ကိုရီးယားရောက် မြန်မာများ ကွမ်းတံတွေးတွေ တွေ့ကရာထွေးခြင်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုအား တားဆီးရန် “ကွမ်း”ကမ်ပိန်း (Campaign)ကို စက်တင်ဘာလ ၁ရက်နေ့တွင် ဘူဖျောင်းမြို့၌ နံနက် ၁၁နာရီမှ ညနေ ၄နာရီအထိ နှစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွမ်းကမ်ပိန်းကို ကွမ်းတံတွေးကြောင့် ပြင်ပတွင် မညစ်ပတ်စေရန်၊ ကျန်းမာရေးအသိမြင့်မားလာစေရန်၊ မြန်မာအချင်းအချင်း မိတ်ဆွေချင်း အသိပညာပေးခြင်းဖြင့် အမျိုးသားဂုဏ်မြှင့်တင်စေရန် ကိုရီးယားလူနေမှုစနစ်နှင့် လိုက်လျောညီထွေ နေထိုင်နိုင်စေရန်နှင့် မည်သည့်နေရာတွင်မဆို အကျင့်ကောင်းများ ရရှိနေထိုင်တတ်စေရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့ရှိ မြန်မာစင်တာမှ သတင်းထုတ်ပြန်ခဲ့သည်။
“အကြိုလှုပ်ရှားမှုများကို စတင်နေပြီဖြစ်ပြီး အွန်လိုင်းမှ လှုံဆော်လျက် ရှိပါတယ်။ ကွမ်းတံတွေး ညစ်ပတ်နေတဲ့ မြင်ကွင်းတွေလည်း မှတ်တမ်းရယူထားပြီး ဖြစ်ပါတယ်။ ကွမ်းကမ်ပိန်း လှုပ်ရှားမှုများကို ဓာတ်ပုံ၊ ရုပ်သံအပြည့်အစုံ ရိုက်ကူးထားမှာ ဖြစ်ပြီး အားလုံးသိအောင် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်”ဟု မြန်မာစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကမ်ပိန်းလုပ်ဆောင်ရာတွင် အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပထမဆင့်အနေဖြင့် စက်တင်ဘာလတွင် ပတ်ဝန်းကျင် မညစ်ညမ်းရေးအတွက် အသိပေးခြင်း၊ ပညာပေးခြင်းနှင့် ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ ဒုတိယဆင့်အဖြစ် ကွမ်းစားသုံးမှု၊ ကွမ်းရောင်းချမှုများအား လျှော့ချခြင်းများကို အောက်တိုဘာလတွင်လည်းကောင်း၊ တတိယဆင့်အဖြစ် ကွမ်းစားသုံးမှု ချုပ်ငြိမ်းစေရန် ဒီဇင်ဘာလတွင်လည်းကောင်း၊ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကွမ်းစားသည့် အလေ့အထ တစ်နေ့တစ်ခြား တိုးပွားလာပြီး စည်းကမ်းမရှိ ကွမ်းတံတွေး ထွေးခြင်းများ၊ တစ်နေ့တစ်ခြား ဆိုးရွားလာနေသော မြန်မာနိုင်ငံတွင်လည်း ထိုသို့သော ကွမ်းကမ်ပိန်းများ လုပ်ဆောင်နိုင်လျှင် ကောင်းမည်ဟု ထင်မြင်မိပါသည်။ ကွမ်းစားသူများသည် လမ်းသွားရင်းလည်း ကွမ်းတံတွေးထွေးသည်။ ကားစီးရင်းလည်း ကားပေါ်က ထွေးချသည်။ အဆောက်အအုံ နံရံများတွင် ထွေးသည်။ အဆောက်အအုံ ထောင့်ချိုးများ၊ လှေကားရင်းများတွင် ထွေးသည်။ ကွမ်းတံတွေး မထွေးရ စာကပ်ထားလည်း ထွေးသည်။
တစ်ခါက ဖတ်လိုက်ရသည်။ နိုင်ငံခြားတွင် မြန်မာများနေသော အဆောက်အအုံတွင် ကွမ်းတံတွေးများနှင့် ညစ်ပတ်ပေကျံနေသည်ဟု ဆိုသည်။ မြန်မာတွေ စည်းကမ်းမရှိတာ ပေါ်လွင်နေသည်။ အများအမြင်တွင် ရှက်စရာလည်း ကောင်းပါသည်။ ကွမ်းစားသည့် အလေ့အထ ပျောက်ပါမှ ထိုသို့ စည်းကမ်းမရှိမှုများလည်း ပျောက်မည် ထင်ပါသည်။ ကွမ်းယာသည် အရက်တို့ ဆေးလိပ်တို့ကဲ့သို့ပင် လူတွေကို စွဲလမ်းစေတတ်သော အရာတစ်ခုပင် ဖြစ်သဖြင့် ကွမ်းစားသည့် အလေ့အထ ပျောက်အောင် လုပ်ရန်မှာလည်း လွယ်ကူသည့် အလုပ်တစ်ခုတော့ မဟုတ်ပါ။
သို့ရာတွင် မိမိရပ်ရွာ ပတ်ဝန်းကျင် သန့်ရှင်းလှပစေလိုသော အသိစိတ်ဓာတ်ဖြင့် တစ်ဦးချင်း တစ်ယောက်ချင်းမှစ၍ ရပ်ကွက်ကျေးရွာ အခြေခံပြီး အဆိုပါ ကွမး်ကမ်ပိန်း လှုပ်ရှားမှုမျိုး လုပ်ဆောင်သွားနိုင်မည် ဆိုပါက အတိုင်းထက်အလွန် ဖြစ်ပါလိမ့်မည်။ ကွမ်းယာဆိုင်များကမူ သူတို့ ဈေးကွက်ပျက်သည်ဟူ၍ ဆန္ဒထုတ်ဖော်လိမ့်မည် ထင်ပါသည်။
စည်းကမ်းဆိုတာမိမိကိုယ်ကိုမိမိကတာဝန်ယူခြင်းဟုဖတ်ရဘူးပါသည်။