Opinion

ကုန် အမှတ်တံဆိပ်၊ ပစ္စည်းတံဆိပ်နှင့် စပ်လျဉ်း၍ ဥပဒေရေးရာ သိမှတ်ဖွယ်ရာများ

၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်(၂၁)အဖြစ် ၂၀၁၂ ခုနှစ်
နို၀င်ဘာလ (၂)ရက်နေ့တွင် ပြဌာန်းလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပုဒ်မ၂ (ဈ) (၃) တွင် နိုင်ငံခြား မတည်ငွေရင်း ဆိုရာ၌ လိုင်စင်၊ တီထွင်မှုပိုင်ဆိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့့််- စသည့် အသိဉာဏ်ဆိုင်ရာ ပစ္စည်းများကို တန်ဖိုးဖြတ်နိုင်သော အခွင့်အရေးတို့လည်း ပါ၀င်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ သို့ဖြစ်၍ ကုန်အမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ ဥပဒေ ပြဌာန်းချက်များကို ရှင်းလင်း တင်ပြရပေသည်။
တစ်ဦးတစ်ယောက်သောသူ၏ ထုတ်လုပ်ကုန်စည် ဖြစ်ကြောင်းကို သော်လည်းကောင်း၊ အရောင်းအ၀ယ် ကုန်စည်ဖြစ်ကြောင်းကို သော်လည်းကောင်း ဖော်ပြရန် အသုံးပြုသော အမှတ်အသားကို ကုန်အမှတ်တံဆိပ်ဟု ခေါ်ကြောင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၇၈ တွင် ပြဌာန်းထားသည်။

ကုန်ပစ္စည်း ထုတ်လုပ်သူက ဖြစ်စေ၊ ရောင်း၀ယ် ဖောက်ကားသူက ဖြစ်စေ၊ မိမိ ထုတ်လုပ်ရောင်းချသည့် ပစ္စည်းကို အခြားသူ ထုတ်လုပ်ရောင်းချသော အလားတူ ကုန်ပစ္စည်းနှင့် ခွဲခြားသိသာအောင် ပြုလုပ်ထားသော အမှတ်အသားသည် ကုန်အမှတ်တံဆိပ် ဖြစ်သည်။ ကုန်အမှတ်တံဆိပ် ဆိုသောစကားရပ်တွင် ရုပ်ပုံ၊ ဒီဇိုင်း၊ နာမည်၊ စာတမ်းစသည့် အမှတ်အသားအားလုံး အကျူံး၀င်သည်ဟု စီအမ်ဘရားသားနှင့် ကွန်ဂျလန် အမှုစီရင်ထုံး(၁၉၅၁)ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်) စာမျက်နှာ (၂၆၂) တွင် ထုံးဖွဲ့ ထားသည်။

ကုန်ပစ္စည်းအမျိုးအစား (သို့မဟုတ်) မူရင်းအခြေခံကိုသာ ဖော်ပြသည့် အမှတ်အသားမှာ သူတစ်ပါး ထုတ်လုပ်ရောင်းချသည့် အလားတူ ကုန်ပစ္စည်းနှင့် ခွဲခြားသိသာနို်င်စေမည့် အမှတ်အသား မဟုတ်သောကြောင့် ကုန်အမှတ်တံဆိပ်ဟု မခေါ်ဆိုနိုင်။ ထုတ်လုပ်သူ(သို့မဟုတ်) ရောင်းချ ဖြန့်ဖြူးသူကို ရည်ညွှန်းသော အမှတ်အသားသာလျှင် သူပိုင် ကိုယ်ပိုင် ခွဲခြားသိသာနိုင်မည်ဖြစ်၍ ကုန်အမှတ်တံဆိပ်ဆိုသော စကားရပ်တွင် အကျူံး၀င်မည်ဖြစ်သည်ဟု တီစီမိုဟာမက်နှင့် ကွန်ဂျလန် အမှုစီရင်ထုံး (၁၉၅၁) ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်ချူပ်) စာမျက်နှာ (၉၈)တွင် ထုံးဖွဲ့ထားသည်။

ဥပမာအားဖြင့် ရွေှနန်းသိဂီႋသွေးဆေးအား ပန်းပေါင်းပျားရည် စသော အမည်များမှာ ကုန်အမျိုးအစားကို ဖော်ပြထားသည့် အမှတ်အသား ဖြစ်သည့်အလျောက် ကုန်အမှတ်တံဆိပ်ဟု ယူဆခြင်း မပြုနိုင်ကြောင်း ဒေါ်သက်ပုနှင့် ဆရာခင် အမှုစီရင်ထုံး (၁၉၅၂)ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်) စာမျက်နှာ (၂၄၅)တွင် ညွှန်ပြထားသည်။

ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှု အခွင့်အရေးနှင့် စပ်လျဉ်း၍ စီရင်ထုံး လမ်းညွှန်မှုများကို တင်ပြလိုက်သည်။
ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှု အခွင့်အရေးရရှိအောင် မည်သို့မည်ပုံ ပြုရမည်ဆိုသော ဥပဒေပြဌာန်းချက် မရှိပေ။ ကွဲပြားခြားနားသည့် အမှတ်အသား တစ်ခုခုကို မိမိတစ်ဦးတည်း ကိုယ်ပိုင်အဖြစ်ဖြင့် စတင် သုံးစွဲခြင်းအားဖြင့် ယင်းကုန်အမှတ်တံဆိပ်၏ ပိုင်ဆိုင်မှုအခွင့်အရေးကို သုံးစွဲသူရရှိခြင်း ဖြစ်သည်ဟု ဦးကျော်နှင့် ဦးဘအေး အမှုစီရင်ထုံး (၁၉၆၂)ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး (တရားရုံးချူပ်)
စာမျက်နှာ (၁၈၇)တွင် ညွှန်ပြထားသည်။

ကုန်အမှတ်တံဆိပ်၏ ပိုင်ဆိုင်မှု အခွင့်အရေး ရရှိအောင် ယခုအခါ ကုန်သည်တို့သည် မိမိတု့ိ၏ ကုန်အမှတ်တံဆိပ်များကို မှတ်ပုံတင်လေ့ ရှိသည်။ အမှန်မှာ မှတ်ပုံတင်ခြင်းဖြင့် ပိုင်ဆိုင်မှု ရရှိခြင်း မဟုတ်ဘဲ မှတ်ပုံတင်သည့်နေ့မှ စတင် သုံးစွဲသည်ဆိုသော အချက်ကို အထောက်အကူ ဖြစ်စေသည်။ ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှု အခွင့်အရေးကို ကုန်ပစ္စည်း ထုတ်လုပ်သူသာမက ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချရန် ပြည်တွင်းသို့ တင်သွင်းသော ကုန်သည်အနေဖြင့်လည်း ရပိုင်ခွင့်ရှိသည်ဟု ဂတ်စပါးနှင့် လျောင်ချိုင်အမှု (အတွဲ-၁၂) ရန်ကုန် စာမျက်နှာ (၅၃၄)တွင် ညွှန်ပြထားသည်။

ပစ္စည်းတံဆိပ်နှင့် စပ်လျဉ်း၍ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို တစ်ဦးတစ်ယောက်သောသူ ပိုင်ကြောင်း ဖော်ပြရန် အသုံးပြုသော အမှတ်အသားကို ပစ္စည်းတံဆိပ်ဟု ခေါ်ကြောင်း ရာဇသတ်ကြီး ဥပဒေပုဒ်မ (၄၇၉)တွင် ပြဌာန်းထားသည်။

ကုန်အမှတ်တံဆိပ်ဆိုသည်မှာ လူတစ်ဦး ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော ရောင်းချသောပစ္စည်း၏ အမှတ်အသားဖြစ်ပြီး ပစ္စည်းတံဆိပ််မှာ လူတစ်ဦး ကုမ္ပဏီတစ်ခု ပိုင်သော ပစ္စည်း၏ အမှတ်အသား ဖြစ်သည်။
တစ်နည်းဆိုရသော် ကုန်အမှတ်တံဆိပ်မှာ အမှတ်အသား၏ ပိုင်ဆိုင်မှုကို ရည်ညွှန်းခြင်းဖြစ်ပြီး ပစ္စည်းတံဆိပ်မှာ ပစ္စည်း၏ ပိုင်ဆိုင်မှုကို ပြသခြင်း ဖြစ်သည်။ သို့ရာတွင် ရည်ရွယ်ချက်မှာ အတူတူပင် ဖြစ်သည်။ ယင်းရည်ရွယ်ချက်မှာ တစ်ဦးတစ်ယောက်၏ ကုန်ပစ္စည်းကို အတုပြုခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်မှာ သာမန်အားဖြင့် ကုန်ပစ္စည်း တစ်ခုခု အတွက်သာ ဖြစ်ပြီး ပစ္စည်းတံဆိပ်မှာ တစ်ခုထက် ပိုသော ပစ္စည်းများတွင် မှတ်သားထားသည့် အမှတ်အသား ဖြစ်သည်။

ကုန်အမှတ်တံဆိပ် လိမ်သုံးစွဲသည်ဆိုခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်သည် သို့တည်းမဟုတ် သေတ္တာ၊ အထုပ်၊ အခြားထည့်စရာ တစ်ခုခု၌ ပါရှိသည့် ကုန်စည်သည် တစ်ဦးတစ်ယောက်သော သူ၏ ထုတ်လုပ်ကုန်စည် သို့တည်းမဟုတ် အရောင်းအ၀ယ် ကုန်စည် မဟုတ်ပါဘဲလျက် ဟုတ်ကြောင်း ယုံကြည်စေရန် ယုတ္တိရှိအောင် စီမံပြုလုပ်ထားသော နည်းလမ်းဖြင့် မည်သူမဆို ထိုကုန်စည်များ ကိုသော်လည်းကောင်း၊ ကုန်စည်များ ပါရှိသော ထိုသေတ္တာ၊ အထုပ်၊ အခြားထည့်စရာ တစ်ခုခု ကိုသော်လည်းကောင်း၊ အမှတ်အသားပြုလျှင် သို့တည်းမဟုတ် ထိုသို့ အမှတ်အသားပါရှိသော သေတ္တာ၊ အထုပ်၊ အခြားထည့်စရာ တစ်ခုခုကို သုံးစွဲလျှင် ကုန်တံဆိပ် လိမ်သုံးစွဲရာ ရောက်ကြောင်း ရာဇသတ်ကြီး ဥပဒေပုဒ်မ (၄၈၀)တွင် ပြဌာန်းထားသည်။

ကုန်အမှတ်တံဆိပ် တစ်ခုကို လူတစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သော အမှတ်အသား ဖြစ်မှသာ ယင်း ကုန်အမှတ်တံဆိပ်ကို အတုပြု၍ တံဆိပ် လိမ်သုံးစွဲမှု မြောက်နိုင်သည်။
ကုန်အမှတ်တံဆိပ်တစ်ခုသည် မည်သူမျှ သုံးစွဲခြင်း မပြုဘဲ စွန့်ပစ်ထားသည့် အမှတ်အသား တစ်ခုဖြစ်ပါက ယင်းကုန်အမှတ်တံဆိပ်ကို တစ်ဦးတစ်ယောက်က သုံးစွဲခြင်းသည် ကုန်တံဆိပ် လိမ်သုံးစွဲသည်ဟု ယူဆနိုင်မည် မဟုတ်ကြောင်း ဘီအမ်ခါးဝါးနှင့် မိုတီဂါလား အမှုစီရင်ထုံး ၁၉၃၇ ခုနှစ် ရန်ကုန်စီရင်ထုံး စာမျက်နှာ (၁၈)တွင် ညွှန်ပြသည်။

ကုန်ပစ္စည်း အမျိုးအစား တစ်ခုအတွက် သုံးစွဲနေသည့် ကုန်အမှတ်တံဆိပ်ကို အခြား ကုန်ပစ္စည်း အမျိုးအစားအတွက် သုံးစွဲခြင်းသည် ကုန်တံဆိပ် လိမ်သုံးစွဲခြင်း မမြောက်ပေ။ လူတစ်ဦးတစ်ယောက် သို့မဟုတ် ကုမ္ပဏီတစ်ခုသည် မိမိထုတ်လုပ် ရောင်းချသော ပစ္စည်းတစ်ခု၏ ကုန်တံဆိပ်ကို အခြားပစ္စည်း အမျိုးအစား၏ ကုန်တံဆိပ်အဖြစ် အသုံးမပြုရဟု တားမြစ်ပိုင်ခွင့် မရှိပေ။ သို့ဖြစ်ရာ ဂျော်နီဝါကား ၀ီစကီအရက် ထုတ်လုပ်သူက ကုန်ပစ္စည်းအမျိုးအစားချင်း မတူသည့် သွေးဆေးရည်ကို ဂျော်နီဝါကား ကုန်တံဆိပ်ကပ်၍ ရောင်းချခွင့်မရှိဟု ပိတ်ပင်ခြင်း မပြုနိုင်ကြောင်း ဂျော်နီဝါကားနှင့် ဦးသန်းရွေှ အမှုစီရင်ထုံး ၁၉၆၈ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ (၇၃)တွင် ထုံးဖွဲ့ထားသည်။

ကုန်တံဆိပ် တစ်ခုသည် အခြားသူတစ်ဦး၏ ကုန်အမှတ်တံဆိပ် မဟုတ်ပါဘဲ ဟုတ်ကြောင်း ယုံကြည်အောင် ပြုခြင်းသည် ကုန်တံဆိပ် လိမ်အသုံးပြုခြင်း ဖြစ်သည်။ ကုန်တံဆိပ် လိမ်အသုံးပြုခြင်း ဟုတ်မဟုတ်ဆိုသော ပြဿနာမှာ ယင်းတံဆိပ်ပါသော ကုန်ပစ္စည်းကို ၀ယ်ယူသုံးစွဲသည့် လုပ်သားပြည်သူတို့အား ထင်ယောင်ထင်မှား ဖြစ်စေခဲ့ ပါသလား ဆိုသည့်အချက်ပေါ်တွင် မူတည်နေသည်။ ကုန်တံဆိပ် လိမ်သည် ကုန်အမှတ်တံဆိပ် အမှန်နှင့် ထပ်တူထပ်မျှ တူညီစေရန် မလိုပေ။ အငြင်းပွားနေသည့် ပစ္စည်းကို သုံးစွဲနေကျဖြစ်သည့် သာမန်အများပြည်သူတို့ အနေဖြင့် မှားယွင်းသုံးစွဲမိရန် အကြောင်းရှိမရှိ ဆိုသည့် အချက်သည် အဓိက ဆန်းစစ်ရမည့် အချက်ဖြစ်သည်။

သုံးစွဲသူအနေဖြင့် ကုန်တံဆိပ်နှစ်ခုကို ယှဉ်၍ ကြည့်ရှုခွင့်ရရှိပြီး မှားယွင်း၀ယ်ယူခြင်းမျိုး မဟုတ်ဘဲ အတုကို အစစ်အနေဖြင့် မှားယွင်း၀ယ်ယူနိုင်သည့် အခြေအနေရှိပါက ကုန်အမှတ်တံဆိပ် လိမ်သုံးစွဲသည်ဟု ကောက်ယူရမည်ဖြစ်ကြောင်း ဂေါ်ရှန်ဆွတ်နှင့် မဒါးဘရားသား အမှုစီရင်ထုံး ၁၉၅၂ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်) စာမျက်နှာ (၁၃၆)တွင် ညွှန်ပြသည်။
ထည့်စရာပါသော ကုန်ပစ္စည်းသည် မူလက ပါသည့် ပစ္စည်း မဟုတ်ဘဲ အလားတူ ပစ္စည်းကို ထည့်ထားပါမူ ကုန်အမှတ်တံဆိပ် လိမ်သုံးစွဲရာ ရောက်သည်ဟု အစိုးရနှင့် ဘိုးဆိုင် အမှုစီရင်ထုံး (အတွဲ ၄ အောက်မြန်မာပြည် စီရင်ထုံး စာမျက်နှာ ၁၉၂) တွင် ညွှန်ပြထားသည်။

မည်သူမဆို ကုန်တံဆိပ် လိမ်ကို ဖြစ်စေ၊ ပစ္စည်းတံဆိပ် လိမ်ကို ဖြစ်စေ၊ သုံးစွဲရာ၌ လိမ်လည်လှည့်ဖြားလိုသော အကြံမရှိဘဲ သုံးစွဲကြောင်း ထင်ရှားအောင် သက်သေမပြနိုင်လျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီး ဥပဒေပုဒ်မ (၄၈၂)တွင် ပြဌာန်း ထားသည်။
မည်သူမဆို အခြားသူ တစ်ဦးတစ်ယောက် သုံးစွဲသော ကုန်တံဆိပ်ကို သော်လည်းကောင်း၊ ပစ္စည်းတံဆိပ် ကိုသော်လည်းကောင်း အတုပြုလျှင် ထိုသူကို (၂)နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီး ဥပဒေပုဒ်မ (၄၈၃)တွင် ပြဌာန်း ထားသည်။

ကုန်အမှတ်တံဆိပ်၊ ပစ္စည်းတံဆိပ်တို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကုန်အမှတ်တံဆိပ်လိမ် ပစ္စည်းတံဆိပ် လိမ်သုံးစွဲခြင်းအတွက် ပြစ်ဒဏ်ကို လည်းကောင်း၊ ကုန်အမှတ်တံဆိပ်၊ ပစ္စည်းတံဆိပ်အတု ပြုလုပ်ခြင်း အတွက် ပြစ်ဒဏ်ကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာကြပေတော့မည်။ ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပြည်ပ လုပ်ငန်းရှင်များ အနေနှင့် ဈေးကွက်အတွင်း စီးပွားရေး ပြိုင်ဆိုင်မှုများ၊ ဖက်စပ်လုပ်ငန်းများ တစ်ဦးတည်းပိုင် လုပ်ငန်းများ အသီးသီး ထူထောင်ကာ ကုန်စည်ထုတ်လုပ်သော လုပ်ငန်းများ၊ ကုန်စည် ရောင်း၀ယ်သော လုပ်ငန်းများ လုပ်ကိုင် ကြရပေတော့မည်။ ကုမ္ပဏီများ တည်ထောင် ကြရပေလိမ့်မည်။ အသီးသီးသော လုပ်ငန်းများအတွက် ကုန်အမှတ်တံဆိပ်များ၊ ပစ္စည်းတံဆိပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ကြစေရန် စိတ်ရည်သန်၍ ဥပဒေ ဗဟုသုတအဖြစ်
ရေးသားတင်ပြ လိုက်ရပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။