News

မထသ၏ လုပ်အားယှဉ်ပြိုင်ဆုနှင့် လုပ်အားဆုအတွက် ကျပ်သိန်းတစ်ထောင်ကျော် သုံးမည်

မထသ (ရန်ကုန်တိုင်းဒေသကြီး)က ပြုလုပ်မည့် “လုပ်အားယှဉ်ပြိုင်ဆုနှင့် လုပ်အားဆုချီးမြှင့်ပွဲ”တွင် ကျပ်သိန်းတစ်ထောင်ကျော်ကို ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်း မထသ သယ်ယူပို့ဆောင်ရေး (မြို့တွင်း)၏ မြို့နယ် အလုပ်သမားအဖွဲ့အစည်း၏ တာ၀န်ရှိသူများထံမှ သိရသည်။

(၄၅)ကြိမ်မြောက် ပြုလုပ်မည့် “လုပ်အားယှဉ်ပြိုင်ဆုနှင့် လုပ်အားဆု ချီးမြှင့်ပွဲ”၌ သုံးစွဲမည့် ကျပ်သိန်းတစ်ထောင်ကျော်ကို ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အပါအ၀င် မထသ၀န်ထမ်းများအား ခွဲဝေချီးမြှင့်ပေးသွားမည်ဟု ဆိုသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မထသ စီမံမှုအောက်ရှိ ဌာနခွဲကိုးခုမှ ယာဉ်လိုင်းပေါင်း ၁၀၀လိုင်းရှိ ယာဉ်ပိုင်ရှင်များ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ဆုငွေကျပ်သိန်းတစ်ထောင်အား ဆုပေါင်း ၃၆၃ဆုဖြင့် ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ သတ်မှတ်ချက်များနှင့် ညီညွတ်သော ၀န်ထမ်းများကိုလည်း ယင်းတို့၏ လုပ်ငန်းတာ၀န် အဆင့်ဆင့်အလိုက် ခံစားခွင့် ရှိသည့်လစာငွေများကို အခြေခံ၍ ဆုငွေကျပ်သိန်း ၁၇၀ကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

“ကျပ်သိန်းတစ်ထောင်က ပိုင်၊ မောင်း၊ ရောင်းတွေကို ပေးမယ်။ သိန်း ၁၇၀ကတော့ မထသ၀န်ထမ်းတွေကို ပေးမယ်”ဟု မထသ သယ်ယူ ပို့ဆောင်ရး (မြို့တွင်း)၏ မြို့နယ် အလုပ်သမား အဖွဲ့အစည်း ဥက္ကဌဦး၀င်းဇော်က ပြောသည်။ အဆိုပါ ဆုများကို မထသ (ရန်ကုန်တိုင်း ဒေသကြီး)၏ စီမံမှုအောက်ရှိ ယာဉ်လိုင်းအသီးသီးမှ ယာဉ်ပိုင်ရှင်များ၊ ယာဉ်လုပ်သားများ မထသ ကော်မတီအဆင့်ဆင့်နှင့် ၀န်ထမ်းများအတွင်း ကောင်းမွန်သော အစဉ်အလာများ ပေါ်ထွန်းလာစေရန်၊ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းဘောင်အတွင်းမှ တရားမျှတသော လုပ်အား ယှဉ်ပြိုင်မှုများ တိုးတက်လာစေရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ ဆုပေးပွဲကို စက်တင်ဘာ ၂၇ရက်၊ နံနက် ၉နာရီတွင် မထသ (မြို့တွင်း) ရုံးချူပ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *