Opinion

အလှူရေစက် လက်နဲ့မကွာ တို့မြန်မာ

ကိုဘအေးတို့မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပေးကမ်းမှုအရက်ရောဆုံးစာရင်းမှာ အမေရိကန်နိုင်ငံ ပြီးရင် ဒုတိယနေရာမှာ ကနေဒါ၊ နယူးဇီလန်တို့နဲ့အတူ သတ်မှတ်ဖေါ်ပြခံခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ ပေးကမ်းမှုရက်ရောတယ်ဆိုလို့ ချမ်းသာတဲ့နိုင်ငံတစ်ခုတော့မဟုတ်ပါဘူး။ လက်ရှိစာရင်း ဇယားတွေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တစ်ဦးချင်း၀င်ငွေ အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး တော့ အာရှမှာတော့ အာဖဂန်နစ္စတန်ပြီးရင် အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံကို အမှတ်ပေးတဲ့နေရာမှာ သူစိမ်းတစ်ရံစာများကို ကူညီမှုအတွက် ၄၆ ရာခိုင်နှုန်း၊ အခမဲ့ လုပ်အားပေးခြင်းအတွက် ၄၃ ရာခိုင်နှုန်းနဲ့ ငွေကြေးလှူဒါန်းမှုအတွက် ၈၅ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ယောက်မှာ ၉ ယောက်က မိမိကိုယ်မိမိ ဗုဒ္ဓဘာသာအဖြစ် သတ်မှတ်ကြပြီး စစ်တမ်းကောက်ယူရာမှာ ၅ ယောက်မှာ ၄ ယောက်ဟာ ၎င်းတို့ အနေနဲ့ တစ်လအတွင်း အနည်းဆုံးငွေကြေးလှူဒါန်းမှု တစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖြေဆိုကြတယ်တဲ့။

ဒီစစ်တမ်းကို ဗြိတိန်နိုင်ငံအခြေစိုက် Charities Aid Foundation အဖွဲ့အစည်းတစ်ခုက ကောက်ယူ ခဲ့တာ ဖြစ်ပြီး တိုက်ကြီးခြောက်တိုက်မှာ ရုံးခွဲတွေဖွင့်လှစ်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်အတွက် ရက်ရောစွာပေးကမ်းမှုအခြေအနေကို တိုင်းတာရာမှာ နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး လူစိမ်းများအား အကူအညီပေးမှု၊ ငွေကြေး လှူဒါန်းမှုနှင့် အခမဲ့လုပ်အားပေးမှုအခြေအနေများပေါ် မူတည်ပြီး တိုင်းတာထားတာလို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်အတွက် ရက်ရောစွာပေးကမ်းမှု အခြေပြဇယား (World Giving Index) ကို Charities Aid Foundation အဖွဲ့က ထုတ်ပြန်ခဲ့ရာမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဒုတိယရက်ရောမှုအရှိဆုံး နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လို့ ရက်ရောမှုအရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတာကိုတော့ ဘာမှမပြောလိုပါ။ တချို့က ချမ်းသာပေမယ့် အလှူအတန်းနည်းတဲ့သူ တစ်နည်း အားဖြင့် ကပ်စေးနည်းတဲ့လူတွေတော့ ရှိတာပေါ့နော်။ ကိုဘအေးတို့မြန်မာနိုင်ငံကတော့ ကမ္ဘာမှာဆင်းရဲ တဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာပါ။ ဒါပေမယ့် မြန်မာတိုင်းရင်းသားတွေဟာ ”တမူးရလို့ တပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား”ဆိုတဲ့ သံချပ်လေးလိုပဲ မရှိလို့မလှူ မလှူလို့မရှိဆိုတာ မဖြစ်ရဘူးဆိုတဲ့ ဝါဒကို စွဲကိုင်ထားကြတဲ့သူတွေပါ။ ဘာသာတရားကလည်း အလှူဒါနကို ဦးစားပေးတဲ့ ဘာသာတရား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အလှူအတန်းတွေဟာ ဆယ့်နှစ်လရာသီ တစ်နှစ်ပတ်လုံးရှိနေတာပါ။ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီဟာ ပွဲတော်တွေနဲ့ပြည့်နေပါတယ်။

မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များနှင့် ပတ်သက်ပြီး ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော် ကင်း၀န်မင်းကြီးက ”အတာတန်ခူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္ဇင်းတော်ခံ စာရေးတံနှင့် မြစ်ယံ ပွဲကြီး၊ ဆီမီးထွန်းချိန် ၊ ကထိန်နတ်ကျင်း၊ မြင်းခင်းဆင်ယင်၊ သဘင်မီးပုန်း၊ လူလုံးသဲပုံ၊ စေ့စုံကျင်းပ ဆယ့်နှစ်လ မှတ်ကြရာသီပွဲ”ဆိုပြီး လွယ်ကူစွာ မှတ်သားသိရှိနိုင်ဖို့ ကဗျာလင်္ကာဖွဲ့ဆိုခဲ့တယ်။ တန်ခူး လမှာ သင်္ကြန်ပွဲတော်၊ ကဆုန်လမှာ ညောင်ရေသွန်းပွဲတော်၊ နယုန်လမှာ ရဟန်းသံဃာတော်များရဲ့ စာပြန်ပွဲတော်၊ ဝါဆိုလမှာ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ဝါခေါင်လမှာ စာရေးတံမဲပွဲ၊ တော်သလင်းလမှာ လှေသဘင်ပွဲ၊ သီတင်းကျွတ်လမှာ ဆီမီးပူဇော်ပွဲ ၊ တန်ဆောင်မုန်းလမှာ ကထိန်သင်္ကန်းကပ်လှူပွဲ၊ နတ်တော်လမှာ စာဆိုတော်ပွဲ၊ ပြာသိုလမှာ မြင်းခင်းသဘင်ပွဲ၊ တပို့တွဲလမှာ ထမနဲပွဲ၊ တပေါင်းလမှာ သဲပုံစေတီပွဲတွေကို လစဉ်အမြဲ မြို့ပြကစလို့ ကျေးလက်တောရွာအဆုံး ၊ ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြုလုပ်ကြ တာဖြစ်ပါတယ်။

အဲဒီဆယ့်နှစ်ရာသီပွဲတော်တွေထဲမှာ အလှူဒါနနဲ့မပတ်သက်တာဆိုရင် တော်သလင်းလ လှေသဘင်ပွဲနဲ့ ပြာသိုလ မြင်းခင်းသဘင်ပွဲတွေလို့ ဆိုရပါမယ်။ ဒါပေမယ့် ဒီပွဲတွေဟာ အခုခေတ်မှာတော့ မရှိတော့ပါဘူး။ တော်သလင်းလဟာ ဝါဆို၊ ဝါခေါင်၊ တော်သလင်းဆိုတဲ့ ဝါတွင်းသုံးလထဲမှာ ပါတာမို့ အလှူပွဲတွေကတော့ ရှိနေတာပါ။ ဝါ၀င်လို့ ရဟန်းသံဃာတွေ ဝါဆိုပြီဆိုတာနဲ့ ဝါဆိုသင်္ကန်းတွေ ကပ်လှူ ကြတယ်။ စာသင်ကျောင်းတွေ၊ ရုံးတွေ၊ ဌာနတွေ ၊ အဖွဲ့အစည်းတွေအလိုက် ဝါဆိုသင်္ကန်းကပ်ကြတယ်။ တစ်ဦးချင်းအနေနဲ့လည်း ဝါဆိုသင်္ကန်းကပ်ကြတယ်။ ဝါတွင်းသုံးလစလုံးမှာ ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ ဓမ္မာရုံတွေ ၊ ဆွမ်းလောင်းအသင်းတွေကနေ သံဃာတော်တွေကို အရုဏ်ဆွမ်းလောင်းလှူ ကြတယ်။ ရက်သတ္တပတ်လုံး သူ့နေ့နဲ့သူ အရုဏ်ဆွမ်းလောင်းကြတယ်။ ဝါကျွတ်ပြီဆိုတော့ ဆွမ်းသိမ်း အောင်ပွဲတွေကို ရပ်ကွက်တွေ၊ လမ်းတွေမှာ ခြိမ့်ခြိမ့်သဲသဲ ပြုလုပ်ကြတယ်။ တချို့ဓမ္မာရုံတွေမှာဆိုရင် ဝါပမှာတောင် အပတ်စဉ်ဆွမ်းလောင်းကြပါတယ်။

