Interview

အင်တာနက်ဆိုတာ အရမ်းကောင်းတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးပဲလို့ ဆိုလာတဲ့ ကိုအရိုးနဲ့ တွေ့ဆုံသမျှ

အစ်ကို့ရဲ့ Profile အရင် မိတ်ဆက် ပေးလို့ ရမလား။
အစ်ကိုက 95 မှာ TTC ကနေ ဆယ်တန်း အောင်တယ်၊ 98 မှာ YIT တက်တယ်၊ နောက် အရေးအခင်းဖြစ်တော့ ဆက်မတက်ဖြစ်တော့ဘဲ အေ၀းသင်ပြောင်း လိုက်ပြီးတော့ အိနိ္ဒယမှာ Software ကို တောက်လျှောက် သွားသင်တယ်၊ ပြန်လာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ဖြစ်တယ်၊ နဂိုကတည်းက 96 လောက်မှာ သူငယ်ချင်းတွေစုပြီး သီချင်းရေးတာတွေ၊ ဆိုတာတွေ လုပ်ဖြစ်နေတာပေါ့၊ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ IT လောကကနေ ထွက်လိုက်တော့ ဒီအနုပညာဘက် ကို ဇောက်ချပြီးလုပ်ဖြစ်တယ်၊ အစ်ကိုက Microsoft စာမေးပွဲတွေကို တောက်လျှောက်ဖြေထားတာ။

အစ်ကိုရဲ့ အဓိကဝါသနာက ဘာများဖြစ်မလဲ။
အဓိက ဝါသနာက အနုပညာပါ၊ အဲဒါကြောင့်လည်း အိုင်တီကို ဆက်မလုပ်ဖြစ်တာပေါ့။

အနုပညာလောကကို ၀င်ရောက်ဖြစ်ခဲ့ပုံကို ပြောပြပေးလို့ရမလား။
ရတာပေါ့၊ အစ်ကိုနဲ့ အဲလက်စ် တစ်ကျောင်းတည်းလေ၊ အခန်းသာကွဲတာ၊ သူက အနုပညာလောကထဲကို ၀င်တာစောတယ်၊ အစ်ကိုတို့က ဝါသနာပါပြီး ဂစ်တာတွေ ဘာတွေသင်ကြ၊ ၀ိုင်းပြီး အခွေတွေဘာတွေထုတ်မယ်ဆိုပြီး လုပ်နေတဲ့အချိန်မှာ အဲလက်စ်က အဆိုတော်ဖြစ်သွားပြီ။ အဲဒီတော့ သူနှင့်ချိတ်ဆက်ပြီး ထုတ်လုပ် သူတွေကော၊ Player တွေပါ သိလာတယ်၊ အဲဒီလိုနဲ့ ၀င်ရောက်ဖြစ်ခဲ့တယ်။

အနုပညာခရီးလမ်းတလျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ ရှိရင်ပြောပြပေးပါ။
ခက်ခဲတာ အနုပညာမှာမှ မဟုတ်ပါဘူး၊ IT ဆိုလည်း IT လောကမှာ အောင်မြင်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်ဖို့ လွယ်လှတာမဟုတ်ဘူးလေ၊ အဲဒီလိုပဲ ဘယ်အရာ မဆိုအောင်မြင်ဖို့ အခက်အခဲတော့ရှိတာပဲ၊ ကိုယ်ကြိုးစားဖို့ပဲ လိုတာ၊ အဓိကကတော့ အတိတ်ကံပဲ၊ ကံပါတဲ့သူတွေ စန်းပါတဲ့သူတွေကျတော့ ပိုအောင်မြင်တာပေါ့၊ လူလည်း ပိုသိတယ်။

အစ်ကိုရဲ့ လက်ဦးဆရာတွေကိုပြောပြပေးလို့ရမလား။
ဂစ်တာသင်ပေး တာက ဆရာညီထွေးပါ၊ သူ့ဆီမှာ အစ်ကိုက အပျင်းကြီးပြီးတော့ Rhythm ပဲ သင်ဖြစ်တယ်၊ နောက်ပိုင်း ဆရာတွေအများကြီး ဖြစ်သွားတယ်၊ သူတို့ဆီကပဲ သွားမေးတယ်၊ သီချင်းရေးတဲ့ ဟန်မှာတော့ ဦးဘွဲ့မှူးတို့၊ ဦးကိုင်ဇာတို့၊ ဦးလွှမ်းမိုးတို့၊ ဦးထီးဆိုင်တို့လို လူမျိုးတွေဆီက သင်ယူရပါတယ်။

