Opinion

ခိုးကူးခွေရှိမှ တိုင်းပြည် တိုးတက်မည်

no-licen-cd

တိုးတက်နေသော တိုင်းပြည်တိုင်းမှာ ယခု တင်ပြမည့် အကြောင်းအရာများ ယနေ့ထက်တိုင် တွင်ကျယ်နေသေးသည်။ ကော်ပိုရေးရှင်းများ၊ အဖွဲ့အစည်းများ၏ စေခိုင်းချက်ကြောင့် ရှောင်တခင် စစ်ဆေး ဖမ်းဆီးမှုများ ရှိလိုက်၊ ပျောက်လိုက်ပင်တည်း။ ဘာကြောင့် ခိုးကူးခွေ ရောင်းချသူများကို အမြစ်ဖြတ်လို့ မရသည်၊ ရသည်မှာ အဖြေတစ်ခု ရှိသင့်သည်။ သူတစ်ပါးမှ အရင်း အနှီးပေါင်း မြောက်မြားစွာဖြင့်လည်းကောင်း၊ တီထွင်ကြံဆနိုင်စွမ်းရှိသည့် ဦးနှောက် အကြီးစားကြီးများဖြင့်လည်းကောင်း ဖန်းတီးပေးထားသော ပစ္စည်း၊ ၀န်ဆောင်မှုတို့သည် တန်ဖိုး တစ်ခု ရှိသည်။ ပိုင်ဆိုင်သူမှ အခမဲ့ မပေးေ၀သ၍ ပြန်လည် ခိုးယူ ကူးချပြီး မိမိလိုရာ အကျိုးစီးပွားအတွက် အသုံးမပြုသင့်သည်မှာ လူတိုင်း လက်ခံနိုင်ပေလိမ့်မည်။ သို့မဟုတ် အများသိပြီးသား ပစ္စည်း၊ အကြောင်းအရာတစ်ခုကို မည်သူမျှ စတင် လုပ်ဆောင်ခြင်း မရှိသေးသဖြင့် တစ်ဦးပုဂ္ဂလိကမှ စတင်ပြီး မူပိုင်ယူကာ ၎င်း၏ တီထွင်ကြံဆမှုအဖြစ် ပြောဆို ရောင်းချ လုပ်ဆောင်ခြင်းသည်လည်း မဖြစ်သင့်ချေ။

အများကြားဖူးကြသည်မှာက အနောက်နိုင်ငံများ၊ အာရှရှိ စင်ကာပူလို နိုင်ငံမျိုးတွင် ခိုးကူးခွေများကို အလေးပေး နှိမ်နင်းကြသည်။ လမ်းဘေး၌ ခင်းပြီး ရောင်းချနေသည်များကို ဖမ်းဆီးမှုများ ရှိသည်။ အချို့ သာဓကများတွင် အင်တာနက်ပေါ်မှ တိုးရန့် (Torrent)လို ဆိုဒ်မျိုးမှ ဒေါင်းလုဒ် (Download) ဆွဲယူနေရင်း ရဲဌာနမှ တံခါး လာခေါက်ပြီး ကွန်ပျူတာကို သိမ်းဆည်းသွားသည်များလည်း ကြားသိရ၏။ ခိုးကူးခွေ နှိမ်နင်းရေးအတွက် အဖြစ်မှန် ဇာတ်လမ်း၊ ဇာတ်ကွက် ဆင်ပြီး တီဗီ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူး တင်ပြသည်များလည်း တွေ့ဖူးကြမည်။ ခိုးကူးခွေဟုဆိုရာ၌ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ဂိမ်း၊ နည်းပညာ ဆော့ဖ်၀ဲလ် အစရှိသည်ဖြင့် အလုံးစုံ ပါ၀င်သည်။ ကုမ္ပဏီဖြစ်စေ၊ တစ်ဦးတစ်ယောက်မှ ဖြစ်စေ အချိန်ယူ၊ ငွေကုန် ဖန်တီးထားသည်များသည် ၎င်းတို့၏ ခွင့်ပြုချက် ရပြီးမှသာ ရောင်းပိုင်ခွင့် ရှိသင့်သည်။

