ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC)တွင် ကျင်းပပြုလုပ်သည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ တက်ရောက်လာသော သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက သမိုင်းကို ဖျောက်ပစ်၍ မရပဲ အားနည်းချက်များကို အားသာချက် ဖြစ်အောင် လုပ်ရန်မှာ လူသားများ၏ တာဝန်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု သိရသည်။
“သမိုင်းကို ဖျောက်လို့ မရဘူး။ အဲဒီသမိုင်းက အားနည်းချက်တွေကို ဖော်ထုတ်ပြီး အားသာချက်တွေ ဖြစ်အောင် လုပ်ဖို့က လက်ရှိ လူသားတွေရဲ့ တာဝန်ဖြစ်တာပေါ့”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီး ဦးအောင်မင်းသည် ရှစ်လေးလုံး ငွေရတု အခမ်းအနားတွင် ပြသထားသော ပြခန်းများအား လိုက်လံကြည့်ရှုပြီး နိုင်ငံရေး အကျဉ်းသားများ လွှတ် ပြခန်းတွင် “အောင်မြင်ကြပါစေ”ဟု ရေးသား လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
ထို့အပြင် ဝန်ကြီး ဦးအောင်မင်းက ရှစ်လေးလုံး အခမ်းအနားအတွက် ငွေကျပ် ၁၀သိန်းနှင့် ဝန်ကြီး ဦးအုန်းမြင့်က ငွေကျပ် ငါးသိန်း လှူဒါန်းခဲ့သည်ဟု ဆိုသည်။ “ဝန်ကြီးလာပြီးတော့ နိုင်ငံရေး အကျဉ်းသားလွှတ် ဆိုတဲ့ နေရာမှာ လက်မှတ်ရေးထိုးသွားတာကို ကျေးဇူးတင်ပါတယ်”ဟု ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက ပြောကြားခဲ့သည်။
ဦးအောင်မင်းသည် မြန်မာကွန်ဗင်းရှင်း စင်တာတွင် ဆွေးနွေးလျက် ရှိသော ဆွေးနွေးပွဲများသို့လည်း သာမန်အရပ်သားများ နေရာမှ တက်ရောက်ခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု ဆွေးနွေးပွဲတွင် ဝင်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။ ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ နေ့စဉ် ပြည်တွင်း ပြည်ပမှ တက်ရောက်သူ ထောင်ဂဏန်းအထိ ရှိပြီး သြဂုတ်လ ၈ရက်နေ့တွင် ကျင်းပမည့် အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်သည်ဟုလည်း သိရပါသည်။
ရှစ်လေးလုံး အရေးတော်ပုံသည် မြန်မာ့နိုင်ငံရေးကို အလှည့်အပြောင်းတစ်ခု ဖြစ်စေပြီး နိုင်ငံသမိုင်းတွင် ဝမ်းနည်းကြေကွဲဖွယ်ရာများ၊ စက်ဆုပ်ကြောက်ရွံ့ဖွယ်ရာများဖြင့်သာ မှတ်ကျောက်တင်ခဲ့ရပြီး ပြည်သူတွေ လိုလားသော ဒီမိုကရေစီ အခွင့်အရေးများ ထပ်မံ ပျောက်ဆုံးခဲ့ရပါသည်။ သမိုင်းဆိုသည်မှာ ဖျောက်ပစ်၍ မရသကဲ့သို့ မေ့ထား၍လည်း မရသည့် အရာဖြစ်ပါသည်။ သို့ရာတွင် ထိုသမိုင်းထဲမှပင် သင်ခန်းစာ ယူ၍ အနာဂတ်ကို မည်သို့ ရှေ့ဆက်သွားရမည် ဆိုသည်မှာ လက်ရှိ အုပ်ချုပ်သူများနှင့် ပြည်သူများ အားလုံး တာဝန်ပင် ဖြစ်ပါကြောင်း သိနားလည်မိပါသည်။