အရေးကနေ အဆိုဘက်ပိုင်း ပြောင်းဖြစ်ခဲ့ပုံကရော။
အစ်ကိုက ဆိုဖို့ အစီအစဉ်မရှိဘူး၊ ဒါပေမယ့် Album စီစဉ်တော့ သီချင်းတစ်ပုဒ်ချင်းစီနဲ့ လိုက်ဖက်မယ့် သူငယ်ချင်းအဆိုတော်တွေ ခေါ်ဆိုမလို့။ သူတို့က အကြောင်း အမျိုးမျိုးကြောင့် ခရီးလွန်နေတာနဲ့ဘာနဲ့ နောက်ဆုံးတော့မထူး တော့ပါဘူးဆိုပြီး ကို်ယ့်ဘာသာကိုယ်ပဲ ဆိုဖြစ်တော့တယ်၊ ‘လူလည်အာရှသား’ က အစ်ကိုရဲ့ ပထမဆုံး Album ဖြစ်တယ်။

ထူးထူးခြားခြား အမှတ်ရစရာ ပြောပြပါလား။
မှတ်မှတ်ရရတစ်ခုကတော့ Recording ပဲ၊ အရင်တုန်းကပေါ့၊ အခုတော့ အဲဒီ Studio ကြီးက မရှိတော့ဘူး၊ ဖြိုလိုက်ပြီ၊ Hi Star ဆိုတဲ့ Studio မှာ ရက် ၂၀ တိတိ နေ့ရောညပါ သီချင်းတစ်ပုဒ်ကို သွားသွင်းရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မီးပျက်လို့၊ အဲဒီတုန်းက အားလုံးကိုတပြိုင်နက်တည်း တီးရတာ၊ အခုလို ဖြတ်ဖြတ်ပြီး အသံဖမ်းလို့ရတဲ့ခေတ် မဟုတ်သေးဘူး၊ Computer ခေတ်မဟုတ်သေးဘူး၊ သီချင်းတွေတီးဖို့အတွက် မီးလာတုန်း ပစ္စည်းတွေ ဆင်ရတယ်၊ ပစ္စည်းတွေဆင်ပြီးရင် မီးပျက်သွားတယ်၊ ခဏနေ မီးပြန်လာတော့ စောင့်ကြည့်ဦးမယ်ဆိုပြီး စောင့်တော့ မီးကအကြာကြီးလာတယ်၊ အဲဒီလိုနဲ့ ရက် ၂၀ နီးပါးကြာခဲ့တယ်၊ အတိအကျပြောရရင် ၁၉ ရက်ခွဲ ပေါ့၊ နောက်ဆုံး ဒီသီချင်းကိုမသွင်းတော့ဘူးဆိုမှ မီးကပြန်လာတယ်၊ ဒီနေ့အထိလည်း အဲဒီသီချင်းက မသွင်း ဖြစ်တော့ဘူး။

အစ်ကို့ကို နည်းပညာနဲ့ ပတ်သက်ပြီး မေးပါရစေ။ နည်းပညာဟာ အနုပညာရှင်တစ်ယောက်အတွက် ဘယ်လောက်အထိ အရေးပါတယ်လို့ ထင်မြင်ပါသလဲ။
အခုခေတ်မှာ တော်တော်အရေးပါတယ်၊ ပါတယ်ဆို တာက Technology ရဲ့ လွှမ်းမိုးမှုဒဏ်တွေ၊ Technology လှိုင်းလုံးတွေကြောင့် အနုပညာက အခု အဓိကဖြစ်ပျက်နေတာက ခိုးကူး ခွေတွေဆိုတာ Technology ရဲ့ လှိုင်းလုံးရိုက်တာ ခံရတာပေါ့၊ နောက် အနုပညာဖန်တီးမှုပိုင်းမှာ ဆိုရင်လည်း အခု Hip Hop တွေဆိုရင် သူတို့အတွက် ကွန်ပျူတာက မတတ်မဖြစ်၊ Software တွေကို မသိလို့ မဖြစ်ဘူး၊ DJ တွေ ဘာတွေ အတွက်ဆိုရင်၊ အစ်ကိုတို့ Player တွေ၊ ဖန်တီးသူတွေ အတွက် ဆိုရင်လည်း Electronic နဲ့ ပတ်သက်တဲ့ Software တွေ သင်ကိုသင်ရတယ်၊ အရင်တုန်းကဆို ဂစ်တာတစ်လက် တီး တတ်ရင်ရတယ်၊ အခု မရတော့ ဘူး၊ နောက်ပိုင်းဆို ပိုတောင်ဆိုးဦးမယ်၊ Technology က နည်းနည်း တော့ လွှမ်းမိုးတာ ပေါ့နော်၊ ဒါပေမယ့် အနုပညာ ကိုတော့ Technology က ကျော်လို့ရမှာတော့ မဟုတ်ဘူး။

အနုပညာနဲ့ နည်းပညာပေါင်းစပ်မှုအပေါ်ရော အားရကျေနပ်မှုရှိပါသလား။
နည်းပညာပေါင်းစပ်တာ တချို့ဟာတွေအတွက် တော့ ကောင်းတယ်၊ တချို့ဟာတွေအတွက်တော့ မကောင်းဘူး၊ ဥပမာပြောရရင် တချို့ကောင်းတယ် ဆိုတာက အစ်ကိုတို့ Electro Music မှာလိုပေါ့၊ Drum Beat တွေမှာဆို လူမတီးနိုင်တဲ့ Beat တွေအထိကို လုပ်လို့ရတယ်၊ Technology နဲ့ ၊ အသံဆိုရင်လည်း လူလုပ်လို့မရတဲ့ Electronic အသံတွေကို ဖန်တီးလို့ရတယ်၊ ဒါပေမယ့် တစ်ချို့မှာ မကောင်းတာက ဘာရှိလဲ ဆိ်ုတော့ ရိုးရာတူရိယာပစ္စည်းတွေ ဆိုရင် ပြဿနာရှိလာရော၊ ပုလွေသံကို KB ကနေ ထုတ်လို့ရတဲ့အတွက် ပုလွေတကယ်မှုတ်တတ်တဲ့ ပညာရပ် ရှားသွားပြီ၊ ဒါပေမယ့် အသံအစစ်က မတူဘူး၊ စက်ထဲကထွက်လာတဲ့အသံက စက်သံ ပေါက်နေတယ်၊ ဂီတကိုတကယ်ခံစားတဲ့သူတွေအတွက်က ပြဿနာ ရှိတာပေါ့။

အင်တာနက်ဆိုတာကို အစ်ကိုအနေနဲ့ ဘယ်လို သုံးသပ်ချင်ပါသလဲ။
အင်တာနက်ဆိုတာ အရမ်းကောင်းတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးပဲ၊ အစ်ကိုက ဒီမှာအင်တာနက်ဆိုတာ မရှိခင်ကတည်းက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၂ နှစ်လောက် တကည်းက အင်တာနက်ကို စသုံးနေရပြီလေ၊ ကျောင်းက အင်တာနက်ကနေ Library ကို ရှာခိုင်းတယ်၊ သူများတွေ စာတမ်းဘယ်လိုရေးလဲဆိုတာ အဲဒီကနေ ရှာခိုင်းတယ်၊ Download တွေ ဆွဲခိုင်းတယ်၊ Software တွေကအစပေါ့၊ အဲဒီကတည်းက သုံးရတော့ ငါတို့နိုင်ငံမှာ သုံးရရင်ကောင်းမှာပဲ ဆိုပြီး တော်တော်လေး ကို တောင့်တဖူးတယ်၊ ဒါပေမယ့် အဲဒီအချိန်တုန်းက အင်တာနက်ဆိုတာ ဘာမှန်းမသိသေးဘူး၊ အခု ဒီနှစ်ပိုင်းလေးမှာမှ အရမ်းတိုးတက်လာတာ၊ အဓိ်ကက အင်တာနက်ဆိုတာ ကောင်းတာရော မကောင်းတာရော ရှိတာပေါ့၊ မကောင်းတာတော့ Chatting တွေ ဘာတွေထိုင်ပြီး အရည်မရ၊ အဖတ်မရ အတင်းပြောနေရင်တော့ အချိန်ကုန် သွားရော၊ ဒါပေမယ့် စာအုပ်တစ်အုပ်ရှာချင်ပြီဆိုရင် အရင်တုန်းက နိုင်ငံခြားစာအုပ်ဆိုရင် လှမ်းမှာရတယ်၊ အရမ်းလည်း အကုန်အကျများတယ်၊ အချိန်ကာလလည်း စောင့်ရတယ်၊ အခုဆိုရင် ကြိုက်တဲ့ Library ထဲ ၀င်လိုက်၊ Libraryအကြီးကြီး တွေတောင်မှ Request လုပ်လို့ ရတယ်၊ ကျွန်တော့်ကို Download လုပ်ခွင့် ပေးပါ ဆိုပြီးတော့၊ ဒါတောင် ဒီမှာ Banking မထွန်းကားသေးလို့၊ Banking ထွန်းကားလာရင် အင်တာနက်က ပိုလို့တောင် ကောင်းလာဦးမယ်၊ နောက်အစ်ကို ကြိုက်တာက အင်တာနက်က လူတွေ သိပ်လိမ်လို့ မရတော့ဘူး။

ဖုန်းတွေထဲမှာ ဘယ်လိုဖုန်း အမျိုးအစားကို အကြိုက်ဆုံးဆိုတာ ပြောပြပေးလို့ရမလား။ ဘာ့ကြောင့်ပါလဲ။
ဖုန်းကတော့ Samsung galaxy SII ပေါ့၊ Samsung ကဒီမှာ Network ပိုမိ သလိုပဲ၊ အစ်ကိုတို့က တိုက်ခန်းထဲမှာ နေတာလေ၊ အခြားBrand တွေကအထဲမှာ လိုင်းမမိဘူး။

Twitter တို့ Facebook တို့ Linked In တို့လို Social Network တွေ အသုံးပြုဖြစ်ပါသလား။ သုံးဖြစ်တယ်ဆိုရင်သုံးဖြစ်ရတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။
အဓိ်က အစ်ကို့အတွက် ကတော့ Old Information Share လုပ်တာပေါ့၊ သတင်းတစ်ခုခုထူးတာနဲ့ Facebook က တက်တယ်လေ၊ သတင်း ဖလှယ်မှုတော့ ရတာပေါ့၊ နောက်ပြီး သူငယ်ချင်း ဟောင်းတွေနဲ့ ပြန်တွေ့ရတယ်။

နည်းပညာရဲ့ ဆိုးကျိုး၊ ကောင်းကျိုးတွေကို အစ်ကို ထင်မြင်မိသလို ပြောပြပေးလို့ရမလား။
နည်းပညာရဲ့ကောင်းကျိုးကတော့ တစ်ကမ်ဘာလုံးမှာ တစ်နေရာက ဘာဖြစ်နေလဲဆိုတာ တစ်နေရာက သိနိုင်တယ်လေ၊ နောက်ပြီး လူနေမှု အဆင့်အတန်းတွေ ကောင်း လာတယ်၊ ပိုပြီးအဆင်ပြေလာတယ်၊ နည်းပညာက အထောက်အကူတော့ ပြုပါတယ်၊ အလွန်အကျွံဆိုရင်တော့ မကောင်းဘူး။

နောက်ဆုံးအနေနဲ့ အစ်ကိုရဲ့ ပရိတ်သတ်ကြီးကို ပြောပြချင်တဲ့ စကားလေးက။
စာများများဖတ်စေချင်တယ်၊ ပိုလေ့လာစေချင်တယ်။

အစ်ကို့ကို ဆက်သွယ်ချင်တယ် ဆိုရင် အမှတ် (၃၁)၊ (၆) လွှာ၊ ဗဟိုရ်လမ်း၊ ကျောက်မြောင်း၊ တာမွေပေါ့။

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့ ကိုအရိုးကို ညီမတို့ အိုင်စီတီဂျာနယ်ကနေ အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အနုပညာခရီးလမ်းတလျှောက်မှာ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *