Health, Opinion

အသက်ချင်းတော့ မလဲလို

“လွင်မိုး မြေွှကိုက်ခံရလို့ဟေ့”
ဟေး …ဘာ…ဘာ…လွင်မိုး ပိုးထိလို့
“မြေွရအောင် ရှာ ဘယ်နားမှာလဲ ကိုကြီးမင်းရော တွေ့လိုက်လား အကောင်ကို”
အချိန်က ညအချိန် ၈း၀၀နာရီ၊ မြို့ပေါ်၌ ၈း၀၀နာရီဆိုသော အချိန်သည် လခစား ကုမ္ပဏီ၀န်ထမ်းများ၊ အလုပ်သမားများ အိမ်ပြန်ရန် လိုင်းကားစောင့်နေရသော အချိန်ပင် ဖြစ်လင့်ကစား တောအရပ်၌မူ ရွာလုံးကျွတ် အမှောင်အတိဖြစ်နေပြီး ကိုယ်စီကိုယ်ငှ အိပ်ရာ၀င် အနားယူနေကြပြီ ဖြစ်သည်။ နေရာက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း၊ သင်ပုန်းကျောက် အများအပြား ထွက်ရှိခဲ့ဖူး၍ ကျောက်သင်ပုန်း လုပ်ငန်းဖြင့် တစ်ချိန်တစ်ခါက ရွာလုံးကျွတ်မျှ အသက်မွေးခဲ့ကြသော ရွာဆိုလျှင်လည်း မမှား… “ကညှော်ရွာ”

မိဘများ အိပ်ရာ၀င်ပြီးမှ ဖားရှာထွက်ခဲ့ကြသော ညီအစ်ကိုနှစ်ဦး၊ အကြောင်းက မွေးထားသော ကြက်မလေး “မိဇာ” အတွက်။ နေရာက အိမ်နှင့်လည်း ေ၀းလှသည် မဟုတ်။ မြေနီလမ်းစပ်တစ်လျှောက် Charging အားသွင်းဓာတ်မီးတစ်လက်နှင့် ထွက်ခဲ့ခြင်းတည်း။ “အား”ပူကနဲ ဖြစ်သွားသည့် ဘယ်ဘက်ခြေမျက်စေ့။ တစ်ပြိုင်နက် ခြေဖဝါးဘေးမှ အေးစက်ချောမြေွ့သော အရာတစ်ခုက ပွတ်၍ လျောဆင်းသွားသည်။ သိလိုက်ပြီ။

“ကိုကြီး ငါ့ကို ဘာကောင်ကိုက်လဲ မသိ၊ မြေွထင်တယ်”
ဓာတ်မီးနှင့်အမြန် ထိုးကြည့်တော့ ခြေရာသာ တွေ့လိုက်ရသည်။ မြေွှမှာ ခြေမရှိသော်ငြား မြက်လျောရာတော့ တွေ့လိုက်ရသည်။

ငါးမိနစ်ဆိုသော အချိန်တိုလေးအတွင်း ကိုကြီးကျော်မိုးက ပါလာသော မျက်နှာသုတ်ပုဝါဖြင့် ခြေသလုံးကို စီးပေးသည်။ ဆယ်မိနစ်ခန့်အကြာတွင် လူကြီးများ ရောက်လာကြပြီး နာရီ၀က် အချိန်တွင် ကညှော်တိုက်နယ် ဆေးရုံ ရောက်ခဲ့သည်။ တိုက်နယ်ဆရာ၀န်မှ လိုအပ်သည်များကို မေးမြန်းစစ်ဆေး စမ်းသပ်ပြီး “အဆိပ်ရှိတဲ့ မြေွ အကိုက်ခံရတာ ဖြစ်ဖို့များတယ်”

အသက်ရှု ပုံမမှန်တာ လေးလံထိုင်းမှိုင်း ငိုက်မျဉ်းတာတော့ မဖြစ်သေးဘူး။ သွေးခဲနှုန်း လျော့မလျော့တော့ အခု သွေးဖောက်ကြည့်မယ်။ အဆင့်မြင့် ဓာတ်ခွဲစမ်းသပ်ရေး ကိရိယာများ၊ စက်ကြီးများ မရှိသော်ငြား ကျွမ်းကျင်ထက်မြက်သော ဆရာ၀န်လေးက ဖန်ပြွန် ဆေးထိုးအပ်တွင်းသို့ သွေးစုပ်၍ စစ်ဆေးကြည့်သည်။ ထင်သည့်အတိုင်းပင် Non-Clotted သွေးမခဲပါ။ Viper မြေွပွေး အုပ်စု၀င် တစ်ကောင်ကောင် ကိုက်ခြင်းဖြစ်သည်။

