အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်း တည်ဆောက်ရန် စီစဉ်ထားသည် မဂ္ဂါဝပ် ၂၀၈၀ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုအား ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်သည်ဟု Business Standard သတင်းစာ၏ ဖော်ပြချက်အရ သိရသည်ဟု ဆိုသည်။ ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ဓါတ်အားပေး စက်ရုံနှစ်ခုမှာ မဂ္ဂါဝပ် ၁၂၀၀ထွက်ရှိမည့် ထမံသီ ဓါတ်အားပေးစက်ရုံနှင့် မဂ္ဂါဝပ် ၈၈၀ထွက်ရှိမည့် ရွေစာရံ ဓါတ်အားပေး စက်ရုံတို့ ဖြစ်ကြသည်။
“စီးပွားရေးအရလည်း တွက်ခြေမကိုက်တဲ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် ဒီစီမံကိန်းနှစ်ခုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယာယီ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ အမျိုးသားရေအားလျှပ်စစ်ကော်ပိုရေးရှင်း (NHPC)မှ အကြီးတန်း အမှုဆောင်တစ်ဦးကလည်း ယခုသတင်းကိုအတည်ပြုခဲ့ပြီး ယခုစီမံကိန်းများသည် NHPC၏ အကျိုးအမြတ် တစ်စုံတစ်ရာထက် နှစ်နိုင်ငံ အကြား စီးပွားရေး ဆက်ဆံမှုများ ပိုမိုခိုင်မာလာစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ ဒေလီမြို့ရှိ မြန်မာသံရုံးမှ အရာရှိ တစ်ဦးကလည်း စီမံကိန်းရွေ့ဆိုင်းခြင်းနှင့် ပတ်သက်၍ အတည်ပြု ပြောကြားခဲ့ပါသည်။
NHPCနှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ်ဌာနတို့သည် နားလည်မှုစာချွန်လွှာကို ၂၀၀၈ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းဖြစ်မြောက်အောင် ပြုလုပ်နိုင်ရန်အတွက် လေ့လာမှုများ ပြုလုပ်ရန် သဘောတူညီထားခဲ့သည်။ ထမံသီ စီမံကိန်းကို ဆွစ်ဇာလန်နိုင်ငံမှ Colenco Power Engineeringကုမ္ပဏီမှ တည်ဆောက်ရန် ပြင်ဆင်နေခြင်း ဖြစ်ပြီး ရွေစာရံ စီမံကိန်းကိုမူ ဂျပန်နိုင်ငံမှ Kansai Electric Powerကုမ္ပဏီမှ တည်ဆောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အလားအလာမှာ မဂ္ဂါဝပ် တစ်သိန်းကျော်ရှိပြီး မဂ္ဂါဝပ် ၃၉၀၀၀ထုတ်လုပ်နိုင်ရန်အတွက် လေ့လာပြင်ဆင်လျက် ရှိသည်။ ယခု ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုမှာ ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းများ ဖြစ်ကြောင်း သိရသည်။