သီတင်းကျွတ်ကျတော့ မိုးလေကင်းလွတ်ပြီမို့ ပွဲလမ်းသဘင်တွေ ပိုပြီးစည်စည်ကားကားပြုလုပ် ကြတယ်။ မီးပူဇော်ပွဲတွေ ၊ ဆရာကန်တော့ပွဲတွေ ကျင်းပကြတယ်။ မြန်မာတို့ရဲ့ အလှူဒါန သရုပ် သကန်ကို အထင်ရှားဆုံးဖြစ်စေတာက တန်ဆောင်မုန်းလ ကထိန်ခင်းတဲ့ပွဲတော်တွေပဲဖြစ်ပါတယ်။ ဘုံကထိန်ဆိုတဲ့အတိုင်း အများအလှူနဲ့ကျင်းပတဲ့ ကထိန်ပွဲဟာ ရပ်ကွက်တိုင်း၊ လမ်းတိုင်း၊ ဆိုက္ကားဂိတ် ကအစ ၊ အစိုးရဌာန ရုံးကြီးတွေ၊ ဈေးကြီးတွေပါ ကထိန်ခင်းမဲ့ ဘုန်းကြီးကျောင်းကို ပဒေသာပင်တွေ နဲ့ လှည့်လည်ပို့ကြတာ အလွန်ပဲစည်ကားလှပါတယ်။ တန်ဆောင်တိုင်တုန်းကဆိုရင် လမ်းတိုင်းမှာ စတုဒီသာကျွေးကြတာ အရမ်းပျော်စရာကောင်းတယ်။ ထမင်းကျွေးတဲ့လမ်းကကျွေးတယ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲစသဖြင့် မုန့်တွေကျွေးတဲ့လမ်းကကျွေးတယ်။ ကိုဘအေးတို့လမ်းကတော့ စတုဒီသာ လှူမယ့်အိမ်တွေကို အနုပညာရှင်တွေရဲ့ နာမည်တွေကို လိုက်ပေးထားပြီးတော့ ပရိသတ်တွေကို ကူပွန် လေးတွေဝေတယ်။ မနှစ်ကတော့ ဘောလုံးသမားတွေရဲ့ နာမည်တွေ ပေးတယ်လို့ပြောတယ်။

ညနေပိုင်း မှာ အိမ်ရှေ့တွေမှာ ကိုယ်လှူမယ့်ပစ္စည်းလေးတွေ ခင်းထားပြီးတော့ ကိုယ့်အိမ်နာမည်ကျတဲ့လူတွေက ကူပွန်လေးတွေနဲ့လာထုတ်တယ်။ ဥပမာ – ကိုယ့်အိမ်က စိုင်းစိုင်းခမ်းလှိုင်ဆိုတော့ အဲဒီနာမည်နဲ့ ကူပွန်ရတဲ့သူက ကိုယ့်အိမ်လာထုတ်တယ်ပေါ့။ ခေါက်ဆွဲထုပ်တွေ၊ ကြာဇံထုပ်တွေ၊ အအေးဘူးတွေ၊ တချို့လည်း ဆန်တွေ၊ ဆီတွေလှူကြတယ်။ စတီးခွက်လေးတွေ၊ ပန်းကန်တွေ စသည်ဖြင့် တခြားပစ္စည်း တွေလှူတဲ့သူကလည်းလှူကြတယ်။ ကိုယ့်လမ်းထဲက ကလေးတွေရော၊ လူကြီးတွေရော၊ တခြားလမ်းက ကလေးတွေရော လူကြီးတွေရော၊ ပျော်ဖို့အရမ်းကောင်းပါတယ်။ ကိုယ်ရတဲ့ ကူပွန်မှာပါတဲ့ နန္ဒာလှိုင်တို့ သက်မွန်မြင့်တို့စသဖြင့်ပေါ့။ အိမ်ရှေ့မှာ ကဒ်ပြားလေးတွေမှာရေးပြီး ဆိုင်းဘုတ်ချိတ်ထားတာကိုလိုက်ရှာပြီး လှူတဲ့ပစ္စည်းတွေကို လိုက်ထုတ်ရတာ။

