Business, Education

ကျောင်းစရိတ်အမြင့်ဆုံး အမေရိကန် စီးပွားရေးတက္ကသိုလ်များ

စီးပွားရေး တက္ကသိုလ်တွေကတော့ အများအားဖြင့် ကျောင်းစရိတ် ကြီးမားတတ် ကြပါတယ်။ အနောက်နိုင်ငံမှာ အဆင့်မြင့်မြင့် MBA ဘွဲ့ကိုရယူချင်ရင်တော့ တစ်နှစ်ကို ကျောင်းစရိတ် ဒေါ်လာ သောင်းချီ ကုန်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဈေးကြီးကြီး အချို့လူတွေကတော့ ပညာရေးအတွက်ဆို ရင်းနှီး ကြပါတယ်။ နိုင်ငံခြား ကျောင်းသားတစ်ယောက် အနေနဲ့ အမေရိကန်မှာ ကျောင်းလာတက်ဖို့ဆိုတာ အင်မတန် စရိတ်စက ကြီးမားလှ ပါတယ်။ ကျောင်းစရိတ်၊ စားသောက်စရိတ်၊ နေထိုင်စရိတ်တို့အပြင် ကြိုတင်တွေးမထားတဲ့ အခြားသော ကုန်ကျ စရိတ်တွေလည်း ရှိပါသေးတယ်။ ခန့်မှန်းခြေကတော့ အမေရိကန်မှာ စီးပွားရေးတက္ကသိုလ် တက်မယ်ဆိုရင် တစ်နှစ်ကို ကျောင်းစရိတ်ချည်းပဲ ဒေါ်လာခြောက်သောင်းလောက် ကုန်လိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။

၁။ Georgetown မှာရှိတဲ့ McDonough School of Business ပါ။ ကျောင်းစရိတ် ဒေါ်လာ ၅၃၆၀၀ ခန့်ရှိပြီး အခြားသော အထွေထွေ စရိတ်တွေက ဒေါ်လာသုံးသောင်း လောက်ရှိပါတယ်။

၂။ Yale School of Management ပါ။ ဒေါ်လာ ၅၇၂၀၀ ခန့်ရှိပြီးတော့ အထွေထွေ စရိတ်တွေပါ ပေါင်းရင် စုစုပေါင်း ဒေါ်လာ ၈၄၀၀၅ လောက်ရှိပါတယ်။

၃။ Kellogg, Northwestern University ပါ။ ကျောင်းစရိတ် ဒေါ်လာ ၅၉၀၈၅ ခန့်ရှိပြီး အခန်းခ ဒေါ်လာ တစ်သောင်းခွဲ၊ ကျန်းမာရေးအာမခံ ဒေါ်လာသုံးထောင်၊ စာအုပ်၊ ကွန်ပျူတာနှင့် အခြားအထွေထွေ ပစ္စည်းတွေအတွက် ဒေါ်လာနှစ်ထောင်ခန့်နှင့် အထွေထွေစရိတ်အတွက် ဒေါ်လာ ခြောက်ထောင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ စုစုပေါင်းတော့ ဒေါ်လာ ၈၇၁၉၀ ကုန်မှာပါ။

၄။ MIT Sloan School of Management ပါ။ တစ်နှစ်ကို ကျောင်းစရိတ်၊ အထွေထွေ စရိတ်တွေ စုစုပေါင်း ဒေါ်လာ ၈၈၉၄၉ ခန့်ကုန်ကျမှာပဲ ဖြစ်ပါတယ်။

၅။ နာမည်ကြီး ဟားဗတ်တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ စီးပွားရေးပညာ အတွက်တစ်နှစ်ကို စရိတ်စက ဒေါ်လာ ကိုးသောင်းကျော်လောက် ကုန်မှာပဲ ဖြစ်ပါတယ်။

၆။ ချီကာဂိုမှာရှိတဲ့ Chicago Booth ပဲဖြစ်ပါတယ်။ ချီကာဂို တက္ကသိုလ်ထဲက စီးပွားရေးကျောင်း ဖြစ်ပြီးတော့ ကျောင်းစရိတ် ဒေါ်လာ ၅၈၇၆၀၊ အခန်းခ ဒေါ်လာ၁၈၉၀၀နဲ့ အထွေထွေစရိတ် စုစုပေါင်းဆိုရင် ဒေါ်လာ ကိုးသောင်းကျော်ခန့် ကျသင့်မှာပဲ ဖြစ်ပါတယ်။

၇။ Dartmouth မှာရှိတဲ့ Tuck School of Business ဖြစ်ပါတယ်။ ကျောင်းစရိတ် အပါအ၀င် စရိတ်စက စုစုပေါင်း ဒေါ်လာ ၉၂၃၁၈ခန့် ကုန်ကျမှာပဲ ဖြစ်ပါတယ်။

၈။ Columbia Business School ဖြစ်ပါတယ်။ ကျောင်းစရိတ်ချည်းပဲ ဒေါ်လာခြောက်သောင်းကျော်ခန့် ကုန်ကျမှာ ဖြစ်ပြီးတော့ စုစုပေါင်း ကုန်ကျစရိတ် ဒေါ်လာ ကိုးသောင်းသုံးထောင်ကျော်ခန့် ကုန်ကျမှာပဲ ဖြစ်ပါတယ်။


၉။ စတန်းဖို့ဒ် ယူနီဗာစတီ ဖြစ်ပြီးတော့ Standford Graduate School of Business ဖြစ်ပါတယ်။ ဘွဲ့လွန်ဒီကရီ၊ ဒီပလိုမာတွေလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ကျောင်းစရိတ်၊ အထွေထွေစရိတ် စုစုပေါင်းဒေါ်လာ ၉၃၈၆၆ ခန့်ကုန်ကျမှာ ဖြစ်ပါတယ်။


၁၀။ Wharton, University of Pennsylvania ဖြစ်ပြီးတော့ အတော်လေး ဈေးကြီးပါတယ်။ ကျောင်းစရိတ် ဒေါ်လာ၆၄၈၂၈၊ အခန်းခ ဒေါ်လာ၂၂၄၉၅၊ ကျန်းမာရေး အာမခံနဲ့ စာအုပ်၊ ကွန်ပျူတာကြေး၊ အထွေထွေကြေး ဒေါ်လာ ခြောက်ထောင် အပါအ၀င် စုစုပေါင်း ကုန်ကျစရိတ်က တစ်နှစ်ကို ဒေါ်လာကိုးသောင်း ခုနစ်ထောင်ခန့် ကုန်မှာ ဖြစ်ပါတယ်။

၁၁။ NYU Stern ဖြစ်ပါတယ်။ နယူးယောက်မှာ ရှိပြီးတော့ ကျောင်းစရိတ်၊ လူနေမှုစရိတ် အပါအ၀င် စုစုပေါင်း တစ်နှစ်ကို ဒေါ်လာတစ်သိန်းနီးပါး ကုန်ကျမှာပဲဖြစ်ပါတယ်။

Ref: www.businessinsider.com/most-expensive-business-schools-2013-7#1-nyu-stern-11

Leave a Reply

Your email address will not be published. Required fields are marked *