မြန်မာပြည်လို နိုင်ငံမျိုး၌ နည်းပညာဟု ပြောလျှင် ကွန်ပျူတာကို မျက်လုံးထဲ ပြေးမြင်ကြသည်။ ကွန်ပျူတာဆိုသည်မှာ OS (Operating System)နှင့် Softwareရှိမှ အထမြောက်သည်။ Hardware တစ်ခုတည်းဆိုလျှင် သုံးမရသည့် စက်ပစ္စည်း တစ်ခုသာ ဖြစ်ပေမည်။ ထို့ကြောင့် OSနှင့် Software အကြောင်း လေ့လာကြည့်လျှင် တကမ်ဘာလုံးမှာ အသုံးများသည့် Microsoft Windowsအကြောင်း ပြောရမည်။ ပြည်တွင်း၌ ကွန်ပျူတာ Desktop တစ်လုံး ဆင်လျှင် အရောင်းဆိုင်များမှ Windows OSကို အခမဲ့ ထည့်ပေးသည်။ နောက်ဆုံးပေါ် Notebookများတွင်လည်း ထုတ်လုပ်သူမှ တရား၀င် အစစ်အမှန် Windows OSကို ထည့်သွင်းပေးထားသော်လည်း အသုံးပြုသူများမှ ၎င်းတို့၏ လိုအပ်ချက်နှင့် မကိုက်ညီသဖြင့် ကျပ်ငွေ ၁၅၀၀ လောက်သာ ပေးရသည့် Windows OS ထည့်ထားသည့် DVD တစ်ချပ် ၀ယ်ယူ အသုံးပြုကြသည်။ အစစ်အမှန် (Original) DVD တစ်ချပ်ဆိုလျှင် ကျပ်ငွေ တစ်သိန်းအထက် ရှိသည်။ Windows OSမှ Versionတွေ Upgrade လုပ်တိုင်းလည်း ပိုက်ဆံ ထပ်မံ ပေးဆောင်ရသည်။

အလားတူပင် ဆော့ဖ်၀ဲလ်များသည်လည်း ကွန်ပျူတာတစ်လုံးအတွက် လိုင်စင်တစ်ခုအဖြစ် ၀ယ်ယူ အသုံးပြုရသည့်အတွက်ကြောင့် ပိုဆိုးသည်။ နည်းပညာ အသုံးပြုသူသည် ကွန်ပျူတာတစ်လုံးအတွက် OSကို အများဆုံး တစ်နှစ်မှ တစ်ခါ ၀ယ်ယူသော်လည်း၊ ဆော့ဖ်၀ဲလ်အတွက်မူကား ကျွမ်းကျင်မှုပေါ် မူတည်၍ ဆော့ဖ်၀ဲလ် မြောက်မြားစွာ အသုံးပြုရသည်။ ဥပမာ – ဂရပ်ဖစ် ကျွမ်းကျင်သူသည် Adobeမှ ထုတ်လုပ်သော Photoshop အပြင် Illustratorလည်း သုံးဦးမည်။ အခြားအထောက်အကူပြု ဆော့ဖ်၀ဲလ်များ ဖြစ်သည့် Wordsတို့၊ Excelတို့လည်း ရှိရဦးမည်။ Anti-virusလို ဆော့ဖ်၀ဲလ် မျိုးလည်း ဆောင်ထားသင့်သေးသည်။

အစစ်အမှန် ကွန်ပျူတာတစ်လုံးအတွက် တွက်ချက်ကြည့်ပါက OSနှင့် သာမန် Software များအတွက်ဆိုလျှင်တောင် သိန်း ဆယ်ဂဏန်းအထက် ရှိသည်။ Graphics, Animation, Accountingအစရှိသည့် အခြားဆော့ဖ်၀ဲလ်များကိုပါ ထည့်၍ တွက်ကြည့်လျှင် Professional Softwareများ ဖြစ်သည့်အတွက်ကြောင့် ဆော့ဖ်၀ဲလ် တစ်ခုတည်းကိုပင် သိန်း ဆယ်ဂဏန်း ရှိသည်။ အစစ်အမှန် (Original) အားပေးသင့်သည်။ အားပေးခြင်းကြောင့် Virusတွေလည်း ကင်းေ၀းနိုင်သည်။ ကွန်ပျူတာ Performanceလည်း ကောင်းမည်။ အစရှိသည်ဖြင့် ကောင်းကျိုးများစွာ ရှိကြသည်။
ဤသို့ ကောင်းမွန်ခြင်းကို အကောင်းမှ ကြိုက်တတ်သည့် ရွေှမြန်မာများ ဘာကြောင့် မသုံးဖြစ်သေးသနည်းဟု မေးစရာ ရှိလာသည်။ မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံမျိုးတွင် ကုမ္ပဏီများသော်လည်းကောင်း၊ တစ်လမှ လစာ သောင်းဂဏန်းသာ ၀င်ငွေရှိသူများအတွက်လည်းကောင်း ၀ယ်ယူချင်သည် ဆိုသည်တောင်မှ ပေးဆောင်ရမည့် ပမာဏမှာ လွန်ကဲနေသည်ဟု ဖြေလျှင် ယေဘုယျကျသည့် အဖြေ ဖြစ်မည်။ သို့သော် အခြားနိုင်ငံများတွင်ကော ခိုးကူးခွေတွေ၊ တိုးရန့်တွေ မလုပ်ကြတော့ဘူးလား၊ မရှိကြတော့ဘူးလားဟု မေးစရာ ရှိသည်။ အဖြေမှာကတော့ သူတို့လည်း လုပ်နေသေး၍ ပြည်တွင်း၌ ရှိနေခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

တိုးတက်ပြီးသော နိုင်ငံများတွင် လူတစ်ဦးချင်းစီ၏ ၀င်ငွေမှ အလွန် ကောင်းသော်လည်း ခိုးကူးခွေဆိုတာ ရှိနေမြဲ ဖြစ်သည်။ ကော်ပိုရေးရှင်းကြီးများမှလည်း အခါအားလျှော်စွာ စီမံချက်ဖြင့်သာ ဖမ်းဆီး အရေးယူပြီး မသိချင်ယောင်ဆောင်လေ့ ရှိသည်။ တိုးတက်နေသော နိုင်ငံများ ဖြစ်သည့်အလျောက် ကော်ပိုရေးရှင်း၊ ကုမ္ပဏီများစွာ ရှိသည်။ ထို့ကြောင့် ကုမ္ပဏီကြီးတစ်ခုတွင် ကွန်ပျူတာ အလုံးပေါင်း ရာနှင့် ထောင်နှင့် ချီ၍ ရှိလာကြသည်။ Microsoft, Adobeလို ကော်ပိုရေးရှင်းများသည် ထိုကဲ့သို့ ကုမ္ပဏီများကိုသာ ဦးတည်၍ ၎င်းတို့၏ ဆော့ဖ်၀ဲလ် လိုင်စင်များကို ရောင်းချကြသည်။ ခိုးကူးခွေ ရောင်းသူများကို ဖမ်းဆီးဖို့ မဖြစ်နိုင်တော့သည့်အလျှောက် ၎င်းတို့၏ ဆော့ဖ်၀ဲလ် တန်ဖိုးကိုလည်း ဈေးနှုန်း နှိမ့်ချပြီး ရောင်းချလာကြသည်။ ဖမ်းဆီးမှု မဖြစ်နိုင်တော့ဟု ဆိုရာ၌ အကြောင်းမျိုးစုံ ရှိနိုင်သည်။ ရဲနှင့် လူအင်အား အသုံးပြုရသည့်အတွက်ကြောင့် ငွေကုန်ကြေးကျ များမည်။ ခိုးကူးမှုများ ကမ်ဘာတစ်၀ှမ်း၌ ရှိနေသော်လည်း ကော်ပိုရေးရှင်းကြီးများမှာ ဘီလီယံပေါင်း များစွာ ချမ်းသာနေသေးသည့်အတွက်ကြောင့် သုံးစွဲသူများ၏ ညိုညင်မှုကို ခံရခြင်းကြောင် ဖြစ်နိုင်မည်။ ကွန်ပျူတာ ကျောင်းဆင်း တစ်ယောက်ကို ဆော့ဖ်၀ဲလ် အခမဲ့ ပေး မသုံးလျှင် သူ့အတွက် လုပ်ငန်းခွင် ၀င်ရန် ပြဿနာ ရှိသည်။ လုပ်ငန်းခွင် ၀င်ပြီးလျှင်လည်း ၎င်းတို့ ဆော့ဖ်၀ဲလ် သုံးမှသာ ပိုက်ဆံ ထုတ်ပေးနိုင်သော လုပ်ငန်းရှင်များထံမှ လိုင်စင်ဖိုး အခကြေးငွေ တောင်းဆိုလို့ ရမည်။