မြေွကိုက်ခံရသော လူနာရော ဆရာ၀န်ပါ ကောင်းသည်ဆိုရမည့် ASV (Anti Snake Venom) အဆင်သင့်ရှိ၍ ထိုးပေးနိုင်သည်။ လူနာကို အနီးကပ် စောင့်ကြည့်ပေးကြသည်။ သွေးခဲနှုန်း ပြန်စစ်သည်။ မကောင်းသေး။ ASV နောက်တစ်ကြိမ် ထပ်ထိုးသည်။ လူနာရှင်တို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာကြသည်။ လွန်ခဲ့သော လကပင် ရွာမှ ကလေးတစ်ဦး ပိုးထိပြီး ဆုံးပါးခဲ့သည် မဟုတ်လော။ ကွာခြားချက်တော့ ရှိသည်။ ထိုကလေးမှာ ဆေးရုံမရောက်ခဲ့။ မြေွနိုင်ဆရာနှင့် ကုရင်း ဇီ၀ိန်ချူပ်ခဲ့ရခြင်းတည်း။ ထို့ကြောင့်လည်း မြေွကိုက်ခံရသည် ကြားကတည်းက လွင်မိုးအဖေ ဦးသံဒိုင်က ဆေးရုံပို့ရန် ဆုံးဖြတ်ခဲ့ခြင်းတည်း။

“ကလေးအခြေအနေက တိုးတက်မှု မပြဘူး။ မနက်ကျရင်တော့ မော်လမြိုင် ဆေးရုံကို လွှဲပေးရတော့မယ်” အနီးက ကုသပေးနေသော ဆရာ၀န်လေးက ဆိုသည်။ ဆရာ၀န်သည်လည်း လူနာဇော၊ မိဘများသည်လည်း သားဇောဖြင့် အချိန်ကုန်၍ ကုန်မှန်းမသိ။ အရုဏ်တက် အုန်းမောင်းတောင် ခေါက်ချေပြီ။ “သားညီ မော်လမြိုင်တက်ဖို့ စက်လှေစီစဉ်ပေးကွာ”

ချောင်းဆုံမှ မော်လမြိုင် လူနာပို့ဖို့ အဆင်ပြေဆုံးသည်ကား Ambulance car မဟုတ် Ambulance Boat ဟုခေါ်ရမည်လော။ ဦးသံနိုင်၊ ဒေါ်ငယ်မသား ကျော်မိုးလွင်မိုးတို့သည် လူချစ်လူခင် ပေါသော မိသားစုတည်း။ လယ်စိုက်ချိန် လယ်စိုက်၊ နားချိန်တွင် ရံဖန်ရံခါ တစ်ဖက်ကမ်းကူး၍ ကြုံရာကျပန်း အလုပ်လုပ်သော ဦးသံနိုင်သည်ကား ပုပုပြတ်ပြတ် နှုတ်ခမ်းမွေှးနှင့် လူရိုးလူအ မွန်လူမျိုး။ “ဆရာတို့ ကောင်းသလို ကုပေးပါ”

“သားငယ် ဖေကြီး မင်းကို နေကောင်းအောင် ကုပေးမယ် ဘာမှမပူနဲ့” ဆိုသည်မှတပါး သားဖြစ်သူကို မြည်တွန်တောက်တီး ဆူပူခြင်း အလျဉ်းမရှိ။ မျက်လုံး အပြူးသား၊ စိုးရိမ်စိတ်ကြီးစွာဖြင့် လိုက်ကြည့်နေသူကား (၇)နှစ်အရွယ် ကျောင်းသားကလေး (သို့မဟုတ်) အဓိက ဇာတ်ကောင်မောင်လွင်မိုး။

“ကလေးက သွေးပေါင်မကောင်းဘူး။ အကြောရှာရခက်နေပြီ”
မှန်ပါသည်။ ဆရာမ လေးဦးပြောင်းပြီး အချက် ၂၀မျှ ၀ိုင်းထိုးကြသော်လည်း အချည်နှီး။ စစ်တိုက်ရာ၌ လက်ဖြောင့်စစ်သား ရှိသကဲ့သို့ သွေးကြောသွင်းရာ၌လည်း လက်ဖြောင့်ဆရာမ ရှိသည်။ “ဆရာမမေရီနဲ့ မသက်ကို ခေါ်ပေးပါ” လက်ဖြောင့်ဆရာမများပင် (၅)ချက် ထိုးနေသေးသည်။ “ကလေးက မြေွဆိပ်ကြောင့် ကျောက်ကပ် ထိခိုက်သွားတယ်။ ဒီတော့ ရန်ကုန်တက်ပြီး ကျောက်ကပ်ဆေးသင့်တယ်”

သားခြေမျက်စေး မြေွကိုက်တာ ငါ့နဖူးထိပ် မြေွှတက်ပေါက်သလို ထပ်ဖြစ်ပြီး ရန်ကုန်သွားရမယ်တဲ့… ဦးသံနိုင်တစ်ယောက် ရင်ထဲစို့သွားသည်။ ရန်ကုန်သွားဖို့ ငွေအဆင်သင့်မရှိ။ ဤသို့ဖြစ်မည်လည်း ကြိုတင်မသိ၍ ရှာဖွေမလာနိုင်ခဲ့။ သို့သော် “သားရယ် ဖေကြီး ပိုက်ဆံမရှိသေးလို့ ရန်ကုန်မသွားကုပါနဲ့ဦး”ဟုလည်း အဖြစ်မခံနိုင်။ “ကျွန်တော့ကို အချိန်တစ်နာရီလောက် ပေးပါ။ ကျွန်တော် စီစဉ်စရာ ရှိတာတွေ စီစဉ်ချင်လို့”ဟု ခွင့်တောင်းပြီး ပိုက်ဆံချေးငှားရတော့သည်။

“ငွေ ၆သိန်းတော့ လောလောဆယ် ရခဲ့တယ်”
“ရန်ကုန်သွားဖို့ကားက” အနီးအနားရှိ မိတ်ဆွေတစ်ဦးက စုံစမ်းကြည့်ပေးသည် “တစ်သိန်းခွဲတဲ့”
ကားခက မသေး၊ သို့ဆိုလျှင် ၄သိန်းခွဲနှင့် ရန်ကုန်စရိတ်က လောက်မည်လော။
“အဖေတို့ ရန်ကုန်ကားအတွက် ဆရာမစေတနာရှင် ကျန်းမာရေးကူညီ စောင့်ရှောက်မှုအသင်းနဲ့ ဆက်သွယ်ပေးမယ်။ အဆိုးထဲမှ အကောင်း။ နတ်သိကြားတို့ မစတာပဲ။

စနစ်ကောင်းလျှင် တိုင်းပြည် တိုးတက်မည်ဆိုသကဲ့သို့ပင် တစ်တိုင်းပြည်လုံးတွင် ကျန်းမာရေး ကူညီမှုအသင်းများ တည်ထောင်နေသည်သာ ကြားဖူးသည်။ သူတို့မည်မျှ ကူညီသည်ဟု မသိခဲ့။ ကျေးဇူးမတင်လျှင် မနေနိုင်တော့။

“ကျွန်တော်တို့ အသင်းအနေနဲ့ တတ်နိုင်သလောက် ကူညီရမယ်ဆိုလျှင် ရန်ကုန်အထ် အခမဲ့ ပို့ဆောင်ပေးပါ့မယ်။ ဒီပြင် သုံးစွဲဖို့ ငွေငါးသောင်းပါ လှူပါ့မယ်” ရင်ထဲစို့နင်သွားသကဲ့သို့ မျက်ရည်များပင် လည်လာမိသူမှာ ဦးသံနိုင်။ ၀မ်းသာလွန်း၍ ကျေးဇူးတင်ကြောင်း မည်သို့ ပြောရမည်မသိ။

Ambulance၏ ဥသြဆွဲသံက လမ်းပေါ်ရှိ ကားများကို ဖယ်ရှားရန် သတိပေးနေသည်။ “သားကြီး ဘာမှမကြောက်နဲ့ ဖေကြီးတို့ ညကျရင် ရန်ကုန်ရောက်ပြီ” “သားလေး ဒီအောက်ဆီဂျင် ရှုထားနော်” လူနာတင်ယာဉ်နှင့်အတူ ပါလာသော စေတနာ့၀န်ထမ်း သူနာပြုဆရာမလည်း အရန်သင့်၊ အောက်ဆီဂျင်နှင့် အသက်ကယ်ဆေးများလည်း အစုံအလင်။ Air-con ဖွင့်ထားသော်လည်း အလုံပိတ်နေသော လူနာတင်ကား၏ မွန်းကြပ်မှုသည် လူနာနှင့် မိသားစုအတွက် ရင်ဘတ်ပေါ်၌ ၁၀ပိဿ အလေးတင်ထားသည့်နှယ်။ ဤကားပေါ်မှ ပြေးဆင်း၍ မြေပြင်ပေါ်သို့ ပြေးလွှားလိုက်ချင်သူက မောင်လွင်မိုး၊ သို့သော် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့။ တစ်ကိုယ်လုံး လေးလံနေသလို မူးမော်၍ ပျို့အန်ချင်နေပြီး မောလည်းမောနေပြီ။ အဖျားတက်လာပြီး ခြေထောက်ကြီး တစ်ခုလုံး ယောင်ယမ်းနေချေပြီ။

မျက်နှာအမ်စ ပြုကာ ဆီးသွားနည်းလာပြီ။ ညက တစ်စတစ်စ မှောင်ရီပျိုးလာပြီ။ ထိုအတူ မောင်လွင်မိုး၏ အမြင်အာရုံတို့သည်လည်း မှောင်အတိ ဖုံးလွှမ်း သွားခဲ့ပြီ။ ည ၉နာရီ…

“သားကြီး သတိထားဦး သားကြီး”
အော်သာခေါ်သည် ပြန်မထူး။ အဆိုးထဲမှ ကံကောင်းသည် ပြောရမလားပင်။ ရန်ကုန် ကလေးဆေးရုံကြီး အရေးပေါ် ဌာနသို့ ရောက်ချေပြီ။ “Snake Bite Viper Bite တဲ့ဟေ့” မောင်လွင်မိုး သတိရလေတော့ ဘယ်လက်မှာ ပိုက်တစ်ချောင်း၊ ညာလက်မှာ ပိုက်တစ်ချောင်း ပတ်တီးဖြူ စီးထားသော ခြေထောက်တစ်ချောင်း၊ ရင်ဘတ်ပေါ်တွင် ဓာတ်ကြိုးများ ကပ်ထားသလို လက်ထိပ်တွင်လည်း တစ်စုံတစ်ခုကို ညှပ်ထားသည်။ ခံရအခက်ဆုံးကတော့ နှာခေါင်းအတွင်း ထည့်ထားသော ပိုက်တစ်ချောင်းနှင့် ငယ်ပါတွင် ထိုးသွင်းတပ်ထားသော ပိုက်တစ်ချောင်း။

“တီ တီ တီ….တီ တီ” ဟူသော အသံများက တစ်စက္ကန့်နဲ့ တစ်ခါမျှ ကြားရ၍ နားညည်းလာပြီ။ “ကလေးကို ကျောက်ကပ်ဆေးဖို့ ဗိုက်မှာ ပိုက်တစ်ချောင်း ထည့်ရမယ်” “ထည့်တဲ့အတွက် အကျိုးရှိသလို အဆိုးတစ်ချို့လည်း ရှိနိုင်တယ်။ တာ၀န်ခံ ဆရာမက ရှင်းပြပေးလိမ့်မယ်။ အဖေတို့ သဘောတူရင် စလုပ်မယ်”

ဒီလိုနဲ့ ပိုက်ပေါင်းများစွာနဲ့ မောင်လွင်မိုးတစ်ယောက် အထူးကြပ်မတ်ဆောင်မှာ ဆယ်ရက်ကျော် ကြာခဲ့ပြီ။ မတိုးတက်၍ နောက်တစ်ဆင့်မြှင့်ကာ သွေးလှည့်ပြီး ကျောက်ကပ်ဆေးရဦးမည်တဲ့။ အချိန်ကာလ တစ်လကျော်ကြာလာပြီဖြစ်၍ ဆရာ၀န်၊ ဆရာမများက ချစ်လာကြသည်။ အရုပ်၀ယ်ပေးသူ ၀ယ်ပေး၊ အစား ၀ယ်ကျေွးသူ ၀ယ်ကျေွးနှင့်။ အားလုံး စနောက်မေးသော မေးခွန်းတစ်ခုရှိသည်။ “နောင်ကို ဖားလိုက်ဖမ်းဦးမလား” သူ့အသက်နှင့် ကိုယ့်အသက် ဘယ်သူလဲနိုင်အံ့နည်း။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *