News

အင်တာနက် ရန်သူစာရင်းတွင် မြန်မာက တတိယနေရာမှာ ရှိ

ပြင်သစ်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် နယ်စည်းမထား သတင်းထောက်များ အဖွဲ့မှ ထုတ်ပြန်သော အင်တာနက် ရန်သူနိုင်ငံများ စာရင်း (Enemies of Internet-2012)တွင် မြန်မာနိုင်ငံသည် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့် နိုင်ငံများနှင့်အတူ ပါဝင်နေကြောင်း ၎င်းတို့၏ စာရင်းအရ သိရသည်။

အဆိုပါ အင်တာနက် ရန်သူစာရင်းတွင် ထိပ်ဆုံးမှ ရှိနေသူမှာ ဘာရိန်းနှင့် ဘီလာရုစ်တို့ဖြစ်ပြီး မြန်မာနိုင်ငံက တတိယနေရာမှ လိုက်နေခြင်း ဖြစ်သည်။ “ဝက်ဘ်ဆိုက် ပိတ်တာမျိုးတွေ မရှိတော့တာ ကြာပါပြီ။ နောက်ပြီး အင်တာနက် ဆားဗစ်တွေ သုံးလို့ ရနိုင်ဖို့အတွက် လိုအပ်တဲ့ Portတွေကို ပိတ်ဆို့ထားတာမျိုးတွေ မရှိတော့တာလည်း ကြာပြီ။ ကျွန်တော်တို့က ဆင်ဆာကဏ္ဍကနေ ကြည့်မယ်ဆိုရင်တော့ ဒါမျိုးတွေ မရှိတော့တဲ့အတွက်ကြောင့် လွတ်လပ်ခွင့် ရပြီလို့ ပြောနိုင်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့်ဆိုတာ အင်တာနက် ဆက်သွယ်ရေးကို လူတိုင်းသက်သက်သာသာနဲ့ သုံးနိုင်ရမယ်ဆိုတဲ့ အချက်နဲ့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လိုအပ်ချက် ရှိနေပါတယ်”ဟု Fairway Webမှ Project Manager ကိုအိမောင်က ပြောကြားသည်။

ဆက်လက်၍ “လူတိုင်း အင်တာနက်ကို ဈေးသက်သက်သာသာနဲ့ မရနိုင်သေးဘူး။ နောက်တစ်ခု အင်တာနက်က တော်တော်နှေးနေသေးတယ်။ အင်တာနက် ဆက်သွယ်မှု နှေးတာရယ်၊ တပ်ဆင်ခဈေးကြီးနေသေးတာရယ်၊ တပ်ဆင်ဖို့ ခက်တာရယ်၊ ဒီကိစ္စတွေ မရတဲ့အတွက်ကြောင့် အင်တာနက် လွတ်လပ်ခွင့် မရသေးပါဘူးလို့ ပြောမယ်ဆိုရင်လည်း ပြောလို့ ရပါတယ်”ဟု ဆိုပါသည်။

အဆိုပါ အင်တာနက် ရန်သူစာရင်းထဲတွင် တရုတ်၊ အီရန်၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဘော်ဒီအာရေးဗီးယား၊ ဆီးရီးယား၊ တာ့စ်မင်နစ္စတန်၊ ဥဇဘက် ကစ္စတန်နှင့် ဗီယက်နမ်တို့လည်း ပါဝင်နေကြောင်း သိရသည်။ အင်တာနက်မှ သတင်းအချက်အလက်များ စောင့်ကြည့်ခံရသည့် နိုင်ငံများတွင် သြစတြေးလျ၊ အီဂျစ်၊ ပြင်သစ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ မလေးရှား၊ ရုရှား၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း၊ တူနီးရှား၊ တူရကီနှင့် အမေရိကန်တို့လည်း ပါဝင်နေသည်ဟု ဆိုသည်။

ယင်းသတ်မှတ်ချက်များကို အင်တာနက်တွင် အကြောင်းအရာများကို ကြည့်ရှုခွင့် ပိတ်ထားခြင်း၊ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ သတင်းစား ဆရာများနှင့် ဘလော့ဂါများကို နှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်း စသည်တို့ကို  ပြုလုပ်ခြင်းများအပေါ် ကြည့်ရှုကာ သတ်မှတ်ခြင်း ဖြစ်သည်။ ပြည်တွင်း၌ အင်တာနက် လွတ်လပ်ခွင့်အား နှစ်အတန်ကြာ ပိတ်ဆို့ထားရာမှ ၂၀၁၁ခုနှစ်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်များမှလွဲ၍ ဝက်ဘ်ဆိုက် တော်တော်များများအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *