၂၀၁၄ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ အခွန်ကောက်ခံခြင်းနှင့် ရာဇ၀တ်ကြောင်းအရ အရေးယူခြင်းများ လုံး၀ပြုလုပ်မည် မဟုတ်ပဲ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် အခြေခံထားရမည့် လူဦးရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိရန်သာ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အချက်အလက် အမှန်များကိုသာ ဖြေဆိုကြရန် လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးခင်ရီက စက်တင်ဘာ ၁၅ရက်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြောကြားသည်ဟု သိရသည်။
ရုပ်မြင်သံကြား ဘယ်နှစ်လုံးရှိလို့ ဆိုင်ကယ်ဘယ်နှစ်စီးရှိလို့ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က အခွန်ကောက်မှာ မဟုတ်ပါဘူး။ မေးခွန်းနံပတ် (၄၀)မှာပါတဲ့ အိမ်ထောင်စု၀င်တွေထဲက နိုင်ငံခြား ရောက်ရှိနေတဲ့ အရေအတွက် ဆိုပါတော့။ ကျွန်တော်တို့သိချင်တာက ဘယ်နိုင်ငံမှာ မြန်မာဘယ်နှစ်ယောက် ရှိတယ်ဆိုတာပဲ သိချင်တာ ဖြစ်တယ်။ အပေါ်လမ်းက သွားလား၊ အောက်လမ်းက သွားလား။ စစ်မှာမဟုတ်သလို အရေးယူမှာလည်း မဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန်ပဲ ဖြေစေချင်ပါတယ်”ဟု ၀န်ကြီးကပြောသည်။
သန်းခေါင်းစာရင်း ကောက်ယူရာမှ ရရှိလာသော အချက်အလက်များအား သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စမှတစ်ပါး အခြားမည်သည့် ကိစ္စအတွက်မျှ အသုံးပြုခြင်း၊ စစ်ဆေးခြင်း မလုပ်ပဲ လျှို့၀ှက် ပေးထားမည်ဖြစ်ပြီး ဥပဒေကြောင်းအရလည်း အကာအကွယ် ပေးထားကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် မေးခွန်းများအား မှန်ကန်စွာ ဖြေဆိုရန် လိုအပ်ပြီး မမှန်မကန် ဖြေဆိုပါက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် လွဲချော်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။
“ထိုင်းက စက်ရုံတစ်ရုံမှာ အိမ်ထောင်စု၀င်တစ်ဦးက အလုပ်သွားလုပ်နေတယ် ဆိုပါတော့။ သူက ဘာကြောင့် သွားလုပ်နေတာလဲ။ ငွေရေးကြေးရေး ကြောင့်လား။ အလုပ်အကိုင် အခွင့်အလမ်းကြောင့်လား။ ဒီအချက်အလက်ကို ရခြင်းအားဖြင့် ကျွန်တော်တို့ဆီမှာ ဒီလိုစက်ရုံမျိုး မဆောက်ပေးနိုင်ဘူးလား။ ဒီလို လခမျိုးရအောင် မဆောင်ရွက်ပေးနိုင်ဘူးလား ဆိုတာတွေကို ပြန်ပြီး ချိန်ထိုးနိုင်မှာပါ”ဟု သန်းခေါင်စားရင်း ကောက်ယူရခြင်း၏ ရည်ရွယ်ချက် တစ်စိတ်တစ်ဒေသကို ရှင်းပြသည်။
၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ၂၀၁၄ခုနှစ်၊ မတ်လ ၂၉ရက် ညဥ့်သန်းခေါင်ယံကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို တစ်ပြိုင်နက်တည်း စတင် ကောက်ယူသွားမည်ဖြစ်ပြီး မတ် ၃၀ရက်မှ ဧပြီ ၁၀ရက်အတွင်း ၁၂ရက်ကြာ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စု စာရင်းပုံစံ ၆၆/၆ သို့မဟုတ် ပုံစံ၁၀ရှိခြင်း မရှိခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ရှိခြင်း မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ အလားတူ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်း၊ နိုင်ငံသား ဖြစ်ခြင်း မဖြစ်ခြင်းနှင့်လည်း မသက်ဆိုင်ပဲ သန်းခေါင်စာရင်း ရည်ညွန်းချိန်အတွင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရှိနေသူအားလုံးကို စာရင်းကောက်ယူခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် နေအိမ်သို့ စာရင်းလာကောက်မည့် နေ့ရက်ကို ကြိုတင် အကြောင်းကြားမည်ဖြစ်ပြီး စာရင်းကောက်ယူ သူများက နံနက် ၇နာရီမှ ညနေ ၆နာရီအတွင်း နေအိမ်သို့ လာရောက်၍ စာရင်းကောက်ယူမည်ဖြစ်ရာ ယင်းသို့ ကောက်ယူရာတွင် ဖြေဆိုရမည့် မေးခွန်း (၄၁)ခုအား ပြည်သူများက မှန်ကန်စွာ ဖြေကြားပေးရန် လိုအပ်ကြောင်း သိရပါသည်။
ဒီလိုပြောရင် တော့ သေချာ နေပြီ…