်ထောင်ပွဲ သုံးလေးပွဲနိုင်ပြီးတော့ သူဘီလျံနာဖြစ်သွားတယ်၊ အဲဒီလိုသူတို့က Professional ဆန်တယ်၊ ရှုံးမှာလည်း သူတို့က မကြောက်ဘူး၊ ဒီက လူတွေနဲ့တော့ တော်တော်ကွာတယ်၊ အတွေးတွေက အစ အရမ်းကွာတယ်။

နောက်ထပ် နိုင်ငံတကာ ပြိုင်ပွဲ၀င်ဖို့ရော ရှိပါသလား။
ဟုတ်၊ ပြိုင်ပွဲတွေကတော့ အများကြီးရှိပါတယ်၊ အခု ထိုင်း WCG ဂျူလိုင် ၁၃/၁၄ အဲဒီပွဲကိုတော့ ကျွန်တော်တို့ တက်ရောက်ဖို့စဉ်းစားနေတယ်၊ Sponsor ရှာနေတယ်ပေါ့လေ။

Professional Gamer တစ်ယောက်ဖြစ်လာဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။
Professional Gamer တစ်ယောက်ဖြစ်လာဖို့အတွက် အဓိကက စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ ဇွဲ၊ လုံ့လရှိရမယ်။

G7 မှာ နောက်ထပ် လူသစ်တွေ ၀င်ဖို့ အစီအစဉ် ရှိပါသလား။
အခုလူတွေ အားလုံးကတော့ အဆင်ပြေနေတယ်၊ G7 ထဲ၀င်ဖို့တော့ မဟုတ်ဘူးပေါ့၊  G7 ရဲ့ Second Clan တော့ရှိတယ်၊ Second Clan ထဲမှာ လူအပြောင်းအလဲ လုပ်ပြီးတော့ Clan နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း တိုးတက်အောင် လုပ်ဖို့ ရှိတယ်။

အခုလို မေးသမျှကို စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြားပေးတဲ့ G7 မှ မန်နေဂျာ ကိုသက်ဇော်၀င်းကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *