ပြည်သူမှ ဆိုက်ဘာနှင့်ပတ်သက်သည့် မှုခင်းများအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွင် တိုင်ကြားနိုင်ပြီး ယင်းမှုခင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှုခင်းတပ်ဖွဲ့မှ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချူပ်မှ ဒုရဲမှူးကြီးထွန်းနေ၀င်းက ပြောသည်ဟု ဆိုသည်။
“Cyber Crimeနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှိလာပြီဆိုရင် မှုခင်းရဲတပ်ဖွဲ့ကနေ တည်ဆဲဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်း ပေးသွားမှာပါ။ ရဲအရေးပိုင်တဲ့ အမှုရှိတယ်။ ရဲအရေးမပိုင်တဲ့ အမှုရှိတယ်။ ဒါမျိုးတွေတော့ ကွဲပြားမှုရှိတယ်။ တိုင်ကြားမှုတွေ ရှိလာရင်တော့ ရဲလုပ်ငန်းအတိုင်း အရေးယူမှုတွေ ဆောင်ရွက်ပေးသွားမှာပါ”ဟု စက်တင်ဘာ ၁၆ရက်တွင် မိုက်ကရိုဆော့ဖ်မှ နည်းပညာ လုံခြုံရေးပိုင်း ဆွေးနွေးပွဲ၌ ၄င်းက ပြောကြားခြင်းဖြစ်သည်။
နည်းပညာပိုင်းအနေဖြင့် ကျွမ်းကျင်မှုရှိစေရန်အတွက် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာနနှင့် နိုင်ငံတကာမှ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး Cyber Securityနှင့် ပတ်သက်သည်များကိုလည်း လေ့လာသင်ယူထားကြောင်း သိရသည်။
“ဆိုက်ဘာ မူခင်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ကျွန်တော်တို့ ဌာနတစ်ခုတည်းနဲ့ မဖြစ်ပါဘူး။ လက်ရှိမှာလည်း ဆိုက်ဘာနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား တိုင်ကြားလာတာမျိုးတွေ မရှိသေးပါဘူး”ဟု ယင်းက ထပ်မံပြောကြားခဲ့သည်။
ဆိုက်ဘာမှုခင်းများကို ကိုင်တွယ်ဖြေရှင်းရာ၌ အခြားအဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချူပ်၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ Myanmar Computer Emergency Response Teamတို့နှင့် ပူးပေါင်းဖြေရှင်းရန် လိုအပ်ကြောင်း၊ ဆိုက်ဘာဥပဒေကို ပြဌာန်းနိုင်ရန် လက်ရှိ ဆက်သွယ်ရေးဥပဒေကို အခြေခံ၍ ပူးပေါင်းပါ၀င်ရေးဆွဲရန် လိုအပ်မည်ဖြစ်သည်ဟု ဆိုသည်။
ဤကိစ္စနှင့် ပတ်သက်၍ ဘလော့ဂါတစ်ဦးဖြစ်သူ ဦးနေဘုန်းလတ်က “နောက်ပိုင်းမှာ ဆိုက်ဘာကို အသုံးပြုပြီး အသရေဖျက်တာတွေ၊ မှုခင်းတွေ အများကြီး ပိုကြုံလာမှာပါ။ အဲဒီအတွက် Cyber Policeတွေ ထားရှိဖို့ လိုလာပါပြီ။ ဥပမာ ဒေါက်တာဆိတ်ဖွားကိစ္စမျိုးဆိုရင် ဆိုက်ဘာကနေတဆင့် ဖြစ်တာပါ။ ဒီလိုတွေ အများကြီးနောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။ မြန်မာနိုင်ငံမှာ နည်းပညာနဲ့ ပတ်သက်ပြီး နောက်ပိုင်း ကျယ်ပြန့်လာမှာဆိုတော့ မှုခင်းတွေကလည်း ပိုဖြစ်လာမှာ သေချာပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချူပ်အနေဖြင့် e-Government လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် G to C လုပ်ငန်းအနေနှင့် ဌာနချူပ်၏ ၀က်ဘ်ဆိုက်ဖြစ်သည့် Myanmar Policeforce.orgနှင့် ဖေ့ဘွတ်စ်စာမျက်နှာတွင် ရဲဇာနည်အမည်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာမှ စတင်၍ လွှင့်တင်ပေးခဲ့ပြီး ယင်း၀က်ဘ်ဆိုက်တွင် မှုခင်းသတင်းများ၊ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များ၊ ပြည်သူသို့ အသိပေး ကြေညာချက်များ၊ ဥပဒေ စာအုပ်များ ထားရှိပြီး ရဲလုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူတို့၏ နစ်နာချက်များအတွက် တိုင်ကြားနိုင်ကြောင်း သိရပါသည်။