နည်းပညာကို စိတ်၀င်စားသူ ကျောင်းဆင်းများ ၎င်းတို့ ဆော့ဖ်၀ဲလ် အသုံးပြုနိုင်ဖို့အတွက် Education Discountဟု ဆိုပြီး ဈေးနှုန်းချပေးထားသော်လည်း မြန်မာပြည် လို နေရာမျိုး အတွက် ဈေးကြီးသေးသည်။ နိုင်ငံတကာတွင်လည်း ကျောင်းဆင်းတိုင်း ၀ယ်ယူနိုင်သည့် အခြေအနေ မရှိသေးချေ။ လမ်းဘေး၌ ခိုးကူးခွေ ရောင်းသည့်ဆိုင် မရှိသည့် နိုင်ငံများတွင်လည်း အင်တာနက်ကို အသုံးပြုပြီး တိုးရန့်လို ဆိုဒ်မျိုးမှတစ်ဆင့် ခိုးယူ အသုံးပြုနေကြဆဲ ဖြစ်သည်။ နိုင်ငံတာကာ၌ ကော်ပိုရေးရှင်းများနှင့်အတူ ဌာနဆိုင်ရာများမှလည်း ခိုးကူးခွေများ၊ ခိုးယူခြင်းများသည် ထုတ်လုပ်သူများ၏ ထပ်မံ တီထွင်ကြံဆ မှုများကို ထိခိုက်နိုင်ကြောင်း၊ မကောင်းကြောင်း လံှုဆော်မှုများ ရှိသည်။ ပြည်တွင်း၌လည်း လမ်းဘေးဆိုင်များကို ဖမ်းဆီးကြသည်။ ခိုးကူးခွေဟု ဆိုရမည့် နယ်စပ်မှတစ်ဆင့် ၀င်ရောက်လာသော အရည်အသွေးမြင့် ဂီတ၊ ရုပ်ရှင်၊ နည်းပညာနှင့်ဆိုင်သော DVDအချပ်များကို ဖွင့်လှစ် ရောင်းချသည့် ဆိုင်ခန်းများကိုလည်း အခါအားလျော်စွာ ပိတ်ခိုင်းသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများအဖို့ လူတိုင်းနီးပါး အဆင့်မြင့် ပညာရေးကို ရယူခဲ့ကြသဖြင့် ခိုးကူးမှု နည်းပါးသည်။ အဆင့်မြင့် ပညာရေး ဆိုရာ၌ ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းသူကျောင်းသားတိုင်း ကွန်ပျူတာနှင့် ဆော့ဖ်၀ဲလ်မျိုးစုံကို သုံးနိုင်သည်။ ရုပ်ရှင်ပြသသည့် ခန်းမဆောင်များလည်း တည်ဆောက်ပေးထားသည့်အတွက်ကြောင့် ဗဟုသုတ၊ ရသစုံလင်သည့် ပညာရနိုင်သော ရုပ်ရှင်၊ documentary အစရှိသည်တို့ကို ကလေးဘ၀ ကတည်းက ကြည့်ရှုလေ့လာခွင့် ရရှိခဲ့ကြ၏။ ၎င်းတို့၏ အကျိုးဆက်ကြောင့် ပညာရေး ပြီးမြောက်သူအားလုံးမှာလည်း နားလည်ခံစား တွေးတောချိန်ဆတတ်သည့် အသိအမြင်များ ရှိကြ၏။ သူ့တို့ တိုင်းပြည်အတွက် ကွန်ပျူတာ နည်းပညာများဖြင့်လည်းကောင်း၊ ဗဟုသုတ စုံလင်သည့် ရုပ်ရှင်၊ ဂီတများမှ လည်းကောင်း ရရှိသည့် ဗဟုသုတ၊ အတွေးအခေါ်များဖြင့် ပြန်လည် အကျိုးပြုကြ၏။ ထို့ကြောင့် ဖွ့ံဖြိုးပြီးနိုင်ငံများ၌ ကော်ပိုးရေးရှင်းကြီးများနှင့် ဌာနဆိုင်ရာများ၏ ခိုးကူးခွေ တိုက်ဖျက်ရေးကို အားပေးသူ၊ သဘောတူသူ များစွာ ရှိကြ၏။
ဖွံ့ဖြိုးဖို့ လမ်းစ ရှာနေသည့် မြန်မာပြည်ရှိ အထင်ကရ လူတန်းစား နှစ်ရပ်မှာ ပညာမတတ်သူနှင့် ပညာမတတ်ပဲ ပိုက်ဆံချမ်းသာသူများ ဖြစ်ကြသည်။ ပညာမတတ်သူများမှာ ပညာရှိ၊ ပညာရှင် ဖြစ်နိုင်ရေးအတွက် တိုးတက်ပြောင်းလဲဆ အငွေ့အသက်လေးများကို မြင်လာရသည့် ယနေ့လို အချိန်မျိုး၌ မိမိ တတ််နိုင်သည့် ငွေကြေးပမာဏဖြင့် နည်းပညာကို ဆည်းပူးလာကြသည်။ တစ်ဘက်မှလည်း ကျော်ဟိန်းလို မင်းသားမျိုး၊ လေးဖြူလို အနုပညာရှင်များ ဆယ်စုနှစ် တစ်စုစာ ထွက်ပေါ် မလာတော့သဖြင့် နိုင်ငံတကာမှ ရုပ်ရှင်ဇာတ်ကားများကို လေ့လာပြီး တိုင်းပြည်၏ အနုပညာကဏ္႑ကို ကမ်ဘာ့အဆင့်မီ ဖန်တီးဖို့ အိပ်မက်တွေ ပိုက်ထွေးထားသော တက်သစ်စ လူငယ် များစွာလည်း ရှိကြ၏။ အခြား လူတန်းစား တစ်ရပ်မှာတော့ ခိုးကူးခွေများကို ဖြတ်သန်းကြီးပြင်း၍ ကြီးပွားချမ်းသာလာပြီး အဖွဲ့အစည်းများ၌ နေရာယူလာကြ၏။

