News

ပျက်ကျခဲ့သော Asiana လေယာဉ်ခရီးသည်များ ဘိုးရင်းကို တရားစွဲ

Asiana

ပြီးခဲ့သည့် ဇူလိုင်လ ၆ရက်နေ့က ဆန်ဖရန်စ္စကို မြို့လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျခဲ့သည့် Asiana လေကြောင်းလိုင်း ဘိုးရင်း ၇၇၇ လေယာဉ် တွင် လိုက်ပါလာသော ခရီးသည် ၈၃ဦးက လျော်ကြေးရလိုကြောင်း၊ ဘိုးရင်း လေယာဉ် ကုမ္ပဏီကို တရားစွဲဆိုထားသည်ဟု ၎င်းတို့၏ ရှေ့နေများက ဇူလိုင်လ ၁၆ရက်နေ့တွင် ပြောကြားခဲ့ကြောင်း AFP သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ လေယာဉ် မတော်တဆမှု ဖြစ်ပွားသည့် အကြောင်းအရင်းကို သိရှိရန် အချိန်ကြာမြင့်ဦးမည် ဖြစ်သော်လည်း ချီကာဂိုမြို့ အခြေစိုက် ရစ်ဘက်ဥပဒေ အကျိုးဆောင်အဖွဲ့၏ ကနဦး အစီရင်ခံစာများအရ ယင်းလေယာဉ် အင်ဂျင်မှ အရှိန်ထိန်း ကိရိယာ ချို့ယွင်းမှုကြောင့် ဖြစ်သည်ဟု သိရသည်။ ၎င်းအပြင် လေယာဉ်၏ ကုန်တင်ကုန်ချ တံခါးပေါက် တပ်ဆင်ထားပုံမှာလည်း မှားယွင်းနေသောကြောင့် မတော်တဆမှု ဖြစ်ပွားချိန်တွင် ခရီးသည်များ အနေဖြင့် အဆိုပါ လမ်းကြောင်းမှ အလွယ်တကူ မထွက်နိုင်ခဲ့ပဲ ထိခိုက်ဒဏ်ရာရမှု ပိုမို များပြားခဲ့ခြင်း ဖြစ်ကြောင်း ရစ်ဘက်ဥပဒေ အကျိုးဆောင် အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုင်ခုံ ခါးပတ်ကြိုးများမှာလည်း လွယ်ကူစွာ မဖြုတ်နိုင်ဖြစ်နေသောကြောင့် ကယ်ဆယ်ရန် ရောက်ရှိလာသည့် ရဲများက လေယာဉ်အမှုထမ်းများကို ဓားများ ပေးကာ ခရီးသည်များ လွတ်မြောက်ရေးအတွက် ကူညီခဲ့ရကြောင်း သိရသည်။ တရားစွဲဆိုမှုကို ဘိုရင်းလေယာဉ် ကုမ္ပဏီ ရုံးချုပ်တည်ရှိရာ ချီကာဂိုမြို့တွင် ပြုလုပ်ထားကြောင်း သိရှိရသည်။

Asiana လေကြောင်းလိုင်းနှင့် ဘိုရင်းလေယာဉ် ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီများကိုလည်း တရားစွဲဆိုမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု ဥပဒေအကျိုးဆောင်အဖွဲ့က ကြေညာခဲ့သည်။ ရှန်ဟိုင်းမှ စတင် ထွက်ခွာလာသော ယင်းလေယာဉ်သည် ဆိုးလ်မှတစ်ဆင့် ဆန်ဖရန်စ္စကိုသို့ ပျံသန်းလာခြင်း ဖြစ်ပြီး လေယာဉ်ပြေးလမ်းသို့ ဆင်းသက်ခဲ့စဉ် အဆိုပါ လေယာဉ်၏ အမြီးပိုင်းက ပင်လယ်ရေတား နံရံတစ်ခုနှင့် တိုက်မိကာ မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူမှာ ယခုအချိန်တွင် သုံးဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
ကျောရိုးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခြေတစ်ဖက်ကျိုးသွားခဲ့သည့် ကျန်ယွမ်း ဆိုသူ အမျိုးသမီးက ယခုဖြစ်စဉ်တွင် ထိခိုက်ခဲ့သူများ အနေဖြင့် မိမိတို့၏ နစ်နာမှုများအတွက် အမြန်ဆုံး ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။ “လေယာဉ်မှာ တပ်ထားတဲ့ ကုန်တင်ကုန်ချ ဆင်ခြေလျှော အပေါက်က အရေးပေါ် ထွက်ပေါက်ကို သွားမယ့် လမ်းကြောင်းကို ပိတ်ထားသလို ဖြစ်နေပြီးတော့ မီးလောင်နေတဲ့ လေယာဉ်ထဲကနေ ထွက်လို့ မရခဲ့ဘူး”ဟု ဒဏ်ရာရရှိခဲ့သည့် ကျန်ယွမ်းက ဆက်လက် ပြောကြားခဲ့ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *