ဥရောပနိုင်ငံများရှိ အစိုးရများသည် အစိုးရ အသုံးစရိတ်များ လျော့ချဖြတ်တောက်သည့် မူဝါဒများကို ဆက်လက်ကျင့်သုံးပါက ၂၀၂၅ခုနှစ်သို့ အရောက်တွင် ဥရောပတိုက်ရှိ လူ ၂၅သန်းသည် ဆင်းရဲမွဲတေမှု ကြုံရနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး အေဂျင်စီ Oxfamက စက်တင်ဘာ ၁၁ရက်က သတိပေးခဲ့သည်ဟု သိရသည်။
လူမှုလုံခြုံရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္႑တို့တွင် အသုံးစရိတ် အလွန်အမင်း လျော့ချဖြတ်တောက်ခြင်း၊ အလုပ်သမားများအတွက် အခွင့်အရေးများ နည်းပါးခြင်း၊ အခွန်ကို မမျှမတ ကောက်ခံခြင်းတို့ကြောင့် ဥရောပနိုင်ငံများရှိ လူသန်းပေါင်းများစွာသည် မျိုးဆက်နှင့်ချီ၍ ကြာမြင့်နိုင်သော ဆင်းရဲမွဲတေခြင်း ၀ဲဂယက်သို့ ကျရောက်သွားနိုင်ပြီး ယင်းမူဝါဒများသည် ကိုယ်ကျင့်တရားနှင့် စီးပွားရေးဆိုင်ရာ အဓိပ္ပာယ်မဲ့သော လုပ်ရပ်များဖြစ်ကြောင်း Oxfamက သတိပေးခဲ့သည်။
ယင်းမူဝါဒများမှ အကျိုးအမြတ် ရရှိသူများမှာ ဥရောပရှိ ချမ်းသာကြွယ်၀သူ ၁၀ရာခိုင်နှုန်းသာဖြစ်ကြောင်း၊ ဂရိ၊ အိုင်ယာလန်၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်နှင့် ဗြိတိန်တို့က မူဝါဒများကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနေပြီး မူဝါဒမပြောင်းပါက ဆင်းရဲချမ်းသာ ကွာဟမှု ပိုမိုကျယ်ပြန့်လာကာ ဥရောပတွင် ဆင်းရဲမွဲတေသူ စုစုပေါင်း ၁၄၆သန်းအထိ မြင့်တက်လာနိုင်ကြောင်း Oxfarmက အသိပေးထားသည်။