တစ်ချိန်တည်း၌ ထိုပုဂ္ဂိုလ်များမှ ချက်ချင်း ကမ်ဘာ့အဆင့်မီနိုင်ငံ ဖြစ်ချင် ကုန်ကြ၏။ နိုင်ငံတကာမှ သူတို့ တစ်သက်လုံး ခိုးကူး၍ ပြန်လည် ထုတ်ေ၀ကြသော အနုပညာ၊ ရသ၊ နည်းပညာများကို မူပိုင်ယူဖို့ ပြောဆို လုပ်ဆောင်လာကြပြီး ခိုးကူးခွေ အရောင်းဆိုင်များကို ဖမ်းဆီးဖို့ ပိုမို အားထုတ်လာကြ၏။ ပြည်တွင်းဖြစ် ရုပ်ရှင်ကား အပျံစား တစ်ကားကိုတောင် ၀ယ်ယူဖို့ အရောင်းဆိုင်များ (မြန်မာခွေ အငှားဆိုင်ပဲ ရှိ၏) ရှာလို့ မရသေးသည့် ယနေ့လို အချိန်၊ ပြည်တော်ပြန် မြန်မာများ မြန်မာ ရုပ်ရှင်ကားဆိုတာ ဘာမှန်း မသိတော့သည့် အချိန်၊ ပြည်တွင်းဖြစ် ဆော့ဖ်၀ဲလ်တွေ Virus ကိုက်ခံနေရသည့် အချိန်၊ ဒီနေ့ ဒီအချန်အခါသမယ၌ နိုင်ငံတကာနှင့် ရင်ဘောင်တန်းဖို့ ကြိုးစားနေသည့် ခေတ်သစ် လူငယ်များအတွက် ရှိသင့်သည့် ခိုးကူးခွေများကို လွယ်ကူစွာ ၀ယ်ယူနိုင်ဖို့ မစီစဉ်ပေးတောင်၊ ဖမ်းဆီးမှုများကို မတင်းကြပ်သေးသင့်ကြောင်း၊ အစစ်အမှန် CD/DVDများကို ပြည်တွင်း၌ လူငယ်များ ၀ယ်ယူနိုင်မည့် သက်သာ ချောင်ချိသော ဈေးနှုန်းများဖြင့် ရောင်းချ၊ ငှားရမ်း အသုံးပြု ကြည့်ရှုနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့်လည်း ဆွေးနွေးသင့်ကြောင်း၊ ခိုးကူးခွေများကို အသုံးပြုနေသေးသော ဉာဏ်ကြီးရှင် အဖွဲ့အစည်းများမှလည်း ကိုယ်ကျိုးအတွက်ပဲ စဉ်းစားမနေပဲ ခေတ်မီသော နိုင်ငံတော်ကြီး တည်ဆောက်ဖို့အတွက် အဓိက အခန်းကဏ္႑၌ ရပ်တည်နေသော လူငယ်များအတွက် ဘယ်လို၊ ဘယ်နည်းဖြင့် ပညာ၊ ဗဟုသုတတွေ ရရှိစေနိုင်သည်ဆိုတာကိုသာ ယခုထက့် ပို၍ ကူညီ၊ လမ်းညွှန် ပြသသင့့််ကြောင်း တင်ပြလိုက်ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *