News

စနေဂြိုလ်ရံလပေါ်တွင် ပလတ်စတစ်ဒြပ်ပေါင်း တွေ့ရှိ

စနေဂြိုလ်၏ ဂြိုလ်ရံလတစ်စင်းဖြစ်သည့် တိုက်တန်လပေါ်တွင် ပလတ်စတစ်ပြုလုပ်နိုင်သော ဒြပ်ပေါင်းတစ်မျိုး တည်ရှိနေသည်ကို အမေရိကန် ပြည်ထောင်စု အမျိုးသား လေကြောင်းနှင့် အာဏာသအေဂျင်စီ (နာဆာ)၏ ကတ်စီနီအာကာသယာဉ်က ထောက်လှမ်းတွေ့ရှိခဲ့ရကြောင်း အောက်တိုဘာ ၂ရက် သတင်းများတွင် ဖော်ပြထားသည်ဟု သိရသည်။ နာဆာ သိပ္ပံပညာရှင်များက တိုက်တန်လ၏ လေထုလွှာအောက်ပိုင်းတွင် အစားအစာထည့် ပလတ်စတစ်ဘူးများ ပြုလုပ်ရာ၌ အသုံးပြုသည့် ပရိုပလင်း (Propylene) ဓာတုဒြပ်ပေါင်းကို ကတ်စီနီ အာကာသယာဉ်၏ အနီအောက်ရောင်ခြည်သုံး ရောင်စဉ်တိုင်းကိရိယာက ဖော်ထုတ်တွေ့ရှိထားခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်တန်လ၏ လေထုလွှာထဲတွင် ပရိုပလင်းဓာတု ဒြပ်ပေါင်းဟု ယူဆရသော ဒြပ်ပေါင်းတစ်မျိုး တည်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ယခင်ကပင် ယူဆခဲ့ကြသော်လည်း ကတ်စီနီအာကာသယာဉ်၏ တွေ့ရှိချက်အရ အတည်ပြုနိုင်ပြီဖြစ်သည်။ ဓာတုဒြပ်စင်တိုင်း၌ မတူညီသော အပူဓာတ်များ ပိုင်ဆိုင်ထားရာ ကတ်စီနီအာကာသယာဉ်၏ ရောင်စဉ်တိုင်း ကိရိယာသည် တိုက်တန်လလေထုလွှာထဲမှ ပရိုပလင်းဒြပ်ပေါင်း၏ အပူဓာတ်ကို ခြေရာခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း နာဆာသိပ္ပံပညာရှင်များက ပြောကြားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *