Today Group of Companies၏ နှစ် ၂၀ပြည့် အထိမ်းအမှတ်အဖြစ် စီစဉ်ကျင်းပသည့် “မြန်မာ့အလှ” (Beauty of Myanmar) ဓာတ်ပုံပြိုင်ပွဲ အတွက် ယှဉ်ပြိုင်လိုသူများအနေဖြင့် ဓာတ်ပုံများ ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းဓာတ်ပုံပြိုင်ပွဲအတွက် ဓာတ်ပုံများ ပေးပို့ရာတွင် ရှုခင်းပုံများ၊ လူနေမှုဘ၀များ (ကျေးရွာ၊ မြို့ပြ)၊ ပွဲတော်များ၊ မြန်မာ့အနုပညာလက်ရာများနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ စသည်ဖြင့် ပေးပု့ိယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲ၀င် ဓာတ်ပုံအရေအတွက်ကိုလည်း ကန့်သတ်မထားကြောင်း သိရသည်။ နောက်ဆုံးပေးပို့ရမည့်ရက်မှာ ၂၀၁၃ခုနှစ် အောက်တိုဘာ ၂၁ရက်နေ့အထိ ဖြစ်သည်ဟု သိရသည်။
ပြိုင်ပွဲ၀င်ဓာတ်ပုံများ၏ နောက်ကျောဘက်တွင် အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တို့နှင့်အတူ ဓာတ်ပုံ ရိုက်ကူးထားသည့်နေရာနှင့် အကြောင်းအရာတို့ကို သီးခြားစာရွက်တစ်ရွက်ဖြင့် ပြည့်စုံစွာ ရေးသားပြီး သေချာကပ်ကာ ပေးပို့ရမည်ဟု သိရသည်။ ထို့ပြင် ပါ၀င်ယှဉ်ပြိုင်မည့်သူများသည် မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်သည်ဟု ဆိုသည်။
ပေးပို့လာသည့် ဓာတ်ပုံများကို ဦးဖေမြင့်ဦး (Hon-MPS, FMPS, ARPS)၊ ဦးမိုးမင်း (Consmic Ray)၊ ဦးထင်လင်း (Golden Arrow)၊ ဦးဂျွန်သက် (Asian Geographic)နှင့် Today Group of Companiesမှ ဒါရိုက်တာ အဖွဲ့၀င်တစ်ဦးတို့က အကဲဖြတ် အမှတ်ပေးရွေးချယ်သွားမည်ဟု သိရသည်။
ဆုရရှိသည့် ဓာတ်ပုံများကို အောက်တိုဘာ ၂၄ရက်တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ပေးအပ်မည့် ဆုများမှာ ပထမဆု ငွေကျပ် ၁၀သိန်း၊ ဒုတိယဆု ငွေကျပ် ခုနှစ်သိန်း၊ တတိယဆု ငွေကျပ်သုံးသိန်းနှင့် နှစ်သိမ့်ဆု ငါးဆုကို တစ်ဆုလျှင် ကျပ်တစ်သိန်းစီ ချီးမြှင့်မည်ဖြစ်ပြီး ဆုပေးပွဲကို ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်သည်ဟု ဆိုသည်။
ခု ရေမြုပ်တော့မယ်