ကိုဘအေးတို့ဆီမှာ အလှူအတန်းတွေက တစ်နေရာမဟုတ်တစ်နေရာ ၊ တစ်ခုမဟုတ်တစ်ခု အမြဲရှိနေတတ်တာပါ။ အလှူခံလာရင်လည်း သိသိ၊ မသိသိ ၅၀၊ ၁၀၀ တော့ အနည်းဆုံးလှူကြတာပဲ။ မယ်သီလရှင်တွေလာရင်လည်း ဆန်လောင်းတဲ့အခါလောင်း၊ ပိုက်ဆံပဲလှူတဲ့အခါလည်းလှူပေါ့။ အိမ်မှာ လည်း နေ့စဉ်ဆွမ်းခြွံကတဲ့ကိုယ်တော်တွေကို ဆွမ်းလောင်းတာလည်း အလှူတစ်ခုပဲမဟုတ်လား။ ဒါက ကိုယ့်အရပ်၊ ကိုယ့်ဒေသမှာ လှူကြ၊ တန်းကြတာ။ ကိုယ့်အရပ်မဟုတ်ပေမယ့် တခြားအရပ်ဒေသတွေမှာ ဘေးဒုက္ခတွေကြုံကြတဲ့အခါလည်း အသင်းအဖွဲ့အလိုက်၊ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် တတ်နိုင်သလောက် သွားရောက်ကူညီကြတယ်။ လှူဒါန်းကြတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ဆိုရင် နိုင်ငံတကာမှာ ဘေးဒုက္ခ ကျရောက်တဲ့နိုင်ငံတွေကို ကိုယ်စွမ်းသလောက်လှူဒါန်းတယ်။

ခုချိန်မှာဆိုရင် နိုင်ငံတဝှမ်းလုံးမှာ လူမှုကူညီရေးအသင်းတွေ တော်တော်များများ ပေါ်ထွက် လာတယ်။ အထူးသဖြင့်တော့ နာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်စရာ ကိစ္စအဝဝအတွက် ဘာသာလူမျိုး မရွေး အခမဲ့ကူညီကြတယ်။ လူနာတွေအတွက် အခမဲ့ဆေးဝါးတွေပေးတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဘိုးဘွားရိပ်သာတို့၊ မိဘမဲ့ပရဟိတဂေဟာတို့ဆိုတာလည်း ခိုကိုးရာမဲ့ အဘိုးအဘွားတွေ၊ မိဘမဲ့ ကလေးတွေကို စေတနာရှင်တွေရဲ့ပံ့ပိုးမှုနဲ့ စောင့်ရှောက်တဲ့နေရာတွေပဲ ဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ လမ်းတစ်လမ်းမှာ ရပ်ကွက်တစ်ခုမှာ သာရေး၊ နာရေးကိစ္စတွေရှိရင် ဝိုင်း၀န်းကူညီကြတာဟာ မြန်မာတို့ရဲ့ ချစ်စရာဓလေ့တစ်ခုပါ။ ဘယ်သူရေ၊ ဘယ်ဝါရေ လာပါဦးလို့ ခေါ်စရာမလိုပါ။ အရေးအကြောင်းရှိရင် ဝိုင်း၀န်းကူညီတတ်တဲ့သူတွေပါ။

အချုပ်ပြောရရင်တော့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ ဘာသာတရား ကိုင်းရှိုင်းသူတွေဖြစ် ကြပြီး ဗုဒ္ဓဘာသာလည်း ဗုဒ္ဓဘာသာအလျောက်၊ ခရစ်ယာန်လည်း ခရစ်ယာန်အလျောက်၊ အစ္စလာမ် ဘာသာ၀င်တွေကလည်း အစ္စလာမ်ဘာသာအလျောက် ၊ ဟိန္ဒူဘာသာ၀င်တွေကလည်း ဟိန္ဒူဘာသာ အလျောက် တစ်ဦးနဲ့တစ်ဦး မေတ္တာထားဖို့၊ ကိုယ်ချင်းစာတရားရှိဖို့၊ သက်ဆိုင်ရာဘာသာတရားရဲ့ အဆုံးအမအောက်မှာ ရှိကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ဦးရဲ့ ဓလေ့ထုံးတမ်းကို တစ်ဦးက လေးစားတဲ့ သူတွေဖြစ်ပါတယ်။ ဘာသာလူမျိုးမရွေး ကူညီစရာရှိရင် ကူညီကြတယ်။ ပေးကမ်းစရာရှိရင် ပေးကမ်း ကြတယ်။ အလှူရေစက်လက်နဲ့မကွာပေါ့။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံကြီးဟာ ကမ္ဘာပေါ်မှာ ဒုတိယ အရက်ရောဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတာမဟုတ်လားဗျာ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *