Interview

ဖက်ရှင်ဆိုရင် အသစ်ထွင်လေ့ရှိတဲ့ ဖြူဖြူကျော်သိန်း

ဆန်းပြားတဲ့ဖက်ရှင်ဒီဇိုင်း၊ မွေးရာပါအသံ ၊ မြူးကြွသွက်လက်ပြီး အများနဲ့မတူတဲ့ သူမရဲ့သီဆိုဟန်၊ ချစ်စဖွယ်အပြုံးတို့နဲ့ အနုပညာမိုးကောင်းကင်မှာ လတစ်စင်းလို လင်းလက်တောက်ပနေတာ ဖြူဖြူလို့အများက ချစ်စနိုးခေါ်ကြတဲ့ ဖြူဖြူကျော်သိန်း ပါ။ ဖြူဖြူ့ရဲ့ အောင်မြင်ကျော်ကြားမှုများ ကတော့ မြန်မာနိုင်ငံတွင် သာမက ပြည်ပ နိုင်ငံများသို့တိုင် ပျံ့နှံ့ရောက်ရှိနေပါတယ်၊ ဖြူဖြူ့ကို အားပေးတဲ့ပရိသတ်တွေက အများအပြားရှိနေပြီးတော့ ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေက ဝေဖန်ရှုံ့ချမှုမပြုဘူး၊ အပြစ်မတင်ဘူး ဆိုတာ ဖြူဖြူသည်းသည်းကွဲကွဲသိပါတယ်လို့ ဆိုလာပါတယ်။ ဖြူဖြူနဲ့ မေးမြန်းဖြစ်ခဲ့သမျှကို မြန်မာအိုင်စီတီဂျာနယ် ပရိသတ် အတွက် ေ၀မျှ တင်ဆက်ပေးလိုက်ပါရစေ။

အစ်မရဲ့ တစ်ကိုယ်တော်ကိုယ်ပိုင်သံစဉ်အခွေက ဒီနှစ်၂ဝ၁၂ထဲမှာ ထွက်မယ် လို့သိရပါတယ်၊ အဲဒါဘယ်တော့လောက် ပရိသတ်တွေ ရင်ထဲကို အရောက်ပို့ပေးမှာလဲ။
အင်း…ဟုတ်တယ် ဖြူဖြူ့ရဲ့လေးခွေမြောက် တစ်ကိုယ်တော် ပထမဆုံး ကိုယ်ပိုင်သံစဉ်ခွေကို Lazy Club နဲ့ လုပ်နေပါတယ်၊ အဲ့ဒီအခွေက အဆိုပိုင်းနဲ့ အတီး ပိုင်း ပြီးသွားပါပြီ၊ Mixing လည်းလုပ်နေတယ်ဆိုတော့ အခုဖြူဖြူ့ရဲ့ မွေးနေ့အမီထွက်နိုင်ဖို့ လုပ်နေပါတယ်။

၂ဝဝ၉ခုှစ်တုန်းက MRTV-4 ကနေ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တဲ့ Human Traffic လူကုန်ကူးမှုမှတ်တမ်းရုပ်ရှင်မှာ အစ်မပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဟုတ်ပါတယ်၊ ဖြူဖြူ့ကို မြန်မာနိုင်ငံဆိုင်ရာ လူကုန်ကူးမှုနဲ့ပတ်သတ်ပြီး ပထမသံတမန်အဖြစ်ရွေးချယ်ခဲ့ပါတယ်။ အခု ကိုအာဇာနည် ကို ဒုတိယ သံတမန် အဖြစ် ရွေးချယ်ထားပါတယ်၊ အရင်၂ဝဝ၉ကတော့ ဖြုဖြုပါဝင်ထားပါတယ်၊ အခု၂ဝ၁၂ခုနှစ် Enslaved MTV Exit အထူး အစီအစဉ်ဖြစ်တဲ့ လူကုန်ကူးမှုမှတ်တမ်း ရုပ်ရှင်နောက်ဆက်တွဲမှာ ဖြူဖြူ မပါပါဘူး၊ ဒီနှစ် အစီအစဉ်တင်ဆက်သူ အဖြစ် ကိုအာဇာနည်ပါပါတယ်။

အစ်မလျှောက်လှမ်းလာတဲ့ အနုပညာ ခရီးလမ်းတလျှောက်မှာ အမှတ်တရ အဖြစ်အပျက်များရှိရင် ပြောပြပေးပါ။
အမှတ်ရစရာတွေကတော့ အများကြီးပါပဲ။ ပေးဆပ်ခဲ့ရတာတွေ၊ နာကျည်းစရာတွေ ပျော်စရာတွေ၊ အများကြီးဆိုတော့ သိပ်ပြီး ကွဲကွဲပြားပြား မပြောတတ်ပါဘူး။

အဆိုတော်ကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် ဘယ်လိုကြိုးစား ရမလဲဆိုတာ ပြောပြပေးပါအစ်မ။
အဓိကအကျဆုံးပြောရရင်ဖြစ်ချင်တဲ့ စိတ်ပေါ့။ မဖြစ်ဖြစ်အောင်ကြိုးစားမယ် ဆိုတဲ့ စိတ်ကို ပြဋ္ဌာန်းပြီး ရည်မှန်းတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်အောင် ဇွဲရှိရှိကြိုးစားမယ် ဆိုရင် ဖြစ်ပါတယ်။

အစ်မ စင်ပေါ်မှာ သီချင်း ဆိုရင် Performance တွေက အရမ်း ကောင်းတယ်ရှင့်။ အဲဒီလို Performance တွေကို ဘယ်လို Idea ရပြီး လုပ်ဖြစ်ခဲ့တာလဲ ဆိုတာ ပြောပြပေးပါ။
အများနဲ့မတူအောင် ထူးထူးခြားခြားဖြစ်ချင်တဲ့စိတ်ကူးကြောင့် လုပ်ဖြစ်တာပါ။

အစ်မကို နည်းပညာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးပါရစေ။ နည်းပညာဟာ အနုပညာရှင် တစ်ယောက်အတွက် ဘယ်လောက်အထိ အရေးပါတယ်လို့ ထင်မြင် ပါသလဲ။
သိပ်ပြီး အရေးပါတာပေါ့နော်။ ခေတ်ကြီးက အရမ်းတိုးတက်နေပြီလေ။ နည်းပညာခေတ်ကြီးထဲမှာနေပြီး ခေတ်ရေစီးနဲ့မလိုက်ပါနိုင်ဘူးဆိုရင် ကိုယ်ကျန်ရစ်ခဲ့မှာပေါ့။ ဒါကြောင့် နည်းပညာဆိုတာ အနုပညာရှင်အတွက်မှ မဟုတ်ပါဘူး။ ဒီခေတ်ကြီးထဲ ရှင်သန်နေသူ မည်သူမဆိုအတွက် အရမ်းအရေးပါတယ်လို့ ပြောချင်ပါတယ်။

Twitter တို့ Facebook တို့ Linked In တို့လို Social Network တွေ အသုံးပြုဖြစ်ပါသလား။ သုံးဖြစ်တယ်ဆိုရင် သုံးဖြစ်ရတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။
သုံးဖြစ်ပါတယ်။ အမြဲမဟုတ်တောင် တစ်နေ့ကိုတစ်ကြိမ်လောက်တော့ အင်တာနက် ၀င်ဖြစ်ပါတယ်။ Facebook လည်း သုံးဖြစ်ပါတယ်။ အဲဒီမှာ မိတ်ဆွေတွေ တိုးတယ်လေ။ ဒါတွေက ကိုယ့်ပရိသတ်တွေပေါ့။

အစ်မရဲ့ Life Style နဲ့ သီဆိုမှုကို အားပေးကြတဲ့ ပရိသတ်တွေအများကြီးရှိသလို ဝေဖန်လာတဲ့ တချို့ပရိသတ်တွေလည်း ရှိတယ်ပေါ့နော်၊ အဲ့ဒီအပေါ် အစ်မရဲ့ ခံစားချက်လေး…..
ဒါကတော့လူအမျိုးမျိးစိတ်အထွေထွေပေါ့၊ ဝေဖန်တယ်ဆိုတဲ့နေရာမှာလည်းအမျိူးမျိူးရှိတာပေါ့နော်၊ဝေဖန် အကြံပေးတယ်ဆိုတာက ပရိသတ် လုပ်တာပါ၊ ဒါပေမယ့် ဝေဖန်ရှုံ့ချတယ်၊ ဝေဖန်အပြစ်တင်တယ်ဆိုတာမျိုးကတော့ ဒါ…ကိုယ့်ပရိသတ် မဟုတ်ပါဘူး၊ ကိုယ့်ပရိသတ်တွေက ကိုယ့်ကို ဘယ်တော့မှ ဝေဖန် အပြစ်မတင်ပါဘူး၊ ဝေဖန်မရှုံ့ချဘူး၊ ဒါပေမယ့် ဝေဖန်အကြံပေးပါတယ်၊ ပြီးတော့ မြန်မာစကားလုံးကိုက သည်းသည်းကွဲကွဲ ရှိပါတယ်၊ ဘယ်လိုမျိုးဝေဖန်တာလည်း ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်၊ သေချာတာကတော့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက ဝေဖန်ရှုံ့ချမှုမပြုဘူး၊ အပြစ်လည်းမတင်ဘူးဆိုတာကိုတော့ ဖြူဖြူ့ဘက်က သည်းသည်းကွဲကွဲ သိပါတယ်။

နောက်ဆုံးအနေနဲ့ အစ်မရဲ့ ပရိတ်သတ်ကြီးကို အိုင်စီတီဂျာနယ်ကတစ်ဆင့် ပြောပြချင်တဲ့ စကားလေးက။
ဖြူဖြူ့ကိုချစ်တဲ့ ပရိသတ်တွေအားလုံးကို ဖြူဖြူကကျေးဇူးတင်ပါတယ်၊ ပရိသတ်တွေအားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ။

ဟုတ်ကဲ့ အခုလိုအိုင်စီတီဂျာနယ်မှ သိချင်တာတွေကို ပြည့်ပြည့်စုံစုံဖြေကြားပေးသွားတဲ့ မဖြူဖြူကျော်သိန်းကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *