မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ ရာထူး လွှဲပြောင်း ရယူချိန်တွင် အာဆီယံ ဆောင်ပုဒ် (Theme)ကို ကြေညာရမည် ဖြစ်ရာ ယင်းဆောင်ပုဒ်ကို အာဆီယံ စီးပွားရေး အသိုက်အဝန်းအား အထောက်အကူ ပြုသည့် စကားရပ်များကို အသုံးပြုရေးသားမည် ဖြစ်ကြောင်း၊ ယင်းဆောင်ပုဒ်အပြင် အမှတ်တံဆိပ် (Logo)ကိုလည်း တစ်ခါတည်း ဖြစ်ရအောင် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်လင်းက ပြောကြားသည်ဟု သိရသည်။
အောက်တိုဘာလ ၉ရက်နေ့နှင့် ၁၀ရက်နေ့၌ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံရယူချိန်၌ အဆိုပါ ဆောင်ပုဒ်ကို ကြေညာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံ၏ အာဆီယံ ဆောင်ပုဒ်မှာ “Our People, Our Future Together” ဖြစ်သည်။
ယင်း၏ ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့တွင် ပိုမို ပူးပေါင်း ဆောင်ရွက်ရေးနှင့် အာဆီယံနိုင်ငံများ၏ အနာဂတ်သည် ယင်းနိုင်ငံများ၏ အတူတကွ ပူးပေါင်း လုပ်ဆောင်မှုနှင့် ဒေသတွင်း ဖံွ့ဖြိုးတိုးတက်ရေး ခိုင်မာနိုင်ရန် လုပ်ဆောင်မှုများတွင် မူတည်ရမည်ဟူသော ရည်ရွယ်ချက်များဖြင့် ရေးသား ထားခြင်း ဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံက ကြေညာထားသည်။
၁၉၉၇ခုနှစ်တွင် အာဆီယံ အသင်းဝင် ဖြစ်ခဲ့သော မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ၂၀၁၄ခုနှစ်တွင် ပထမဆုံးအကြိမ် ရယူမည် ဖြစ်သည်။