အမေရိကန် ဒေါ်လာ ၁၀၀တန် ငွေစက္ကူအသစ်များ ထွက်ပေါ်လာသော်လည်း ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်တွင် ပြောင်းလဲမှုမရှိနိုင်ကြောင်း ပြင်ပဈေးကွက်မှ ဒေါ်လာရောင်းဝယ်သူများက ပြောသည်ဟု သိရသည်။ အမေရိကန်ဒေါ်လာ ၁၀၀တန် ငွေစက္ကူများကို အတုပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးစနစ်အသစ်များဖြင့် ငွေစက္ကူပုံစံအသစ်ကို အမေရိကန်နိုင်ငံ၌ အောက်တိုဘာ ၈ရက်က စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဒေါ်လာ ၁၀၀တန် ငွေစက္ကူအသစ်များ ပေါ်ထွက်လာသော်လည်း ယခင်ကျန်ရှိနေသော ငွေစက္ကူများက ဆက်လက်လည်ပတ်နေမည် ဖြစ်ပြီး ပြည်တွင်းငွေဈေးကွက်၌ ပြောင်းလဲမှု ဖြစ်ပေါ်မလာနိုင်ကြောင်း သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။ ပြင်ပဒေါ်လာဈေးကွက်မှ ဒေါ်လာရောင်းဝယ်သူ ကိုစိုးဝင်းက “ဒေါ်လာ တစ်ရာတန် အသစ်ပေါ်လာတယ်ဆိုပေမယ့် လက်ကျန်ငွေအဟောင်းတွေက ဆက်လည်ပတ်နေဦးမှာပဲလေ။ အဟောင်းတွေနေရာကို တဖြည်းဖြည်းနဲ့ အစားထိုးဝင်လာမှာကြောင့် ထူးထူးခြားခြား ပြောင်းလဲလာမှာတော့ မဟုတ်ပါဘူး”ဟု ပြောသည်။
ထို့အပြင် ဒေါ်လာဈေးနှုန်းအတက်အကျသည် ဝယ်လိုအား ရောင်းလိုအား မမျှတမှုအပေါ်တွင် ပြောင်းလဲမှုအများဆုံးဖြစ်၍ ငွေစက္ကူအသစ် ပေါ်လာခြင်းက ထူးခြားစွာ ပြောင်းလဲမှု မရှိနိုင်ခြင်း ဖြစ်ကြောင်း ပြင်ပမှ ဒေါ်လာရောင်းဝယ်သူများထံမှ သိရသည်။ ပြင်ပမှ ဒေါ်လာရောင်းဝယ်သူ ဦးတိုးက “ဒေါ်လာဈေးပြောင်းနေတာ များသောအားဖြင့် ဝယ်လိုအား ရောင်းလိုအားကြောင့် ဖြစ်တာဆိုတော့ အခုလိုငွေစက္ကူအသစ် ပေါ်လာတာကြောင့်တော့ ဈေးကွက်ထိခိုက်မယ် မထင်ဘူး”ဟု ပြောသည်။ ၎င်းကပင် “ဒီငွေစက္ကူအသစ်တွေ ရောက်လာတဲ့အချိန်မှာတော့ ဗဟိုဘဏ်က ဈေးဘယ်လို သတ်မှတ်မလဲဆိုတာ တစ်ချက်ကြည့်ရမယ်”ဟု ဆက်လက်ပြောသည်။
အမေရိကန်ဒေါ်လာ ၁၀၀တန် ငွေစက္ကူအသစ်များကို ၃ဒသမ ၅ဘီလျံဖိုး ရိုက်နှိပ်ထားပြီး အောက်တိုဘာ ၈ရက်တွင် စတင်ဖြန့်ချီခဲ့ခြင်း ဖြစ်ကာ ယင်းဒေါ်လာ ၁၀၀တန် အသစ်များကြောင့် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်သည့် ဈေးကွက်တွင် ပြောင်းလဲနိုင်ခြင်း မရှိကြောင်း ဒေါ်လာရောင်းဝယ်သူများက ပြောခြင်း ဖြစ်သည်။