ကမ္ဘာပေါ်ရှိ သစ်တောများမှ နှစ်စဉ် စတုရန်းမီတာ နှစ်သောင်းမှ သုံးသောင်းအထိ ပျက်စီးနေပြီး မြန်မာနိုင်ငံ၌ နှစ်စဉ် သစ်တောဧက ကိုးသိန်းကျော် ပျက်စီးနေကြောင်း သစ်တော ပညာရှင် ဦးအုန်းက ပြောကြားသည်ဟု သိရသည်။ ရွေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ အောက်တိုဘာ ၆ရက်က ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီနှင့် အတိုင်ပင်ခံ အကြံပေး ပညာရှင်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကမ္ဘာမြေရဲ့ ၃၀ရာခိုင်နှုန်းဟာ စိန်းလန်းတဲ့ သစ်တောတွေနဲ့ ဖုံးလွှမ်းထားပါတယ်။ စတုရန်းမီတာ သန်းပေါင်း ၄၀၀ ရှိပါတယ်။ ဒီတောတွေဟာ နှစ်စဉ် စတုရန်းမီတာ နှစ်သောင်း ကနေ သုံးသောင်းအထိ ပျက်စီးနေပါတယ်။ မြန်မာနိုင်ငံက နှစ်စဉ် ဧက ကိုးသိန်းကျော် ပျက်စီးနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုကဲ့သို့ သစ်တောများပြုန်းတီးလာမှုကြောင့် ကမ္ဘာ့နှလုံးသား ဖြစ်သော မိုးသစ်တောများမှာ လူတို့၏ ပယောဂကြောင့် ပျက်စီးနေရခြင်း၊ အစာမဝသော နိုင်ငံ၊ အစာမရသောနိုင်ငံများ ဖြစ်လာရခြင်း၊ လောင်စာဆီ ကျောက်မီးသွေးအပါအဝင် အသုံးများလာခြင်း၊ လောင်စာဆီ သုံးစွဲမှု ပို၍လိုအပ်လာခြင်း၊ စံချိန်တင်ရလောက်အောင် မိုးခေါင်ရေရှားပြီး စိုက်ပျိုးသီးနှံများ ပျက်စီး ဆုံးရှုံးရခြင်း၊ မဖွံ့ဖြိုးသေးသော နိုင်ငံများတွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ရွေ့ပြောင်း ရသူဒုက္ခသည်များ တိုး၍လာခြင်း စသည့် ဆိုးကျိုးများကို ရင်ဆိုင်နေရကြောင်း သိရသည်။
ထိုသို့ သစ်တောများ ပြုန်းတီးရသည်အထိ အလွန်အကျွံ ခုတ်ယူကြသောကြောင့် မြစ်ရေ၊ ချောင်းရေများ ခန်းခြောက်လာပြီး ကမ္ဘာတစ်ဝန်းတွင် ရေကြောင့် ဒုက္ခရောက်နေသော လူဦးရေမှာ ၁၉၉၅ခုနှစ်တွင် သန်းပေါင်း ၂၈၀၀ခန့် ရှိခဲ့ပြီး ၂၀၂၅ခုနှစ်တွင် သန်းပေါင်း ၆၉၀၁ အထိ ရှိလာနိုင်သောကြောင့် ရေကို ချွေတာသုံးစွဲရမည် ဖြစ်ကြောင်း သစ်တောပညာရှင် ဦးအုန်းက ပြောကြားသည်။
ထို့ကြောင့် လူတိုင်း ကိုယ်နှင့် တစ်ပိုင်တစ်နိုင် တတ်နိုင်သမျှ သစ်ပင် ၁၀၀၀ အနည်းဆုံး ရှင်နိုင်အောင် စိုက်ပျိုးခြင်းဖြင့် ပျက်စီးယိုယွင်းနေသော ဒေသ၊ တိုင်းပြည်နှင့် ကမ္ဘာကြီးကို ပို၍ ပျက်စီးမသွားအောင ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်ဟု သိရသည်။